ဇေဖနိအနာဂတ္တိကျမ်း

သမ္မာကျမ်းစာ

၁။ စံတော်မီဝိသေသလက္ခဏာ

လူများစုသည် ကြီးကျယ်ခမ်းနားချင်သကဲ့သို့ မြင့်မြတ်လိုကြသည်။ ထိုအထဲတွင် မင်းကောင်းမင်းမြတ် ဟေဇကိ၁ ဘုရင်၏ မြစ်တော်ဖြစ်သူ ယောရှိမင်းလည်း ပါဝင်သည်။ ယောရှိမင်းနှင့်သွေးသားတော်စပ်သော ဇေဖနိ သည်လည်း ထိုကဲ့သို့သောလူစားမျိုးဖြစ်သည်။ ယုဒမင်းကောင်းမင်းမြတ်နှစ်ပါးအကြားတွင် မင်းဆိုးမင်းမြတ် နှစ်ပါးအကြားတွင် မင်းဆိုးမင်းညစ် အာမုန်နှင့် မနာရှေတို့ ရာစုနှစ်တဝက်မျှ စိုးစံခဲ့ကြမှာ ယုဒလူတို့အတွက် အကြောင်းမလှသော ဖြစ်ရပ်ဖြစ်သည်။ ဇေဖနိသည် တောင်ပိုင်းယုဒနိုင်ငံ နေပြည်တော်၏အရာထမ်းတစ်ဦးဖြစ် သည်။

၂။ ကျမ်းရေးသူ

ဇေဖနိသည် ကုရှိ Cushi၏ သားဖြစ်သည်မှလွဲ၍ အခြားအကြောင်းအရာ လူသိနည်းပါးသည်။ သူ့နာမည် ၏အဓိပ္ပါယ်မှာ “ယေဟောဝါ-ပုန်းခိုရာ”ဖြစ်သည်။ “ကွယ်ကာခြင်း”၊ “ရတနာသိုက်”ဟုလည်း ဆိုနိုင်သည်။ ဆွေစဉ်မျိုးဆက်ပြန်ကောက်လျှင် သူသည် တော်ဝင်ထီးမျိုးနန်းနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ သူ့ဘဝ ဇာတ်ကြောင်းသည် လင်းတခါ မှိန်တလှည့်ဖြစ်သော်လည်း ဘုရားသခင်၏နေ့ရက်ထွန်းလင်းပုံကို စာပန်းချီ ဖော်ကျူးထားသည်။ ဣသရေလလူမျိုးတို့ ဘုန်းကျက်သရေထွန်းပမည့် အနာဂတ်ကို တစွန်းတစ လှစ်ဟပြ၍ တပါးအမျိုးသားများသည်လည်း ဘုရားသခင်ထံတော်သို့ အသက်တာ ပြောင်းလဲလာကြမည့် အကြောင်း ဟောထားသည်။ Hewittက ဇေဖနိအနာဂတ္တိကျမ်းကို ယှဉ်တုစရာ စကားလုံးမရှိပါဟု ထောက်ခံထားသည်။

ဤကျမ်းကို အစားထိုးယှဉ်တုရန် စကားလုံးမရှိတော့ပါ။ အပြစ်ဒုစရိုက်ကို ရှုတ်ချ၍ တရားစီရင်ခြင်း ကျရောက်လာတော့မည့်အကြောင်း အကြောက်အရွံ့ကင်းမဲ့စွာ ကျေညာသည်။ ကျမ်းစကားအဆုံးတွင် အနှစ်တထောင် နိုင်ငံတော်အောင်ပွဲကို မျှော်လင့်သော စိတ်နှလုံးစွဲမက်ညွှတ်နူးဖွယ်ရာ တေးလက်ဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်ထားသည်။၂

