တရားမမှုများတွင် တရားရုံးတော်က အမှုကို စီရင်ဆုံး ဖြတ်၍ အမိန့်ချမှတ်ခြင်းကို ဒီကရီ ချပေးသည်ဟု ခေါ်သည်။ ယင်းဝေါဟာရမှာ အင်္ဂလိပ်စကားမှ လာသည်။ တရားလို၊ တရားပြိုင်ဟု တရားတွေ့သူ နှစ်ဦး နှစ်ဘက်ရှိရာ၌၊ တစ်ဘက် ဘက်ကို အနိုင်ပေး၍ ဒီကရီအမိန့် ချမှတ်သည်ဖြစ်ရာ၊ တရား နိုင်သူက ဒီကရီအမိန့် ချမှတ်သည်ဖြစ်ရာ၊ တရားနိုင်သူက ဒီကရီရသည်ဟု သုံးနှုန်းလေ့ရှိ၏။ ဤသို့တရားနိုင်ကြောင်း အမိန့် ဒီကရီရရှိသော်လည်း၊ ယင်းအမိန့်ကို အကောင်အထည် ဖော်ရန် အမိန့်အရဆောင်ရွက်မှု၊ ပေးအပ်မှု၊ ရရှိမှုရှိရန် တရားနိုင်က တစ်ဆင့်ထပ်လောင်း၍ ပြုလုပ်စရာရှိသေး၏။

ဒီကရီရရှိထားသူ တရားနိုင်က ထိုဒီကရီ ကိုချပေးသည့် တရား ရုံးတော်အား ဒီကရီကို အတည်ပြုပေးရန် လျှောက်ထားမှုကို ဇာရီမှုဟု ခေါ်သည်။ ကျေညာချက်သဘောမျိုး သက်သက်မျှ သာဖြစ်သော ဒီကရီများအတွက် ဇာရီလုပ်ရန်မလိုချေ။

ဒီကရီရသူ (ဝါ) တရားနိုင်သူက ဇာရီမှုဖွင့်၍ တရားရုံး တော်သို့ လျှောက်ထားသောအခါ စည်းကမ်းသတ်ချက်များအရ၊ တရားရုံးတော်က ဒီကရီအမိန့်ကို ဆောင်ရွက်စေရန် (ဝါ) အကောင်အထည်ဖော်ရန် ဇာရီအမိန့် ချမှတ်ပေးနိုင်၏။ ဆောင် ရွက်နည်းမှာ (၁) ဒီကရီအမိန့်တွင် အတိအကျ ဖော်ပြပါရှိသော ပစ္စည်းကို ပေးအပ် စေခြင်း၊ (၂) ပစ္စည်းဝါရမ်းကပ်၍ဖြစ်စေ၊ မကပ်ဘဲဖြစ်စေ ပစ္စည်းကိုရောင်းချစေခြင်း၊ (၃) တရားရှုံးသူ အား ဖမ်းဆီးချုပ်နှောင်ခြင်း၊ (၄) ပစ္စည်းထိန်းခန့်အပ်ခြင်း၊ (၅) ဒီကရီအမိန့်တွင် ပေးအပ်သောအခွင့်အရေးကို တရားနိုင်က ပြည့်စုံစွာရရှိစေရန် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းတို့ဖြစ်၏။ ဆောင်ရွက်ရသူမှာ တရားရုံးတော်၏ အမှုထမ်းဖြစ်သော ဘီး လစ်အရာရှိဖြစ်၏။

ဇာရီလုပ်နိုင်သည့် ဒီကရီများမှာ (၁) အယူခံသည်အထိ ပထမတရားစွဲဆိုရာ ရုံးတော်၏ ဒီကရီ (ဝါ)နောက်ဆုံး တရား စွဲဆိုရာ ရုံးတော်၏ ဒီကရီ၊ (၂) မပျက်မပြယ်တည်နေသေး သော ဒီကရီနှင့် (၃) စည်းကမ်း သတ်ကာလ မကျော်လွန်သေး သည့် ဒီကရီတို့ဖြစ်သည်။

