ဇော်ဦး (ဒေါက်တာ)

(ဇော်ဦး၊ ဒေါက်တာ မှ ပြန်ညွှန်းထားသည်)

ကိုယ်ရေး အကျဉ်း (၁၉၈၂) ခုနှစ်မှ (၁၉၈၈) ခုနှစ်အထိ ရန်ကုန် ဆေးတက္ကသိုလ် (၁) တွင် ပညာသင်ကြားခဲ့သည်။ အထက်တန်း ကျောင်းသားဘဝနှင့် တက္ကသိုလ် ကျောင်းသား ဘဝတွင် တိုင်းပြည်ရှိ ထူးချွန်ကျောင်းသားများကို ချီးမြှင့်သော လူရည်ချွန်ဆုများ (၂) ကြိမ် ရရှိခဲ့သည်။ တက္ကသိုလ် ပညာရေးအတွက် နိုင်ငံတော်ပညာသင်ဆု ရရှိခဲ့လေသည်။ (၁၉၈၈) ခုနှစ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သော ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည်။ စစ်အစိုးရမှ တက်ကြွ လှုပ်ရှား သူများကို အပြင်းအထန် နှိမ်နင်းဖိနှိပ်သော ကာလတွင် ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း တစ်ခုသို့ သွားရောက်နေထိုင်ခဲ့ပြီး၊ ဒုက္ခသည်များ၏ လူမှုရေး ထောက်ပံ့ ပေးရေး လုပ်ငန်း များကို (၃) နှစ်တိုင် တာဝန်ထမ်းဆောင်ပေးခဲ့သည်။

(၁၉၉၄) ခုနှစ်တွင် မက်ဂွိုင်းယား ဖဲလိုးရှစ်ဆု ရရှိပြီး၊ ကိုလံဘီယာ တက္ကသိုလ်၊ နိုင်ငံတကာရေးရာနှင့် လူမှုရေးရာ ကျောင်း (School of International and Public Affairs) တွင် (၂) နှစ် ပညာသင်ကြား ပြီးနောက် နိုင်ငံတကာ လေ့လာရေးဆိုင်ရာ မဟာဘွဲ့ ရရှိခဲ့သည်။ ၁၉၉၆ − ၉၈ ခုနှစ်အတွင်း မြန်မာ့ စီးပွားရေး သုတေသန စီမံချက်အတွက် သုတေသန လက်ထောက် အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဝါရှင်တန်ဒီစီ မြို့တော်ရှိ အမေရိကန် တက္ကသိုလ် စီးပွားရေး ပညာဌာနမှလည်း ဖွံ့ဖြိုးမှု ငွေရေး ကြေးရေးနှင့် ဘဏ်များဆိုင်ရာ စီးပွားရေး မဟာ ဝိဇ္ဇာဘွဲ့ကို (၂၀ဝ၂) ခုနှစ်တွင် ရရှိခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်းပါး အများအပြား ရေးသား ခဲ့ပြီး တက်ကြွစွာ ပါဝင်လှုပ်ရှားနေဆဲ ဖြစ်သည်။ (၁၉၉၈) ခုနှစ်မှ (၂၀ဝ၆) ခုနှစ်အထိ အမေရိကန် အခြေစိုက် မြန်မာ့ ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့တွင် သုတေသနနှင့် ပေါ်လစီများဆိုင်ရာ ညွှန်ကြား ရေးမှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံရပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေး အတွက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို လေ့လာရန်အတွက် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ထိုမှတဆင့် ၂၀၁၁ ခုနှစ်တွင် မြန်မာဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်းအောက်ရှိ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ တွင် (Myanmar Development Resource Institute - Centre for Economic and Social Development) ကို ဒေါက်တာဦးမြင့် ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့ပြီး အမှုဆောင် ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်နေသည်။ ဒေါက်တာဇော်ဦးသည် ၂၀၁၃ ခုနှစ်တွင် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးမူဘောင် (Framework for Economic and Social Development) ကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့် အတူရေးဆွဲခဲ့ပြီး မြန်မာနိုင်ငံအတွက် တင်ရှိနေသော ကြွေးမြီများ လျော်ပစ်ရေးကို ပညာရှင်အနေဖြင့် ဦးဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ပဲရစ်တွင် ကျင်းပသော မြီရှင်များကလပ် (Paris Club) တွင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်နှင့်အတူ သမိုင်းဝင် ညှိနှိုင်းရေး ကို ဆောင်ရွက်နိုင်ခဲ့သည်။ အကျိုးဆက် အနေဖြင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးရေးဘဏ်များနှင့် ပြန်လည် ဆက်ဆံခွင့်ရပြီး နိုင်ငံတကာ ဆက်ဆံရေး ပြန်လည် စတင်နိုင်ခဲ့သည်။

ရည်ညွန်း - The Voice Weekly [၁] Archived 11 October 2011 at the Wayback Machine.