၃။ အချိန်ကာလ

ဇေဖနိ၏ခေတ်ကာလမှာ ယောရှိမင်းလက်ထက် ဘီစီ ၆၄၀-၆၉၀ အကြားဖြစ်သည်။ ကျမ်းစာပညာရှင် များ ဒွိဟပွားသည်မှာ ဤပရောဖက်ပြုချက်ကို လူထုပရိသတ်များ နိုးထပြောင်းလဲမှုကြီးဖြစ်ပေါ်သည့် ဘီစီ ၆၂၁ မတိုင်ခင်လား။ နောက်ပိုင်းတွင်လားဟု စောကြောကြသည်။ အကယ်၍ နိုးထပြောင်းလဲမှုကြီး မဖြစ်ခင်ကာလဖြစ် လျှင် ဝိညာဉ်ရေးရာနိုးထခြင်း အကြောင်းရင်း ဖြစ်မည်။ သို့သော်အကြောင်းအရာများကို အသေးစိတ်လေ့လာလျှင် ပညတ္တိကျမ်း ပြန်လည်ရှာဖွေတွေ့ခြင်းအကြောင်း ရေးသားထားသောကြောင့် ဘီစီ ၆၂၁နောက်ပိုင်း ဖြစ်ပုံရသည်။ ကျမ်းပိုဒ် ၂:၁၃တွင် နိနေဝေမြို့ရှိနေသေးကြောင်း တွေ့ရသည်။ ထိုမြို့သည် ဘီစီ ၆၁၂တွင် ပျက်သုဉ်းခဲ့သော ကြောင့် ထိုနှစ်မတိုင်မီဖြစ်ရမည်။ ထို့ကြောင့် ဘီစီ ၆၂၁နှင့် ၆၁၂အကြား၌ ရေးသားခြင်းဖြစ်နိုင်သည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

အပိုဒ် ၁:၄ “ဤအရပ်”ဟူသော စကားရပ်ကို ထောက်ရှုလျှင် ယေရုရှလင်မြို့မှာ ပရောဖက်ပြုကြောင်း ယူဆနိုင်သည်။ ဇေဖနိ၏ပရောဖက်ပြုချက်နောက်ခံသမိုင်း ပြန်လှန်ကြည့်လျှင် ၄ရာ ၂၁-၂၃နှင့် ယေရမိကျမ်း အစပိုင်းများတွင် တွေ့ရသည်။

မိုးကုတ်စက်ဝိုင်းအောက်တွင် လုယူဖျက်ဆီးမည့် သကုသိလူရိုင်း တပ်ထောင်တာဗိုလ်ထုပေါ်ထွန်းလျက် လှုပ်ရှားသွားလာ ခြိမ်းခြောက်နေကြောင်း ဇေဖနိမြင်ရသည်။ ယုဒလူမျိုးများ ခက်ခဲဆင်းရဲ ချို့တဲ့ နေကြစဉ် မဟာအင်အားကြီးနိုင်ငံကို ခံရပ်နိုင်ဖွယ်မရှိ။ အင်အားသာလွန်ကြီးမားသော ယုဒပြည် မြောက်ပိုင်းနှင့်​တောင်ပိုင်းနိုင်ငံများက တလောကလုံးတို့ကို ခြိမ်းခြောက်ထိုးနှက်နေစဉ် ထိုအင်အားကြီး နှစ်နိုင်ငံအကြားတွင် အင်အားချို့တဲ့ သောယုဒနိုင်ငံသည် မြေဇာပင် ဖြစ်မည်သာတည်း။ ထို့ကြောင့် ငြိမ်သက်မှုကင်းမဲ့၍ ပွက်လောထနေသော ပတ်ဝန်းကျင်အခြေအနေတွင် ဇေဖနိသည် ဆိုးယုတ်မှုကို ရှုတ်ချပြီး ဖြောင့်မတ်သန့်ရှင်းမှုအတွက် ဟောပြော ဆုံးမသူ ဖြစ်လာသည်။၃