စည်းကမ်းသတ် အက်ဥပဒေအရ ဇာရီလုပ်ပေးရန်အတွက် ပထမဆုံး လျှောက်လွှာကို ဒီကရီချမှတ်ပေးသည့် နေ့မှ သုံးနှစ် အတွင်း တင်သွင်းရမည်ဖြစ်၏။ အကယ်၍ အတည်မပြုသေး သဖြင့် နောက်ထပ်လျှောက်လွှာ တင်ရန်လိုအပ်လျှင်၊ နောက်ဆုံး လျှောက်လွှာ တင်သွင်းခဲ့သည့်နေ့မှ သုံးနှစ်အတွင်း လျှောက် လွှာများ အသီး အသီးတင်သွင်းနိုင်သည်။ သို့သော်လည်း၊ နောက်ဆုံးလျှောက်လွှာသည် တရားမကျင့်ထုံးဥပဒေနှင့် ညီ ညွတ်ရ မည်ဖြစ်သည်။ တရားမကျင့်ထုံးဥပဒေတွင် ဒီကရီ ချမှတ်သည့်နေ့မှ တဆယ့်နှစ်နှစ်သော အချိန်ကာလအတွက် သာ စည်းကမ်းသတ်ပေးထား၏။

ဇာရီလုပ်ပေးရန် လျှောက်လွှာများကို မှတ်ကန်ကြောင်း ထောက်ခံချက်ပါ ဒီကရီမတ္တူ တစ်စောင်စီနှင့်အတူ ပူးတွဲတင် သွင်းရသည်။ လျှောက်လွှာများတွင် အမှုနံပါတ်၊ အမှုသည်တို့ အမည်၊ ဒီကရီကျနေ့စွဲ၊ ဒီကရီကို အယူခံသည် မခံသည်၊ တစ်စုံတစ်ရာပေးဆပ်ခြင်း သို့မဟုတ် ရှင်းလင်းပြေငြိမ်းခြင်းရှိ မရှိ၊ အထက်ကလျှောက်ထားချက်ရှိလျှင် နေ့စွဲနှင့် မည်သို့ဖြစ် ကြောင်း၊ ဒီကရီပေါ်တွင်ဖြစ်စေ၊ အခြားခွင့်ပြုသည့် သက်သာ ခွင့်ပေါ်တွင်ဖြစ်စေ ပေးဆပ်ရန်ရှိသောအတိုးနှင့်တကွ ငွေပေါင်း၊ အပြန်အလှန် ဒီကရီ တစ်စုံတစ်ရာရှိလျှင် အကြောင်းအရာ တရားစရိတ်ချပေးလျှင် ငွေပေါင်း၊ မည်သူ့အပေါ်တွင် အတည် ပြုရန်နှင့် ရုံးတော်က မည်သို့ကူညီပြုလုပ်ပေးစေ လိုကြောင်းတို့ ကို ဇယားအင်းစောက်ပြုလုပ် ဖော်ပြရလေသည်။ သို့သော် ဒီကရီသည် ငွေပေးရန်အတွက်ဖြစ်လျှင် ထိုဒီကရီကို ချပေးခဲ့ စဉ်က တရားရှုံးသည် ရုံးတော်ဥပဒေအတွင်းရှိသော် ထိုဒီကရီကို ချပေးချိန်မှာပင် တစ်ပါတည်း ဇာရီလုပ်ပေးရန် နှုတ်ဖြင့် ဦး တိုက်လျှောက်ထားနိုင်၏။ လျှောက်လွှာသည် အထက်ပါစည်း ကမ်း ချက်များနှင့်ညီညွတ်လျှင် ဒီကရီတွင် ခွဲခြား၍ပါရှိသည့် ပစ္စည်းကိုပေးအပ်စေလိုသည်။ သို့မဟုတ် လျှောက်လွှာတွင် အမည်ပါလူကိုဖမ်းဆီး၍ တရားမထောင်၌ ချလိုသည်။

