ဇာတိ ဆိုသည်မှာ သက်ရှိသက်မဲ့ဖြစ်သော သတ္တဝါသင်္ခါရတို့၏ ဖြစ်ကြောင်းတရားကို ဆိုလိုသည်။ တနည်းဆိုပါက "ဇနနံ ဇာတိ" သတ္တဝါ သင်္ခါရတို့၏ ဖြစ်ပေါ်ခြင်းကို ဇာတိဟု ဆိုလိုသည်။[၁][၂]

ဇာတိအပြား ပြင်ဆင်ရန်

ဇာတိသည် ဘဝကိုးပါးကို အစွဲပြု၍ ကိုးပါးအပြား ရှိသည်။ ၎င်းကိုးပါးတို့မှာ ကာမဇာတိ, ရူပဇာတိ, အရူပဇာတိ, သညီဇာတိ, အသညီဇာတိ, နေဝသညီနာသညီဇာတိ, ဧကဗတါကာရဇာတိ, စတုဝေါကာရဇာတိ, ပဉ္စဝေါကာရဇာတိ တို့ဖြစ်ကြသည်။[၁][၂]

ကာမဇာတိ ပြင်ဆင်ရန်

ကာမဇတိသည် ဖြစ်ပေါ်ပုံယောနိအပြားအားဖြင့် (၁) အဏ္ဍဇဇာတိ၊ (၂) ဇလာဗုဇဇာတိ၊ (၃) သံသေဒဇဇာတိ၊ (၄) ဩပပါတိကဇာတိ စသည့်ဖြင့် လေးပါးအပြားရှိသည်။[၁][၂]

ထိုလေးပါးတွင် ဥမှပေါက်ဖွားကြသော ကြက်, ငှက် စသော သတ္တဝါ၊ ငါး, လိပ် စသော သတ္တဝါများကို အဏ္ဍဇ ဟုဆိုသည်။ ထိုအဏ္ဍဇသတ္တဝါတို့၏ ပဋိသန္ဓေနေမှုသည် "အဏ္ဍဇဇာတိ" မည်သည်။[၁][၂]

သားအိမ်၌ ပဋိသန္ဓေတည်နေ၍ ဖြစ်ကြကုန်သော လူစသော သတ္တဝါ၊ နွား,ကျွဲ, ဆင်, မြင်း စသော သတ္တဝါတို့ကို ဇလာဗုဇ ဟုခေါ်သည်။ ထိုဇလာဗုဇ သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် "ဇလာဗုဇဇာတိ" မည်သည်။[၁][၂]

မစင်ဘင်ပုပ်, ကျင်ငယ်ပုပ်, ရွှံ့ညွန်ပုပ်, ရေပုပ်, အသေကောင်ပုပ်, ငါးပုပ်, ထမင်းဟင်းအသိုးအပုပ် စသည်များနှင့် ပဒုမ္မာကြာတိုက်၏ အညှိ, သစ်ပင်များ၏ အညှိများသည် "သံသေဒဇ" မည်သည်။ စိုစွတ်ကျိချွဲသော အရာမဝတ္ထုများ ဖြစ်ကြသည်။ အပုပ်အစပ် အကျိအချွဲ၌ ပဋိသန္ဓေတည်နေကြကုန်သော ပိုးရွသတ္တဝါတို့မှစ၍ ပဒုမ္မာကြာတိုက်၌ ပဋိသန္ဓေတည်နေကြကုန်သော ပဒုမဒေဝီစသော လူသတ္တဝါတို့ကို "သံသေဒဇ" ဆိုသည်။ ထိုသံသေဒဇသတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် "သံသေဒဇဇာတိ" မည်သည်။[၁][၂]

ကောင်းကင်ထက်မှ လျောကျလာသကဲ့သို့ ပြည့်စုံသော ကိုယ်အင်္ဂါနှင့်တကွ ထင်ရှားစွာ ဖြစ်ပေါ်လာမှုသည် "ဥပပါတ်" မည်သည်။ အထက်နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ပြည် ဘုံနှစ်ဆယ်တို့၌ ဖြစ်ကြကုန်သော နတ်ဗြဟ္မာတို့သည် "ဩပပါတိက" သာ ဖြစ်ကုန်သည်။ အလုံးစုံသော သတ္တဝါတို့သည်လည်း ဩပပါတိက တို့သာ ဖြစ်သည်။ ဩပပါတိက သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် "ဩပပါတိကဇာတိ" ဖြစ်သည်။[၁][၂]

ကမ္ဘာဦးအခါ၌ လူတို့သည် ဥပပါတ်တို့သာ ဖြစ်ကုန်၏။ ထို့အတူပင် တိရစ္ဆာန် ပြိတ္တာ ဘုမ္မစိုးနတ်တို့သည်လည်း ကမ္ဘာဦးကာလ၌ ဥပပါတ်တို့သာ ဖြစ်ကုန်သည်။ နောက်ကာလ၌ လူတို့သည် ဇလာဗုဇ ဖြစ်ကုန်သည်။ တစ်ခါတရံ အဏ္ဍဇ ဖြစ်ကုန်သည်။ တစ်ခါတရံ သံသေဒဖ ဖြစ်ကုန်သည်။ တိရစ္ဆာန်သတ္တဝါတို့တွင် အချို့တို့သည် အဏ္ဍဇဖြစ်ကုန်သည်။ အချို့တို့သည် ဇလာဗုဇ ဖြစ်ကုန်သည်။ ဘုမ္မဇိုဝ်းတို့သည် ဥပပါတ်တို့သာ များကုန်သည်။[၁][၂]

ဇာတိဖြစ်ပေါ်ခြင်း ပြင်ဆင်ရန်

ဥပပတ္တိဘဝကိုးပါးတို့ ရှေးဦးစွာ ဖြစ်ပေါ်မှုသည် ဇာတိ ဖြစ်သည်။ ထို့ကြောင့် ကမ္မဘဝဟူသော အကြောင်းကြောင့် ဥပပတ္တိဘဝဖြစ်ပေါ်သည်ရှိသော် ပဋိသန္ဓေနေမှုဟု ဆိုအပ်သည့် ဇာတိ၏ ဖြစ်ခြင်းကိစ္စသည်လည်း တစ်လုံးတည်း ပြီးစီး၍ ပါရှိသည်။ သို့ဖြစ်၍ ကမ္မဘဝဟူသော အကြောင်းကြောင့် ဥပပတ္တိဘဝကိုးပါးတို့၌ ဇာတိဖြစ်ပေါ်လေသည်။ ဤသို့လျှင် ဘဝဟူသော အကြောင်းအကြောင့် ဇာတိ ဖြစ်ပေါ်သည်။[၁][၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ လယ်တီဆရာတော် (အောက်တိုဘာလ ၁၉၈၀၊ သာသနာ ၂၅၂၄၊ ကောဇာ ၁၃၄၂)။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဥတ္တမပုရိသဒီပနီ။ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ သာနာရေးဦးစီးဌာန။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ ၂.၇ ၂.၈ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။