ဇောတိက ပြင်ဆင်ရန်

ဂေါတမမြတ်စွာဘုရားသခင် လက်ထက်ရာဇဂြိုဟ်ပြည်၌ ဇောတိက၊ ဇဋိလမေဏ္ဍက၊ ကာကဝလိယ၊ ပုဏ္ဏဟူ၍ သူဌေးကြီးငါးဦးထင်ရှားသည် ယင်းတို့အနက် ဇောတိကသူဌေးသည် ဘုန်းသမ္ဘာအကြီးဆုံးဖြစ်သည်။

ဇောတိကသတို့သားကို ဖွားမြင်သောနေ့၌ ရာဇဂြိုဟ်ပြည် အလုံး၌ရှိသော လက်နက်အသုံးအဆောင်တို့သည်လည်း‌ကောင်း၊ အလုံးစုံသော ယောက်ျား မိန်းမတို့၏ ကိုယ်တွင် ဆင်အပ်သည့် တန်ဆာရတနာတို့သည်လည်းကောင်း လွန်စွာအရောင်တောက်ပကုန်သည်ဖြစ်၍၊ အမည်မှည့်သောအခါတွင် ယင်းပဝတ္တနိမိတ်ကိုအစွဲပြု၍ ဇောတိကဟု မှည့်ခေါ်လေသည်။

မိဖနှစ်ပါးတို့သည် ဇောတိကသတို့သား အရွယ်ရောက် လတ်သောအခါ နေထိုင်ရန်အတွက် အိမ်ယာကိုပြုပြင်ဆောက် လုပ်ခြင်းငှာ ကြိုးပမ်းလတ်သော်၊ ရှေးရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုတို့ကြောင့် ရတနာခုနစ်ပါးအတိပြီးသော ဘုံခုနစ်ဆင့်ရှိ ပြာဿာဒ်သည်လည်းကောင်း၊ ယင်းကိုပတ်ပတ်လည်ဝန်းရံကာ၊ တံခါး လေးမျက်နှာနှင့်တကွ တစ်ဂါဝုတ်စီကျယ်လျက် ရတနာခုနှစ်ပါး အတိပြီး၍၊ နတ်ဘီလူး စောင့်ရှောက်အပ်သော တံတိုင်းခုနစ် ထပ်တို့သည်လည်းကောင်း၊ ထိုတံတိုင်းများ၏ အကြား၌လည်း လိုအင်ရှိသမျှသီးသော ပရိက္ခရာပဒေသာပင်ကြီးများနှင့် ရှေးကောင်းမှု အင်အားကိုထင်ရှားပြခြင်းငှာ ထန်းလုံးပမာဏရှိသောကြံပဒေသာ ပင်များသည်လည်းကောင်း၊ ပြာဿာဒ်လေးထောင့်၏အနီး၌လည်း တစ်ဂါ ဝုတ်၊ နှစ်ဂါဝုတ်၊ သုံးဂါဝုတ်၊ တယူဇနာစီ အသီးအသီးကြီးသော ရွှေအိုးကြီးလေးလုံးတို့သည်လည်းကောင်း မြေမှပေါက်လာလတ်လေ၏။

ဤအချင်းအရာတို့ကို ဗိမ္ဗိသာရမင်းကြီးကြားလတ်သော်၊ ဇောတိက သတို့သားအား အဆက်ဆက်သော သူဌေးကြီးတို့၏ ဆောင်းမြဲဖြစ်သည့် ထီးဖြူကို ဆောင်နှင်းလျက် သူ​​ဌေးအရာ၌ ဘွဲ့ထူး​ဖြင့် မြှောက်စားချီးမြှင့်​လေသည်။ ဇောတိက၏ နတ်ဖက်သော ဖူးစာရှင်ကား မြောက်ကျွန်းသူ တူလကာယီပင်တည်း။ အကြိမ် တစ်ရာဖတ်အပ်သော လဲဝါဂွမ်းစုကဲ့သို့ နုထွတ်သိမ်မွေ့လှသဖြင့် တူလကာယီဟူသော အမည်ကိုခံယူခဲ့သူ ဖြစ်သည်ဟုအဆိုရှိ၏။ ဇောတိကသူဌေးမောင်နှံတို့သည် မိမိတို့ထံသို့လာရောက် လည်ပတ်ကြသော လူတိုင်းအား မြောက်ကျွန်းမှ ပါလာသည့် ဇောတိပါသာဏမည်သော မြခနောက် သုံးလုံးပေါ်တွင် ရွှေအိုးဖြင့်တင်၍ချက်သည့် ဆန်တကွမ်းစားဖြင့်သာ ကျွေးမွေးဧည့်ခံရာ အဘယ်ခါမှ ကုန်ခန်းခြင်းမရှိခဲ့ဟု ဆိုလေသည်။ ထို့ပြင် ပြန်သောအခါတွင်လည်း ရွှေအိုးကြီးတို့ထံမှ ရွှေများကိုလည်းကောင်း၊ ပဒေ သာပင်များ၌ ဆင်ယင်ထားအပ်သော အဝတ်တန်ဆာများကိုလည်းကောင်း အလိုရှိသမျှ ဆောင်ယူ၍ ပြန်စေ၏။ ယူလေရာရာ ရွှေအိုး ပဒေသာပင်များသည် ယူရာမထင် ပြကတေ့အတိုင်းပင်ဖြစ်၍ တည်၏ဟူသတည်း။