သို့မဟုတ် ပစ္စည်းကို ဝါးရမ်းကပ်၍ လေလံတင် ရောင်းချစေ လိုသည်။ သို့မဟုတ် ပစ္စည်းထိန်းခန့်စေလိုသည်။ သို့မဟုတ် အခြားမည်သည့် သက်သာခွင့်မျိုးရလိုသည် စသည်ဖြင့် ကူညီပြု လုပ်ပေးရန် တောင်းဆိုချက်အတိုင်း ရုံးတော်က အတည်ပြု အမိန့်ထုတ်ပေး၏။ အကယ်၍ မညီညွတ်လျှင် ပယ်နိုင်သည်။ သို့မဟုတ် ပြင်ဆင်ခိုင်းနိုင်သည်။ အကယ်၍ အပယ်ခံရလျှင် စည်းကမ်းချက်များနှင့် ညီညွတ်စေလျက် နောက်ထပ်လျှောက် လွှာအသစ် တင်သွင်းနိုင်လေသည်။

လျှောက်လွှာများကို ဒီကရီရထားသူ တရားနိုင်ကသာမက၊ ဒီကရီရထားသူက စာဖြင့်ရေးသားလွှဲပြောင်းပေးထားသူက၎င်း၊ တရားဥပဒေအကျိုးသက်ရောက်မှုကြောင့် ဒီကရီရ တရားနိုင်၏ တရားဝင် အမွေစား အမွေခံများ၊ လူမွဲစာခံထားသည့် ဒီကရီ ရသူဖြစ်လျှင် ပစ္စည်းထိန်းမင်းကြီးစသည်တို့ တစ်ဦးဦးက၎င်း၊ အကယ်၍ တစ်ဦးထက်ပိုသူများအတွက် ဒီကရီချမှတ်ပေးခဲ့လျှင် ယင်းတို့အနက် တစ်ယောက်ယောက်ကသော်လည်းကောင်း လျှောက်ထား နိုင်၏။

ဇာရီလုပ်ပေးရန် လျှောက်လွှာများကို အကယ်၍ တရားရှုံး အသက်ထင်ရှားရှိနေသေးလျှင် ယင်းအပေါ် လျှောက်ထားနိုင်ပြီး၊ ကွယ်လွန်သွားခဲ့သော် ယင်း၏ အမွေစား အမွေခံများအပေါ် လျှောက်ထားနိုင်၏။ အမွေစား အမွေခံများအပေါ် လျှောက်ထား သည့်အခါ လူအပေါ်တွင် အတည်ပြုပေးရန် လျှောက်ထားခြင်း မပြုနိုင်သည့်ပြင်၊ ယင်းတို့ အမွေရရှိခဲ့၍ ထုခွဲခြင်းမပြုရသေး သော ကွယ်လွန်သူ တရားရှုံး၏ ပစ္စည်းများအပေါ်တွင်သာ လျှောက်ထားနိုင်လေသည်။ ထိုသို့ အမွေစား အမွေခံများအပေါ် တွင် လျှောက်ထားသည့်အခါတွင်၎င်း၊ ဇာရီလုပ်ပေးရန်လျှောက် လွှာကို ဒီကရီအတည်ပြုသည့်နေ့မှ တစ်နှစ်ထက်ကျော်လွန်သော အခါတွင်ဖြစ်စေ၊ ယခင် ဇာရီလုပ်ပေးရန် လျှောက်လွှာ တစ်ခုခု ပေါ်တွင် ချမှတ်ပေးသည့် နောက်ဆုံး အမိန့်ချမှတ်သည့်နေ့မှ တစ်နှစ် ထက်ကျော်လွန်သောအခါတွင်ဖြစ်စေ တင်သွင်းသည့် အခါတွင်၎င်း တစ်ဘက်အမ့သည်များသို့ နို့တစ်ပေး အကြောင်း ကြားရလေသည်။

ဒီကရီချပေးခဲ့သည့် တရားရုံးတော်ကပင် ထိုဒီကရီကို အတည်ပြုပေးနိုင်၏။ ယင်းသည့် တရားရုံးတော်က ဒီကရီကို အတည်ပြုပေးရန် လွဲပြောင်းပေးခဲ့သော တရားရုံးတော်ကလည်း အတည်ပြုပေးနိုင်သည်။ ထိုမျှမကသေး၊ တရားမကျင့်ထုံး ဥပ ဒေပုဒ်မ ၂၄ (၁)အရ လွှဲပြောင်းပေးခြင်းခံရသော တရားရုံး တော်ကလည်း အတည်ပြုပေးနိုင်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)