ဇာ
အဝတ်အစားတို့ကို လှပအောင် မွမ်းမံပေးသော ပစ္စည်း တို့တွင် ဇာသည် အပါအဝင်ဖြစ်၏။ ဇာသည် လက်ထိုးဇာ၊ စက်ပန်းဇာဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ လက်ထိုးဇာ၌ လွန်းဇာ၊ ရက်ဖောက် သို့မဟုတ် ရစ်တံဖြင့်ပြုလုပ်သော ဇာ၊ အပ်ဖျားဇာ၊ အပ်ဖြင့်ထိုးဖောက် ချုပ်လုပ်သော ဇာဟူ၍ အစားစားရှိလေ သည်။ လွန်းဇာသည် လွန်းငယ်ဖြင့် လက်တွင်ရစ်၍ ထိုးရသော ဇာဖြစ်သည်။ အလွန်လှပ၍ သေသပ်ကျစ်လျစ်သည့်အပြင် ခိုင်ခံ့ သည်။ ယင်းကို တက်တင်းဟုလည်း ခေါ်သည်။ မြန်မာအမျိုး သမီးများ၏ အပေါ်အင်္ကျီလက်ဖျားနှင့် ကိုယ်ထည်အနားတို့၌ တက်တင်းဇာကို လှပစွာတပ်ဆင်လေ့ရှိသည်။ အတွင်းခံအင်္ကျီ၊ ခေါင်းအုံးစွပ်၊ စားပွဲခင်း အစရှိသည်တို့၌လည်း တပ်ဆင်ကြ သည်။ စက်ပန်းဇာများ ပေါ်သောအချိန်၌ကား တက်တင်းဇာကို များစွာအသုံးမပြုကြတော့ချေ။ အပ်ဖျားဇာသည် ကရိုရှေးခေါ် တစ်ချောင်းထိုးဇာဖြစ်၍၊ အထက်ပါအတိုင်းပင် အသုံးပြုကြ သည်။ ကရိုရှေးဇာထိုးနည်း အပ်သည် သံအပ်ဖြစ်၍ ထိပ် ၌ချိတ်တွယ်ရန် ကောက်ထား၏။ အပ်ဖြင့် ထိုးဖောက်ချုပ်လုပ် သော ဇာသည်ကား အပ်ခြည်တမျှင်တည်းဖြင့် ပြုလုပ်ထားသော ဇာနုတစ်မျိုးဖြစ်သည်။ ဇာဖျင် သို့မဟုတ် ပိုက်ဇာကို အောက် ခံထားပြီးလျှင်၊ နှစ်သက်ရာပုံစံများကို ချုပ်အပ်ရိုးရိုးဖြင့် ထိုး ဖောက်ချုပ်လုပ်ယူရ၏။ အချို့ဇာများကို ပိတ်သားပေါ်၌ ထိုး ထားသဖြင့် ပိတ်ဇာဟုလည်းခေါ်၏။ တစ်ဖန် အပ်ရှည်ရှည်နှစ် ချောင်းဖြင့် ထိုးရသော နှစ်ချောင်းထိုးဇာဟူ၍လည်း ရှိသေး သည်။ ယင်းတို့ကို များသောအားဖြင့် ခေါင်းအုံးစွပ်၊ အိပ်ရာ ခင်းအစရှိသည်တို့၌ အသုံးပြုကြ၏။ သိုးမွေးခြည်မျှင်ဖြင့် ထိုး သော နှစ်ချောင်းထိုး ဇာကား 'နစ်တင်း'ဟု ခေါ်သည်။ ပိုးခြည် ဖြင့် ပိုးဇာဖျင်ပေါ်တွင် ရက်လုပ်သော ဇာများလည်းရှိ၏။ ပိုးဇာ အနက်ကို များသောအားဖြင့် အနောက်နိုင်ငံများတွင် (အထူး သဖြင့် စပိန်နိုင်ငံတွင်) အသုံးပြုကြသည်။
ရစ်တံ သို့မဟုတ် ရက်ဖောက်ဖြင့် ပြုလုပ်သောဇာကို အင်္ဂလန်၊ ပြင်သစ်၊ အီတလီ အစရှိသော နိုင်ငံများတွင် ရက် လုပ်ကြသည်။ လုပ်နည်းမှာ ခေါင်းအုံးပေါ်၌ ဇာပုံစံစက္ကူကို တင်လျက် အပ်များဖြင့်၊ လိုရာပုံစံကွက် ကိုချိတ်တွယ်၍၊ ရစ်တံမှအပ်ခြည်ဖြင့် အကွက်ဖော်ရက်လုပ်သွားရသောနည်းဖြစ် လေသည်။ ယင်းဇာကို 'ခေါင်းအုံးဇာ'ဟူ၍ ခေါ်၏။ ရစ်တံတွင် ရစ် သို့မဟုတ် ချားဖြင့် အပ်ခြည်များကို ရစ်ထည့်ပေးရသည်။ ရစ်တံဖြင့်ပြုလုပ်သည့် ဇာထိုးအတတ်သည် လွန်ခဲ့သော နှစ် ပေါင်း ၂ဝဝ၊ ၃ဝဝ ကျော်ကပင် ထွန်းကားခဲ့ရာ၊ ယခုတိုင် အောင် ရှေးဇာပုံစံများကို အသုံးပြုလျက်ရှိကြသည်။ ထိုဇာကို ပြုလုပ်ရာ၌ အထူးလက်ဝင်၍ ကျွမ်းကျင်မှုလိုသည့်အပြင် အချိန် များစွာ ကုန်သည်။ ထိုကြောင့် ထိုဇာများကိုတန်ဖိုးထားကြ၏။