ယင်းသို့ ဇောတိကသူဌေးသည် ပေးမကုန်လှူမခန်းအောင် ချမ်းသာကြီးရခြင်းမှာ ရှေးလွန်လေပြီးသော ကမ္ဘာ၌ ဗရာဏသီပြည်ဝယ် သူကြွယ်ဖြစ်စဉ်ကာလ ဂန္ဓမာဒနတောင်၌နေသော ပစ္စေကဗုဒ္ဓါတို့အား ဩဇာရသ လေးနက်ချိုမြိန်လှသော ကြံနှစ်ချောင်းမှ ကြံရည်ကိုကပ်လှူကာ လူ့ဘုံနတ်ရွာ ဖြစ်လေရာဘဝ တို့၌ တောင့်တတိုင်း ပြီးမြောက်စေသောဟူသည့် ဆုတောင်းနှင့် ပြည့်ဝခဲ့သောကြောင့် တစ်ကြောင်း၊ ဝိပဿီဘုရား ထင်ရှားပွင့်တော်မူစဉ်အခါ၌လည်း ဗန္ဓုမတီပြည်ဝယ် အပရာဇိတသူကြွယ်အဖြစ် ရှင်တော်ဘုရားအလို့ငှာ ရတနာ ခုနစ်ပါးအတိပြီးသော ဂန္ဓကုဋီ ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ဖူးသည့် ပုညစေတနာဟုန်ကြောင့်တစ်ကြောင်း ဖြစ်ပေသည်။

ဗိမ္ဗိသာရမင်းကြီးနတ်ရွာစံ၍၊ မာနခက်ထန်လောဘဇောသန် လှသော သားတော် အဇာတသတ်မင်း၏ လက်ထက်သို့ရောက်သောအခါတွင် ဇောတိကသူဌေးလည်း လောကီစည်းစိမ် ဥစ္စာရတနာတို့၌ စက်ဆုတ်ခြင်း ပြင်းစွာဖြစ်လျက် သံဝေဂအကျွတ်တရားရရှိကာ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုခဲ့လေသည်။ ရဟန်း ဖြစ်၍ မကြာမြင့်မီပင် အရဟတ္တဖိုလ်ကိုရ၍၊ ဇောတိက မထေရ်ဟု ထင်ရှားစွာဖြစ်ခဲ့လေသည်။ ယင်းသို့ ဇောတိက ရဟန်း အရဟတ္တဖိုဟ်ကိုရသောနေ့၌ပင် အလုံးစုံသော ရွှေအိုး၊ ရွှေအိမ်၊ ပဒေသာပင်တို့သည် ကွယ်လေကုန်၏။ ထိုအခါ နတ် တို့သည် မြောက်ကျွန်းသူသူဌေးမ တူလကာယီအား ဥတ္တရကုရု ကျွန်းသို့ ပြန်လည်ပို့ဆောင်ပေးလေသည်။[၁] ဇောတိက ပစ္စုပ္ပန်အကြောင်း

ဇောတိကသူဌေးလောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်၌ ရာဇဂြိုဟ်ပြည် သူဌေးတစ်ဦးအိမ်မှာ ပဋိသန္ဓေနေ၏။ သူ့ကိုမွေးဖွာသောအချိန်တွင် အိမ်သူအိမ်သားများ ဝတ်ဆင်သော ရတနာများ အလိုလို အရောင် တောင်ပြောင်လာခြင်းကို အကြောင်းပြုလို့ “ဇောတိက”ဟု အမည်တွင်ခြင်းဖြစ်၏။

