ဇဝန၊ ဆရာတော် ဘဒ္ဒန္တ (သာသနာ့ဂုဏ်ရည်)

သက်တော် (၇၃) နှစ်၊ ဝါတော် (၅၃) ဝါ၊ ခြောက်ထပ်ကြီးဘုရားတိုက်၊ သာသနာ့ဂုဏ်ရည်ကျောင်း ဆရာတော်ကို မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အိမ်သစ်ကျေးရွာနေ ခမည်းတော် (ဦးစိန်မြ)၊ မယ်တော် (ဒေါ်ချစ်ခိုင်) တို့က မွေးဖွားခဲ့ပြီး၊ မွေးချင်း ၅ ယောက်အနက် တတိယ သားရတနာ ဖြစ်သည်။ မြန်မာသက္ကရစ် ၁၃၀၀ပြည့်နှစ်တွင် မွေးဖွားသန့်စင်ခဲ့သည်။ ငယ်နာမည်မှာ မောင်စိုးဝင်း ဖြစ်ပြီး၊ ငယ်စဉ်ကပင် ရှင်ဇဝနဘွဲ့ဖြင့် ကိုရင်ဝတ်ခဲ့သည်။


၁၃၂၀ ခုနှစ်တွင် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပြီး မန္တလေးမြို့တွင် စာဝါလိုက်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး၊ သာသနာဂုဏ်ရည် ကျောင်းတိုက်တွင် နိုင်ငံတော် သံဃနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တ အာဒိစ္စရံသီ ထံတွင် ပဋိပတ္တိစာဝါများ လိုက်ကာ ၎င်းကျောင်းမှာပင် သီတင်းသုံးခဲ့သည်။


ဆရာတော်ကြီး ဘန္ဒန္တ အာဒိစ္စ ပျံလွန်တော်မူပြီးနောက် သာသနဂုဏ်ရည်ကျောင်း၏ ကျောင်းထိုင် ဆရာတော်အဖြစ် ဆက်လက် သီတင်းသုံး နေထိုင်လာခဲ့သည်။ ဆရာတော်မှာ ကြည်ညိုစရာကောင်းပြီး အေးဆေးတည်ငြိမ်စွာဖြင့် နေထိုင်လေ့ရှိသည်။ သူတပါး ဝန်ထုပ်ဝန်ပိုးဖြစ်မှာ လွန်စွာစိုးရိမ်တတ်ပြီး ပျံတော်မူသည့် နှစ်အထိ ဆွမ်းခံစားသည်။ ဒကာ၊ ဒကာမများ၏ ပို့ဆွမ်းကို လက်ခံလေ့မရှိပါ။


ဆရာတာ်၏ ထူးခြားချက်မှာ ရဟန်းဘောင် ဝင်ရောက်ပြီးမှ အစိုးရ မူလတန်းကျောင်း စာအုပ်ကို သင်ယူပြီး ဥပဒေဘွဲ့ (BA, BL) ရသည်အထိ တက္ကသိုလ်ပညာကို ရယူခဲ့သူ ဖြစ်သည်။


၁၉၈၈၊ ရှစ်လေးလုံး အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး စသည့် အရေးတော်ပုံတို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ခြင်း၊ နိုင်ငံရေးသမားများ၏ သာရေး နာရေး နိုင်ငံရေး အခမ်းအနားများကို လက်ခံဆောင်ရွက်ခဲ့ခြင်းကြောင့် စစ်အစိုးရ အာဏာပိုင်များ စောင့်ကြည့်ခြင်းခံရကာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလမှာ ဆရာတော် သီတင်းသုံးတော်မူသော ကျောင်းတိုက်ကိုပါ ချိတ်ပိတ်ခြင်း ခံရသည်။


ဆရာတော်သည် ၁၉၉၀ ခုနှစ်က စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်သဖြင့် စစ်အစိုးရက ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည်။


၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလတွင် နအဖ စစ်တပ်များနှင့် လုံခြုံရေး တပ်ဖွဲ့များက ဆရာတော်၏ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်ကို ဝင်ရောက် စီးနင်းခဲ့ကြပြီး၊ ကျောင်းတိုက်ရှိ သံဃာတော်များနှင့် ခေတ္တတည်းခိုနေသူများကို ဖမ်းဆီးကာ ကျောင်းတိုက်ကိုလည်း ချိတ်ပိတ်ခဲ့ကြသည်။ သာသနာ့ဂုဏ်ရည် ဆရာတော်မှာ ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းစဉ်က သီသီလေး လွတ်မြောက်ခဲ့ရပြီး၊ ဒါယကာ ဒါယိကာမများ၏ နေအိမ်များတွင် လှည့်လည်ကာ ပင်ပန်းဆင်းရဲစွာ သီတင်းသုံး နေထိုင်ခဲ့ရသည်။ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်မှ ဖမ်းဆီးခံခဲ့ရသော သံဃာတော်များသည ် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်စဉ်တွင် ပြန်လည် လွှတ်ပေးခြင်း ခံခဲ့ရသော်လည်း၊ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်ကိုမူ ဆရာတော် ပြန်လွန်တော်မူသည့် ယခုအချိန်ထိ ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိခဲ့ပေ။


ဆရာတော်သည်လည်း ပျံလွန်တော်မူချိန် အထိ စစ်အစိုးရ၏ လိုက်လံဖမ်းဆီး နှောင့်ယှက်မှုများကြောင့် ပုန်းအောင်း နေထိုင်ခဲ့ရပြီး ဆေးဝါးကုသခံယူခွင့် ကောင်းစွာမရခဲ့သည့်အတွက် အဆုတ်ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားရင်း ဇူလိုင် ၇ ရက် ၂၀၁၁၊ ည ၈ နာရီခန့် အချိန်တွင် ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်၊ သာသနဇောတိကကျောင်း၌ ပျံလွန်တော်မူခဲ့သည်။