၁၈၆၇ ခုနှစ် ပြင်သစ်နိုင်ငံ ပြပွဲကြီးတွင် တင်ပြထားသော ပါးလွှာနုနယ်လှသည့် ဇာအင်္ကျီတစ်ထည်မှာ စတာလင်ပေါင် ၃၅ဝဝ မျှ အဖိုးတန်လေသည်။ ယင်းကို အမျိုးသမီး ၄ဝ တို့သည် နေ့ရော ညပါ ခုနစ်နှစ်တိုင်တိုင် ကြာမြင့်အောင်ပြု လုပ်ခဲ့ကြရသည်။
ဇာလုပ်ငန်းသည် ရှေးအခါက အချိန်ကြာမြင့်စွာ လုပ်ကိုင် ရသော လုပ်ငန်းတစ်ရပ်ဖြစ်သော်လည်း၊ စက်မှုပညာထွန်းကား လာသော အချိန်၌ကား စက်ဖြင့်ရက်လုပ်နိုင်ခဲ့ရာ၊ အချိန် အနည်းငယ်အတွင်း ဇာကိုက်ပေါင်းများစွာကို ထုတ်လုပ်နိုင် သည်။ ယင်းစက်ဇာများမှာ ပိုမို၍နုပြီးလျှင် လှပသေသပ်သဖြင့် လက်ထိုးဇာထက်ပင် လူကြိုက်များပေသည်။ ယခင်က လက် ထိုးဇာပုံစံများအတိုင်းလည်း စက်ဖြင့် ရက်လုပ်ပေးနိုင်၏။ အင်္ဂလန်ပြည် နော့တင်ဂမ်နယ်သည် ဇာလုပ်ငန်းတွင် ကျော် ကြားသည်။ အမေရိကန်ပြည်ထောင်စုမှလည်း စက်ဇာ အမြောက်အမြား ထုတ်လုပ်သည်။ ဥရောပတိုက်တွင် စက်ဇာ လုပ်ငန်းကို ပါရစ်၊ လိုင်းယွန်း၊ ကဲလေး၊ ပျူအီ၊ စိန့်ဂါ၊ နော့ တင်ဂမ်နှင့် ပလောင်ယင်မြို့တို့၌ အကြီးအကျယ်ပြုလုပ်ကြ၏။ လက်ထိုးဇာကိုကား ကမ္ဘာအရပ် ရပ်တွင် ပြုလုပ်ကြ၏။
သို့သော် ထုတ်လုပ်ရောင်းချနိုင်အောင် တွင်ကျယ်စွာရက်လုပ် နိုင်သည့် အရပ်ဒေသများကား ပြင်သစ်၊ ဗဲလဂျီယမ်၊ စပိန်၊ အိုင်ယာလန်၊ အီတလီနှင့် အင်္ဂလန်တို့ဖြစ်ကြသည်။ ဇာအမည်များကို ထုတ်လုပ်သော နိုင်ငံကိုစွဲ၍သော်လည်းကောင်း၊ မြို့ရွာအရပ်ဒေသကို စွဲ၍သော်လည်းကောင်း မှည့်ခေါ်ထားကြ၏။ ပမာ အားဖြင့် ပြင်သစ်ဇာ၊ ဆွစ်ဇာလန်ဇာ၊ ဗိလတ်ဇာဟူ၍ ဖြစ်လေ သည်။
ဇာရက်လုပ်ခြင်းအတတ်မှာ ၁၅ ရာစုနှစ်ကပင် စတင်ပေါ် ပေါက်ခဲ့၏။ ၁၆ ရာစုနှစ်နှင့် ၁၇ ရာစုနှစ်များတွင် မိန်းမများ ထက် ယောက်ျားများသည် ဇာကိုပိုမိုအသုံးပြုခဲ့ကြသည်။ ထိုစဉ် အခါက ဥရောပတိုက်သားတို့၏ ကော်လာ၊ လက်စည်း၊ လည် စည်းများမှာ ဇာနုတပ်ဆင်ထားသည်ကို တွေ့မြင်ရ၏။ ယင်း အချိန်ကာလ၌ ဇာရက်လုပ်ခြင်းအတတ်တွင် အကျော်ကြားဆုံး အရပ်ဒေသမှာ အီတလီနိုင်ငံ ဗင်းနစ်၊ မီလန်၊ ဂျီနိုး ဝါးမြို့များ ဖြစ်ကြသည်။ အလောင်စွန်ဇာနှင့် ဗရပ်ဆဲဇာတို့မှာလည်း အထူး ကျော်ကြားသော ဇာများဖြစ်ကြသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)