ဇောတိကသိက္ခာပုဒ်
အမှု—မီးလှုံမှု။
အမှုသည်—ရဟန်းအများ။
ရဟန်းများကို မြွေကိုက်ခြင်း
ပြင်ဆင်ရန်ရဟန်းတို့သည် ဆောင်းအခါ၌ အခေါင်းရှိသောသစ်တုံးကြီးကို မီးရှို့၍ မီးလှုံကြကုန်၏၊ ထိုသစ်ခေါင်း၌ရှိသော မြွေဟောက်သည် မီးပူ (လောင်အပ်)သည် ဖြစ်၍ ထွက်လာပြီးလျှင် ရဟန်းတို့ကို လိုက်လေတော့၏၊ ရဟန်းတို့လည်း ခြေဥုးတည့်ရာ ပြေးကြလေတော့၏၊ ဤအကြောင်းကြောင့်—
“ယော ပန ဘိက္ခု ဝိသိဗ္ဗနာပေက္ခာ ဇောတိ သမာဒဟေယျဝါ သမာဒဟာပေယျဝါ၊ ပါစိတ္တိယံ”။
ဟု မူလပညတ်ကိုထားတော်မူရလေသည်။ ထို့နောက်ရဟန်းတို့သည် ဆီမီးထွန်းခြင်း၌၎င်း, သပိတ်ဖုတ်ခြင်း, ချွေးအောင်းခြင်းကိစ္စဝယ် မီးတောက်စေခြင်း၎င်း, မီးတင်းကုပ် (ရေနွေးစသည် ကျိုရာဌာန)၌၎င်း, မီးမမွှေးကောင်း မီးမထည့်ကောင်းဟု အယူရှိကြသဖြင့် ဗုဒ္ဓရှင်တော်ကိုလျှောက်ကြ လေရာ “အဂိလာနော အညတြ တထာရူပပစ္စယာ”ပုဒ်တို့ကို ထည့်၍ အနုပညတ် ထပ်တော်မူရပြန်သည်။[၁]
မြန်မာပြန်
ပြင်ဆင်ရန်အကြင်ရဟန်းသည် ဂိလာနမဟုတ်ဘဲ လှုံခြင်းကို ရှုငဲ့သည် (လှုံလိုသည်) ဖြစ်၍ မီးတောက်စေထိုက်သော အကြောင်းကို ကြဉ်၍ မီးကို ကိုယ်တိုင်မူလည်း တောက်စေအံ့၊ သူတပါးကိုမူလည်း တောက်ပါစေဟု စေခိုင်းအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။ [၁]
မှတ်ချက်
ပြင်ဆင်ရန်ဤသိက္ခာပုဒ်အရ ဂိလာနမဟုတ်သူ (ပကတိကျန်းမာနေသူ)ဖြစ်လျက် မီးလှုံဘို့သက်သက်ဖြင့် မီးမမွှေးကောင်း, သူများ မွှေးပြီးသားကိုလည်း တောက်အောင် ထင်းမထည့်ကောင်း မီးမထိုးကောင်းဟုမှတ်၊ ညအခါ မီးထွန်းခြင်း ဂိလာနဖြစ်၍ မီးလှုံဘို့အတွက် မီးထည့်ခြင်း သပိတ်ဖုတ် ရေနွေးကျို ဆွမ်းချက်ကိစ္စအတွက် မီးမွှေးပေးခြင်း ခြင်္သေ့သစ်ကျား စသော ဘေးရန်အတွက် မီးထည့်ခြင်း မီးထိုးခြင်း စသည်ကား အပ်ပါ၏။ သို့သော် ရဟန်းကိုယ်တိုင် မီးမွေးရာ၌ မီးလောင်ပြီး မဟုတ်သော မြေပေါ်၌၎င်း မြက်သစ်ပင်ရှိသော မြေပေါ်၌၎င်း မမွေးကောင်းဟု သတိပြုပါ။ မိမိကမခိုင်းဘဲ သာမဏေစသူတို့ ထည့်ထားသော မီးကိုလည်း လှုံကောင်းပါ၏၊ သို့သော် မီးငြိမ်းနေသည်ကို တောက်လာအောင် မမှုတ်ကောင်း, ထင်းထိုး၍လည်း မပေးကောင်းဟု သတိပြုပါ။ [၁]