ဇောတိက အရွယ်ရောက်လာတော့ ဖခင်ဖြစ်သူက ဆောက်လုပ်ရေးသမားများကို ခေါ်ကာ သားနေထိုင်ရန် အိမ်ဆောက်လုပ်စေ၏။ ထိုအခါ သိကြားမင်းကိုယ်တိုင် ဆင်းလာ၍ ဇောတိကနေဖို့ အလွန်ဆန်းပြား ခန့်ငြား ထည်ဝါသော အိမ်ဂေဟာကြီကို ဆောက်လုပ်လေတော့၏။ ညီညာ ပြန့်ပြူးသော မြေမှာ ဘုံခုနစ်ဆင့်ရှိသော အိမ်းကိုဆောက်၏။ အတွင်းအပြင် နံရံတို့မှာ ရတနာ ခုနစ်ပါးဖြင့်ပြီးသော ရတနာတို့ဖြင့် စီခြယ်မွန်းမံထား၍ အရောက် တဖိတ်ဖိတ်တောက်ပြောင်နေ၏။ အိမ်ကို တံတိုင်း ခုနစ်ထပ်ကာရံကာ သူနေ့ရာနှင့်သူ ဥယျာဉ် ၊ ရေကန်၊ ပန်းမာလာပင်းများ လှပစွာစိုက်ပျိုးထား၏။ အိမ်၏ထောင့်လေ့ထောင်တွင် ဇောတိက ဘုန်းတန်ခိုး ကြောင့် ရွှေအိုးကြီးလေးလုံး အလိုအလျှောက်ပေါ်လာ၏။ ထို့အပြင် တံတိုင်း ခုနစ်ကြားမှာ သီးမျိုးစုံ ပဒေသာပင်များ၊ တံခါမုဒ် ခုနစ်ထပ်တို့၌ အစောင့်အရှောက်များလည်း ပေါ်ပေါက်လာကြ၏။

ဖခင်ကြီးသည် ဤမျှခန့်ငြားထယ်ဝါသော အိမ်ကြီးကို မြင်လိုက်ရသောအခါ ၊ ဝမ်းသာအားရ သားလေး ဇောတိကအား ခေါ်ပြပြီးနောက် မြောက်ကျွန်းသူ အတုလကာရီနှင့် လက်ထပ် ထိမ်းမြား ပေးလိုက်သည်။

မြောက်ကျွန်းသူ အတုလကာရီအမျိုးသမီးကလည်း ဘဝဟောင်းမှ ဇောတိက၏ ပါရမီဖြည့်ဖတ်ဖြစ်၏။ ထို့ကြောင့်ပင် သူမကို နတ်တန်ခိုးဖြင့်ယူဆောင်လာခြင်းဖြစ်၏။ သူမနဲ့အတူ ဆန်တစ်စလယ်နှင့် ပတ္တမြား ဖိုခနောက် သုံးလုံးပါ ယူလာခဲ့သည်။ ထူးခြားချက်မှာ…ထမင်း၊ဟင်း ချက်လိုသည့်အခါ ပတ္တမြား ဖိုခနောက် ပေါ် တင်လိုက်တာနှင့် အချိန်အနည်းငယ်တွင် ကျက်သွားသည်။ သူမယူဆောင်လာသော ဆန်းတစ်စလယ်ကား အကြိမ်မည်မျှပင် ချက်သော်လည်း ကုန်သွားခြင်းမရှိပေ။

ဇောတိက သူဌေးလေး၏ ချမ်းသာကြွယ်ဝမှု ဂုဏ်သတင်းမှာ ကျော်ကြား၍ တစ်နေ့နှင့်တစ်နေ့ လာရောက် ကြည့်ရှုသူများ ၊ တိုးပွားလာ၏။ ဇောတိကသည် ထိုသူတို့အား ဧည့်ခံကျွေးမွေး၍ ထိုက်သည်အား လျှော်စွာ ရွှေ၊ ငွေ ၊အဝတ်အစား လက်ဆောင်များကိုလည်း ပေးကမ်းလှူဒါန်းလေ့ရှိ၏။ ယင်းသို့ ပေးကမ်းသော်လည်း ပစ္စည်းဥစ္စာများမှာ ကုန်းသွားသည်မရှိ ၊ တစ်နေ့ထက် တစ်နေ့ တိုးပွား၍သာ လာ၏။