ဤကျမ်းငယ်တွင် “သခင်ဘုရား၏နေ့ရက်”ဟူသော စကားလုံးကို (၇)ကြိမ်တိတိသုံးစွဲထားသည်။ ထိုစကားသည်  ဤကျမ်း၏ဦးတည်ချက်ဆောင်ပုဒ်ဖြစ်သည်။ ယုဒလူတို့၏မနာခံမှု၊ ခေါင်းမာမှုကြောင့် ဘုရား သခင်၏အပြစ်စီရင်ခြင်း လာလိမ့်မည်။ “သဝန်တိုမှု”နှင့် “…အလယ်၌”ဟူသော အခြားသော့ချက် စကားလုံးများ လည်း ရှိသေးသည်။ ဘုရားကိုမချစ်၊ ရုပ်တုကိုးကွယ်မှုနောက်လိုက်ကြသောကြောင့် ဘုရားသခင်က သဝန်တိုသည်။ သူတို့အလယ်၌ တရားသဖြင့် စီရင် (၃:၅)၍၊ ရန်သူများအပေါ်တွင်လည်း အောင်မြင်စေမည် (၃:၁၅)။

ပါဝင်သည့်အချက်များ

၁။ အပြစ်စီရင်ရန် ဘုရားသခင်၏သဘောထားဆုံးဖြတ်ချက် (အခန်း၁)

(က)     ကမ္ဘာတဝှမ်းလုံးတွင် (၁:၁-၃)

(ခ)       ရုပ်တုဆင်းတု ကိုးကွယ်မှုကြောင့် ယုဒပြည်နှင့်ယေရုရှလင်မြို့ကိုလည်း စီရင်မည်(၁:၄-၆)

(ဂ)       ပူဇော်သက္ကာပြုခြင်းနှင့် သခင်ဘုရားနေ့ရက် (၁:၇-၁၃)

(၁) အာဂန္တုများ  – ယုဒရန်သူများ (၁:၇)

(၂)  ယဇ်ကောင် – ဆိုးညစ်သောယုဒလူမျိုးများ (၁:၈-၁၃)

(ဃ)     သခင်ဘုရားနေ့ရက်၏ ကြောက်မက်ဖွယ်အချင်းအရာ (၁:၁၄-၁၈)

၂။      နောင်တရကြရန် ယုဒလူမျိုးကို ပြန်ခေါ်ခြင်း (၂:၁–၃)

၃။      တပါးအမျိုးသားတို့၏ ကံကြမ္မာ

         (က)     ဖိလိတ္တိလူမျိုး (၂:၄-၇)

(ခ)       မောဘနှင့်အမ္မုန်လူမျိုးများ (၂:၈-၁၁)

(ဂ)       ​အဲသယောပိလူမျိုး (၂:၁၂)

(ဃ)     အာရှုရိလူမျိုးနှင့် အထူးသဖြင့် နိနေဝေမြို့ (၂:၁၃-၁၅)

၄။      ယေရုရှလင်မြို့တွင် အမင်္ဂလာကျရောက်ခြင်း (၃:၁–၇)

         (က)     မနာခံခြင်း၊ တာဝန်မဲ့ခြင်း၊ မယုံကြည်ခြင်း၊ မခိုလှုံခြင်း (၃:၁-၂)

(ခ)       မင်းဆိုးမင်းညစ်များနှင့် တရားသူကြီးဆိုးများ (၃:၃)

(ဂ)       လျှပ်ပေါ်လော်လီသောပရောဖက်များနှင့် ကြေးစားယဇ်ပရောဟိတ်များ (၃:၄)

(ဃ)     သခင်ဘုရား၏ မျက်မှောက်တော်၌ တရားစီရင်ခြင်း (၃:၅-၇)

၅။      သစ္စာရှိသော ရွေးနှုတ်ခံများအတွက် နှစ်သိမ့်မှုသတင်းစကား (၄:၈–၂၀)

         (က)     ဆိုးညစ်သော တပါးအမျိုးသားများပျက်စီးခြင်း (၃:၈)

(ခ)       ကြွင်းကျန်သော တိုင်းနိုင်ငံများ အသက်တာပြောင်းလဲကြခြင်း (၃:၉)

(ဂ)       ကွဲလွှင့်သော ဣသရေလလူမျိုးများပြန်လည်ပေါင်းစည်းသင့်မြတ်ခြင်း (၃:၁၀-၁၃)

TAGS: ဇေဖနိအနာဂတ္တိကျမ်း

ကိုးကားပြင်ဆင်