မြန်မာ့ဝေါဟာရတွင် ဇော်မွှားဟုတွင်သောပန်းမျိုးကို ရုက္ခ ဗေဒနည်းအရ ခွဲခြားကြည့်လျှင်၊ မျိုးရင်းအားဖြင့် သုံးမျိုးရှိသည် ကိုတွေ့ရသည်။ ပထမမျိုးရင်းမှာ 'ဒိုင်အင်းသပ် ကယ်ရီယိုဖစ် လပ်(Dianthus caryophyllus)'ဖြစ်သည်။ အင်္ဂလိပ်လို 'ကာနေးရှင်း(carnation)'ဟု ခေါ်သည် မြန်မာ တို့ကမူ ဇော်မွှားကြီးပန်းဟု ခေါ်ကြသည်။ ဒုတိယမျိုးရင်းမှာ 'ဒိုင်အင်းသပ် ပလူမားရိယပ်(Dianthus plumarius)'ဖြစ်၍၊ အင်္ဂလိပ်လို 'ပင့်ခ(pink)'ဟု ခေါ်သည်။ ဤမျိုးရင်းဝင်ဇော်မွှားပန်း၏ အရွယ်မှာ သွယ်သည် ဖြစ်၍၊ မြန်မာလို ဇော်မွှားရွက်သွယ်ဟု ရုက္ခဗေဒပညာရှင်တို့က အမည်ပေးကြသည်။ တတိယမျိုးရင်းမှာ 'ဒိုင်အင်းသပ်ဗာဗတပ်(Dianthus barbatus)' ဖြစ်သည်။ ယင်းကို အင်္ဂလိပ်လို 'ဆွိ ဝီလျံ(sweet William)'ဟုခေါ်သည်။ ဤ အမျိုးမှာ ရွက်ကားမျိုးဖြစ်၍၊ ရုက္ခဗေဒပညာရှင်တို့က ဇော်မွှား ရွက်ကားဟု အမည်ပေးကြသည်။ မြန်မာနိုင်ငံ၌ ဤရွက်ကား မျိုးကို အများဆုံးစိုက်ပျိုးကြသည်။

ဇော်မွှားကြီးပင်သည် ၁ ပေမှ ၃ ပေအထိမြင့်သောနှစ်ကြာ ခံပင်မျိုးဖြစ်သည်။ အပွင့်များစွာပွင့်သည်။ အပင်၌ မျက်နှာချင်း ဆိုင် အရွက်ပြားကလေးများရှိသည်။ ဥရောပတိုက်တောင်ပိုင်း သည် ထိုပန်းပင်၏ မူလ ပေါက်ရာ အရပ်ဖြစ်သည်။ ပန်းပွင့်၌ ပန်းရောင်၊ ခရမ်းရောင်နု၊ အနီ၊ အဖြူ သို့မဟုတ် အဝါရောင် များ ရှိတတ်သည်။ ပင်စည်မှ အတက်နုကလေးများကို ပျိုးယူ ခြင်းဖြင့်ဖြစ်စေ၊ ပင်စည်တစ်ခုကို မြေကြီးသို့ကိုင်းယူ၍ အမြစ် သစ်များထွက်စေခြင်းဖြင့်ဖြစ်စေ မျိုးပွားယူနိုင်သည်။ ပန်းပွင့် ကြီးစေရန် အဖူးတစ်ခုတည်းကိုသာ ချန်၍၊ ကျန်အဖူးများကို ခြွေချရသည်။ ထိုပန်းပင်မျိုးကို စိုက်ပျိုးကြခြင်းမှာ ပန်းပွင့်ကြီး ခြင်း၊ အရောင်လှခြင်း၊ အနံ့မွှေးခြင်းတို့ကြောင့်ဖြစ်သည်။ သို့သော် တပင်တည်းတွင် ထိုဂုဏ်များနှင့်ပြည့်စုံသော ပန်းပွင့် ကိုရခဲသည်။ ဇော်မွှားကြီးပန်းပင်သည် မွှေးကြိုင်သော အရွယ် သင့်ပန်းများ ပွင့်သည်ဟုဆိုလျှင်ပင်၊ ယင်းကို အကောင်းဆုံးဟု ခေါ်ရသည်။

ဇော်မွှားကြီးပင်သည် သဲများများနှင့် ရောထားသော နုံးမြေ တွင် ဖြစ်ထွန်းသည်။ ထိုအပင်ကို ဖျက်ဆီးတတ်သော အဆိုး ဆုံးရန်သူမှာ 'ဝိုင်ယာဝမ်း'ခေါ် ပိုးတစ်မျိုးဖြစ်သည်။ ကာကွယ် ရန်နည်းမှာ လတ်ဆတ်သည့် အာလူး၊ ခါဥဖြူကဲ့သို့သော ဥ တစ်မျိုးမျိုးကို ပါးပါးလှီးပြီးနောက် မြေကြီးအတွင်း အမြစ်၏ အနီး၌ ညနေပိုင်း တွင်မြှုပ်ထားရသည်။ နောက်တစ်နေ့နံနက် တွင် ပါးပါးလှီး၍ထည့်ထားသော ဥအလွှာတွင် ထိုပိုးများ တွယ်ကပ်၍နေသည်ကိုတွေ့ရပေမည်။ ထိုအခါ ပိုးများကို ဖျက် ဆီးပစ်နိုင်သည်။ ဇော်မွှားကြီးပင်ကို မြန်မာနိုင်ငံ၌ အနှံ့အပြား စိုက်နိုင်သည်။ ရှမ်းကုန်းပြင်မြင့်တွင် အလွယ်တကူစိုက်၍ရ သည်။

ဇော်မွှားရွက်သွယ်ပင်ကို မြန်မာနိုင်ငံ၌ စိုက်၍ရသော် လည်း၊ အစိုက်နည်းကြသည်။ ထိုအပင်မှာ နှစ်ကြာခံပင်ပျော့ မျိုးဖြစ်သည်။ ဥရောပတိုက်အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အထူး သဖြင့် မြေထဲပင်လယ်ဒေသတစ်ဝိုက်သည် ထိုအပင်၏ မူလ ပေါက်ရာဒေသ ဖြစ်သည်။ ထိုအပင်မျိုးသည် ၁၆၂၉ ခုနှစ်က ဗြိတိန်နိုင်ငံသို့ပျံနှံ့ လာသည်။ များသောအားဖြင့် နေရာအနှံ့ အပြားတွင် နံရံအိုကြီးမျာကို အမှီပြု၍၊ သဘောဝအလျောက် ပေါက်တတ်သည်။ ထိုအပင်မျိုး၌ တစ်ပေမြင့်သော ပင်စည် သေးကလေးရှိတတ်သည်။ ထိုပင်စည်ကလေးမှ အကိုင်းများ ဖြာထွက်သည်။ အရွက်သည် မြက်ပုံသဏ္ဌာန်ရှိ၍ စုံထွက်တတ် သည်။ အစေ့ကိုပျိုးယူခြင်းဖြင့်ဖြစ်စေ၊ အကိုင်းကိုဖြတ်၍ ပျိုး ယူခြင်းဖြင့်ဖြစ်စေ မျိုးပွားယူနိုင်သည်။ ဥယျာဉ်အတွင်း၌ စိုက် ပျိုးရန် လွယ်ကူသဖြင့် ထိုအပင်ကို လူကြိုက်များသည်။ ပန်း ပွင့်၌ ပွင့်ဖတ်တို့၏အနားသည် တွန့်လျက်ရှိသည်။ အနံ့မှာ မွှေးကြိုင်သည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)