သတ္တကနိပါတ် - ၂။ ဂန္ဓာရဝဂ် -(၄၁၄) - ဇာဂရဇာတ် “နိုးသောသူတို့အတွင်း၌ အိပ်သောသူ၊ အိပ်သောသူတို့အတွင်း၌ နိုးသောသူသည် အဘယ်သူ ဖြစ်သနည်း” ဟု ရုက္ခစိုး မေးသော ပြဿနာကို ဖြေဆိုသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ကိုယ်ကျိုးပြည့်စုံ အများလုံခြုံ ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သောတာပန် သီတင်းသည် တစ်ယောက်သည် လှည်းငါးရာဖြင့် သာဝတ္ထိပြည်မှ တစ်ခုသော ကန္တာရ ခရီးသို့ သွား၏။ ထိုကန္တာရဝယ် ရေချမ်းသာရာ အရပ်သို့ရောက်လျှင် နွားတို့ကို ချွတ်၍ လှည်းစခန်းချလေ၏။ လှည်းသမားတို့သည် ချက်ပြုတ်စားသောက်ပြီးလျှင် မောပန်းသဖြင့် အိပ်ကြကုန်၏။ သီတင်းသည်ကား လှည်းစခန်းအနီး သစ်ပင်ရင်း၌ ညဉ့်သုံးယံပတ်လုံး ဆောက်တည်လျက် စင်္ကြံသွားကာနေ၏။

လှည်းသမား သတိပေး ခိုးသားပြေး ပြင်ဆင်ရန်

ထိုအခါ လက်နက်အပြည့်အစုံ ယူဆောင်ကာ လုယက်သတ်ဖြတ်ရန် လာကြသော သူခိုးတို့သည် စင်္ကြံသွားနေသော သီတင်းသည်ကို မြင်၍ ထိုသူအိပ်မှ လုယက် သတ်ဖြတ်ကြမည်ဟု ဝိုင်းရံ၍ စောင့်ကြကုန်၏။ သီတင်းသည်သည် တစ်ညဉ့်လုံး မအိပ်ပေ။ နံနက် မိုးသောက်သောအခါ သူခိုးတို့သည် လုယက်သတ်ဖြတ်ခွင့် မရသဖြင့် ယူခဲ့တိုင်းသော လက်နက်တိ့ကို စွန့်ပစ်ကာ “အို - လှည်းသမားတို့ … သင်တို့သည် တစ်ညဉ့်လုံး စင်္ကြံသွားနေသော ယောကျ်ားကြောင့် ချမ်းသာရာ ရကြသည်၊ ထိုယောကျ်ားကို ပူဇော်ချီးမြှောက်ကြလော့” ဟု အော်ဟစ်ပြောဆိုကာ ဖယ်သွားကြကုန်၏။

ကျေးဇူးကြီးလှ ကြည်ညိုကြ ပြင်ဆင်ရန်

လူတို့လည်း အိပ်ရာမှ နိုး၍ သူခိုးတို့ စွန့်ပစ်ခဲ့သော လက်နက်တို့ကို မြင်လျှင် အလွန် ထိတ်လန့်ကာ ငါတို့မှာ ဤသတင်းသည်ကြောင့် အသက်စည်းစိမ် ရပေသည်ဟု ကျေးဇူးတင်ကာ သီတင်းသည်အား များစွာသော ပူဇော်သက္ကာရကို ပြုကြကုန်၏။ သီတင်းသည် မိမိတို့ လိုရာအရပ်သို့သွားကာ ကိစ္စပြီးလျှင် သာဝတ္ထိပြည်သို့ ပြန်ရောက်၍ မြတ်စွာဘုရားထံ ဆည်းကပ်ကာ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို လျှောက်လေ၏။ မြတ်စွာဘုရားသည် “သီတင်းသည် … သင်သည်ပင်လျှင် မအိပ်ဘဲ စောင့်ရှောက်၍ ကျေးဇူးအထူးကို ရသည် မဟုတ်၊ ရှေးအခါ ပညာရှိတို့လည်း နိုးကြားသည်ဖြစ်၍ ကျေးဇူးအထူးကို ရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

လူ့ဘောင်စွန့်ခွာ တရားရှာ ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် အိပ်ထောင်ပြုကာ နေ၏။ နောက်အဖို့၌ တောထွက်၍ ရသေ့ရဟန်းပြုလျက် ဈာန်အဘိညာဉ်ကို ဖြစ်စေပြီးလျှင် ဟိမဝန္တာအရပ်ဝယ် ရပ်ခြင်း သွားခြင်း ဣရိယာပုတ် နှစ်ခုဖြင့်သာ အချိန်ကုန်စေ၍ ညဉ့်အခါ မအိပ်ဘဲ စင်္ကြံသွားလျက်သာနေ၏။

ပြဿနာမေးရန် နတ်တောင်းပန် ပြင်ဆင်ရန်

စင်္ကြံဦးရှိ သစ်ပင်၌ နေသော ရုက္ခစိုး နတ်သမီးသည် ရသေ့ကို အလွန်ကြည်ညို၍ သစ်ခွ၌ နေလျက် -