ဗိမ္ဗိသာရမင်းကြီး လာရောက်လည်ပတ်ခြင်း

ဇောတိကဂုဏ်သတင်း ကျော်ဇောခြင်းကြောင့် မင်းကြီးကိုယ်တိုင်း လည်ပတ်လာ၏။ မင်းကြီးအား ခရီးဦး ကြိုဆို အိမ်းတွင်းကို လှည်လည်ပြခိုင်း ပတ္တမြားကျောက်တို့ဖြင့် ခင်းထားသော အခန်းတစ်ခုသို့ရောက်သွား၏။ မင်းကြီးသည် အောက်သို့ တိုးယိုပေါက် မြင်ရ၍ အလွန်နက်သော ချောက်ကြီးထင်းမှတ်ကာ ခြေတွန့် ဆုတ်သွားခဲ့သည်။ဇောတိကမှ ချောက်မဟုတ်ကြောင်း ဦးဆောင်ရှေ့မှ ခေါ်ဆောင်သွားမှ မင်းကြီးလည်း နောက်မှ လိုက်သွားဝံ့တော့သည်။


အိမ်းတွင်း လှည်လည်ကြည့်ရှု့ပြီး ဧည့်ခံကျွေးမွေးသော အခါ ဇောတိက၏ သလေးထမင်းမှာ စားကောင်းလွန်း၍ ၊ မင်းကြီးမှာ မရောင့်ရဲ့မတင်းတိမ်နိုင်ဖြစ်နေသည်။ ထိုအချင်းအရာကို အကဲခတ်မိသော ဇောတိကက မင်းကြီးအား အစားကြူးကာ ဥပါဒ်ဖြစ်မှာ စိုးသောကြောင့် ” အရှင်မင်းကြီး မျှတရုံသာ စားပါ” ဟု တားယူရသည်။

ထမင်းစားပြီး စကားပြောနေစဉ်တွင် ဇနီးအတုလကာရီမှ မင်းကြီးအား ယပ်ခပ်ပေးနေ၏။ ထိုအခိုက် အတုလကာရီမှာ မျက်ရည်များ ယိုကျလာ၏။

ဒီတော့ မင်းကြီးက.. ‘ဇောတိက မင့်ဇနီးက မင်းတို့ပိုင်ဆိုင်မှုတွေကို မင်းဘဏ္ဍာအဖြစ် သိမ်းပိုက်မှာ စိုးလို့ မျက်ရည်ကျတာလား’

‘မဟုတ်ပါမင်းကြီး.. ‘

ကျနေ့ာ်ဇနီးက ဆီးမီးရောင်ကို မမြင်ဖူးဘူး။ ပတ္တမြားရောင်ဖြင့်သာ နေထိုင်သူဖြစ်ပါတယ်။ ဆီးမီးရောင်နဲ့ မင်းကြီးရဲ့ ကိုယ်မှ ထွက်သော အနံ့ကြောင့် မျက်ရည်ကျရတာပါ။

ထို့နောက် မင်းကြီးအားလည်း ပတ္တမြားရောင်ဖြင့် နေရန် သခွားသီးခန့် ပတ္တမြားတစ်လုံးကို လက်ဆောင် ပေးလိုက်၏။ မင်းကြီးလည်း ဇောတိက ကြွယ်ဝမှုကို အံ့မခန်းဖြစ်ကာ နန်းတော်သို့ ပြန်သွားခဲ့သည်။

၃) ဇောတိက အတိတ်ဘဝအကြောင်း -၁

ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ မဟာသာလ၊ စူဠသာလဟုခေါ်သော ညီအစ်ကို နှစ်ယောက်ရှိခဲ့၏။ သူတို့ စီးပွားရေးလုပ်ငန်းမှာ ကြံစိုက်ပျိုးရေး လုပ်ငန်းဖြစ်၏။ တစ်နေ့သောအခါ ညီဖြစ်သူက သူတို့စားသုံးရန် ရင့်သော ကြံနှစ် ချောင်းကို ခုတ်ယူလာခဲ့သည်။ ထိုအချိန်က အသီးအပင်များမှာ အဆီဩဇာပြည့်ဝ၍ ခုခေတ်ကဲ့သို့ ကြံများကို ညှစ်ယူ၊ ကြိတ်ယူစရာမလိုပဲ ခုတ်ဖြတ်ပြီးထောင်လိုက်ရုံဖြင့် ကြံရည်များ ယိုစီးကျသည်ဟု ဆို၏။