“အို-ရှင်ရသေ့ … ဤလောက၌ အဘယ်သူသည် နိုးသူတို့ အတွင်း၌ အိပ်သူ မည်သနည်း၊ အဘယ်သူသည် အိပ်သူတို့ အတွင်း၌ နိုးသူ မည်သနည်း၊ အကျွန်ုပ် မေးသော ပြဿနာကို သိပါသလား၊ အဘယ်သူ ဖြေဆိုနိုင်ပါသနည်း” –

ဟု ရသေ့အား ပြဿနာကို မေးလေ၏။ ရသေ့လည်း ရုက္ခစိုး နတ်သမီးစကားကို ကြားလျှင် -

“အို-ရုက္ခစိုး နတ်သမီး … ငါကား နိုးသော ရဟန္တာတို့ အတွင်း၌ အိပ်သောသူ မည်၏၊ အိပ်သော ပုထုဇဉ်တို့ အတွင်း၌ နိုးသောသူ မည်၏၊ ငါသည် သင်မေးသော ပြဿနာကို သိ၏၊ ငါသည် သင့် ပြဿနာကို ဖြေဆိုနိုင်၏” –

ဟု ရုက္ခစိုး နတ်သမီးအား ဖြေကြားလေ၏။

ပြဿနာ မေးငြား ရသေ့ဖြေကြား ပြင်ဆင်ရန်

ထိုအခါ နတ်သမီးသည် အရှင်ရေသေ့အား ပြဿနာကို လျှောက်ထားလိုသဖြင့် -

“အို-ရှင်ရသေ့ … သင်သည် နိုးသောသူတို့ အတွင်း၌ အဘယ်သို့ အိပ်သောသူ မည်းသနည်း၊ အိပ်သောသူတို့ အတွင်း၌ အဘယ်သို့ နိုးသောသူမည်းသနည်း၊ သင်သည် အဘယ်သို့လျှင် အကျွန်ုပ်မေးသော ပြဿနာ သိသနည်း၊ အဘယ်သို့လျှင် ကျွန်ုပ်၏ ပြဿနာကို ဖြေဆိုနိုင်သနည်း” –

ဟု ရသေ့အား တစ်ဖန် ခွဲခြား၍ မေးပြန်၏။ ရသေ့လည်း -

“အို-နတ်သမီး … မဂ်ဖြင့်လာသော သီလ၊ ဣန္ဒြိယ သံဝရသီလ၊ လောကုတ္တရာတရား ကိုးပါးကို မသိသော ပုထုဇဉ်တို့သည် အိပ်ပျော်ခြင်းဖြင့် မေ့လျော့သောသူတို့ မည်ကုန်၏။ ထိုသူတို့ အတွင်း၌ ငါကား နိုးသောသူ မည်၏။

ရာဂ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့ ကင်းကုန်သော ရဟန္တာတို့သည် နိုးသောသူတို့ မည်ကုန်၏၊ ထိုသူတို့အတွင်း၌ ငါကား အိပ်ပျော်သောသူမည်၏၊ ဤသို့ နိုးသော ရဟန္တာတို့ အတွင်း၌ ငါကား အိပ်ပျော်၏၊ အိပ်ပျော်သော ပုထုဇဉ်တို့ အတွင်း၌ ငါကား နိုးကြား၏၊ ငါသည် ဤသို့ သင်၏ ပြဿနာကို သိ၏၊ ငါသည် ဤသို့ သင့်ပြဿနာကို ဖြေဆိုနိုင်၏” –

ဟု နတ်သမီးအား တစ်ဖန် ခွဲခြား၍ ဖြေဆိုသည် ရှိသော် -

ပြဿနာဖြေဆို လွန်ကြည်ညို ပြင်ဆင်ရန်

နတ်သမီးသည် ရသေ့ ဖြေကြားသော စကားကို နာကြားရသဖြင့် အလွန်နှစ်သက်သည်ဖြစ်၍ -

“အို-ရှင်ရသေ့ … ကောင်းစွ၊ သင်သည် နိုးသော ရဟန္တာတို့ အတွင်း၌ အိပ်ပျော်၏၊ အို-ရှင်ရသေ့ … ကောင်းစွ၊ သင်သည် အိပ်ပျော်သော ပုထုဇဉ်တို့ အတွင်း၌ နိုးကြား၏။ အို-ရှင်ရသေ့ … ကောင်းစွ၊ အကျွန်ုပ်မေးသော ပြဿနာကို သိပေ၏။ အို-ရှင်ရသေ့ … ကောင်းစွ၊ အကျွန်ုပ်၏ ပြဿနာကို ဖြေဆိုနိုင်ပေ၏” –

ဟု ရသေ့အာ ချီးကျူး ထောမနာပြုကာ မိမိဗိမာန်တွင်းသို့ ဝင်လေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ နတ်သမီးသည် - ယခုအခါ ဥပ္ပလဝဏ်။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) ပုထုဇဉ်လေ့၊ ကုသိုလ်မေ့၊ အိပ်၍ နေသူမည်။

(၂) ကုသိုလ်မမေ့၊ ရိယာလေ့၊ နိုး၍ နေသူမည်။

(၃) နိုးသူအထဲ၊ အိပ်သော်လည်း၊ အိပ်ထဲနိုးသူမည်။

ဇာဂရဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