ထို့ကြောင့် ကြံရည်များ ယိုမထွက်စေရန် ဖက်ရွက်ဖြင့် ကြံနှစ်ချောင်းကို လုံအောင်ထုပ်ကာ အိမ်သို့ ပြန်လာခဲ့၏။ အပြန်လမ်းခရီးတွင် ပစ္စေကဗုဒ္ဓါကို ဖူးတွေ့ရ၍ ကြည်ညိုစိတ်ဖြစ်ကာ သူ့အပေါ်ရုံကို ဖြန့်ခင်းပြီး ၊ နေရာထိုင်ခင်းပေးကာ အရှင်မြတ်ထံမှ သပိတ်ကိုယူ၍ မိမိအတွက် ကြံရည်များကို ဆက်ကပ်လေ၏။ ပစ္စေကဗုဒ္ဓါသည် တစ်ထိုင်တည်းဖြင့် ကြံရည်များကုန်အောင် ဘုဉ်းပေးသည်ကို ဝမ်းမြောက်ကြည်နူးလို့ အစ်ကို အတွက် ယူလာခဲ့သော ကြံရည်များကိုပါ ထပ်မံ လှူဒါန်းလိုက်သည်။

ညီတော်မောင်က အစ်ကိုအား ဖြစ်ကြောင်းစုံလင်ပြောပြ၍ နှစ်ဦးသား အလှူဒါနအတွက် ဝမ်းသာကြည်နူးမှုကြောင့် ထိုနေ့မှစ၍ စီးပွားဥစ္စာများ တိုးပွားလာရလေသည်။

အတိတ်အကြောင်း – ၂

ညီအစ်ကိုနှစ်ယောက် ဤကုသိုလ်ကောင်းမှုကြောင့် သတ်တမ်းစေ့၍ သေလွန်သောအခါ နတ်ပြည်၌ နတ်သားများ ဖြစ်ကာ ၊ ဝိပဿီမြတ်စွာဘုရားလက်ထက် ဗန္ဓုမတီပြည် သူကြွယ်အိမ်မှာ ညီးအစ်ကိုနှစ်ယောက် ထပ်ဖြစ်ကြပြန်သည်။

ဗန္ဓုမတီပြည်သို့ မြတ်စွာဘုရား ကြွလာသောအခါ အစ်ကိုကြီးသေနမှာ မြတ်စွာဘုရား၏ တရားနာရ၍ တရားရကာ ပစ္စည်းအားလုံး ညီတော်မောင်အား လွှဲအပ်ကာ ရဟန်းပြု တရားအားထုတ်၍ ရဟန္တာဖြစ်သွားလေသည်။

ညီငယ် အပရာဇိတကတော့ လောကီစည်းစိမ်းများကို မစွန့်လွှတ်နိုင်သေး၍ လူ့ဘဝဖြင့်ပင် ကောင်းမှု ကုသိုလ်များကို ပြုလုပ်ကာ ပါရမီဖြည့်နေ၏။ တစ်နေ့တွင် အစ်ကိုလုပ်သူအား သံသရာ အကျိုးအတွက် ကုသိုလ်ထူးတစ်ခု ထူးထူးခြားခြား လုပ်ချင်သည်ဆို၍ အစ်ကိုဖြစ်သူ အရှင်သေန တိုက်တွန်းမှု ကြောင့် မြတ်စွာဘုရား ဂန္ဓကုဋိ ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းလေသည်။

ညီငယ်အပရာဇိတသည် ကြီးကျယ်ခန့်ညားသောကျောင်းဆောင်ကို ဆောက်လုပ်၏။ ကျောင်းဆောင်၏ တိုင်၊ အမိုး၊ အကာများကို ရတနာ ခုနစ်ပါးဖြင့် စီခြယ်ပြုလုပ်၏။ ကျောင်းပရဝုဏ်ကိုလည်းကောင်းမွန်စွာ ကာရံ၍ ရေတွင်း ၊ ရေကန် ၊ သစ်ပင် ၊ပန်းမန်တို့ဖြင့် ကြည်နူးဖွယ်တည်ဆောက်ထား၏။

ကျောင်းဆောက်ပြီးသောအခါ ကျောင်းတွင်းမှာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတို့ဖြင့် နေရာအနှံ့ဖြန့်ခင်းထား၏။ မြတ်စွာဘုရား သီတင်းသုံးတော်မူမည့်နေရာတွင် ထူခြားစွာ အရောင်ထွက်သော ပတ္တမြားကို ခင်းထား၏။

ရတနာအတိပြီးသော ကျောင်းဆောင် ဆောင်လုပ်ပြီးသော အခါ မြတ်စွာဘုရားနှင့် ရဟန်းတော်များကို ပင့်ဖိတ်၏။ နောက်ပါရဟန်းတော်များက ရတနာများကြောင့် ကျောင်းတံခါးဝမှာ ရပ်တန့်စဉ် အကြောင်းရိပ်မိသော အပရာဇိတက ဤရတနာများကို တပည့်တော်စောင့်ရှောက်ပါမည်ဟု လျှောက်ထားမှ ကျောင်းတွင်းကို ဝင်တော် မူသည်။

ဤကျောင်းတော်ကြီးမှာ မြတ်စွာဘုရားနှင့်သံဃာတော်များ သီတင်းသုံးစဉ် များစွားသော လူများ လာရောက် ကြည့်ရှုကြလေသည်။ လာရောက်လာသောလူများကိုလည်း တနိုင်စာရတနာများကို ယူဆောင်ခွင့် ပေးထားသည်။

တစ်နေ့တွင် မိစ္ဆာဒိဋ္ဌိ ပုဏ္ဏားတစ်ယောက် မြတ်စွာဘုရားလားရောက်ဖူးမျှော်ဟန်ဖြင့်ကျောင်းသို့လာရောက်ကာမြတ်စွာဘုရားရှေ့ချထားသော အဖိုးတန်ပတ္တမြားကိုယူဆောင်သွားလေသည်။ ဤအကြောင်းကို ကျောင်းဒါယိကာ အပရာဇိတကြားသိရသောအခါ စိတ်မကောင်းဖြစ်၍ မြတ်စွားဘုရားထံ ချဉ်းကပ်ကာ… ” အရှင်ဘုရား ယနေ့မှ စ၍ ဖြစ်လေရာ ဘဝတိုင်းမှာ တပည့်တော်၏ ပစ္စည်းကို မည်သူမျှ ခိုးဝှက်လုယက်၍ မယူနိုင်ပါစေသားဟု ဆုတောင်းလိုက်လေ သည်။ မြတ်စွာဘုရားကလည်း တောင်းတဲ့ ဆုနဲ့ ပြည့်စေသားဟု ဆုပေးလိုက်၏။

၅) ဇောတိက သူဌေးသား ဤကောင်းမှုကြောင့် ဂေါတမမြတ်စွာဘုရားလက်ထက်မှာ သူ၏ ပိုင်ဆိုင်မှုများသည် မည်သူမျှ သူ့ဆန္ဒမပါပဲ ခိုးယူ၍ မရခြင်းဖြစ်၏။ အဇာတသတ်မင်းကိုယ်တိုင် စစ်ချီသော်လည်း ဘုန်းတန်ခိုး ကြောင့် စစ်သည်များ ရောင်ပြန်ဟပ်ကာ ဆုတ်ခွါထွက်ပြေးရလေသည်။

ပါရမီရှင် ဇောတိကသည် အဇာတသတ်မင်း လုပ်ရပ်ကြောင့် လောကီစည်းစိမ်၏ အန္တရာယ်ကို သိမြင်ကာ ပစ္စည်းများကို စွန့်ခွါ၍ ရဟန်းပြုခွင့်တောင်းကာ ရဟန်းပြုလေသည်။

ဇောတိကရဟန်းလေး ရဟန္တာဖြစ်သည်နှင့် တစ်ပြိင်နက် သူပိုင်ဆိုင်သော ပစ္စည်းများ ပျောက်ကွယ်သွား၍၊ ဇနီးဖြစ်သူအတုလကာရီကိုလည်း နတ်များက မြောက်ကျွန်းကို ပြန်လည် ပို့ဆောင်လိုက်လေသည်။

ဗြဟ္မဏဝဂ်၊ ဇောတိကဝတ္ထု ကိုမျှဝေခံစားပါသည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)