တရားအားထုတ်ဟန် သို့မဟုတ် ဈာန်ဝင်စားဟန်ဖြစ်သည်။

သမာဓိမုဒြာ, သမာဟိတမုဒြာတို့နှင့် ဆင်တူဖြစ်သည်။ ယောဂမုဒြာဟုလည်း ခေါ်သည်။ လက်နှစ်ဖက်ကို

ပေါင်ခွင်ပေါ်တွင် လက်ဝါးနှစ်ဖက်စလုံး လှန်၍ လက်ျာလက်ဝါးသည် လက်ဝဲ လက်ဝါးပေါ်တွင်ထပ်ပြီးလျှင် မတောင့် မတင်းစေပဲ အကြောများကို လျှော့ထားကာ သက်သက်သာသာ တင်ထားသောပုံဟန်ဖြစ်သည်။ ဈာန်ဝင်စားနေပုံ သမာဓိရနေပုံမျိုး ပေါ်လာအောင် စီရင် ထားသည်။ ဤပုံများတွင် တခါတရံ လက်မနှစ်ခုထိပ်ချင်း တေ့ဆိုင်ထားခြင်း, ကျန်လက်ချောင်းများ ဖြန့်တင်ထားခြင်းများကို တွေ့ရတတ်သည်။

တိဗက်မြန်မာ ယဉ်ကျေးမှု အယူအဆများအရ ဈာနမုဒြာကို အမိတာဘာ ဈာနိဗုဒ္ဓ၏ ရုပ်ပွားတော်ထုလုပ်ကြရာ၌ အသုံးပြုကြသည်။ ဈာန်ဝင်စားနေသော ပုဂ္ဂိုလ်၏ စိတ်သည် အလွန်ကြည်လင် သန့်ရှင်းရကား အဆုံးအပိုင်းအခြားမရှိ တောက်ပြောင် ထွန်းလင်းသော ဉာဏ်အလင်းရောင် ရှိတော်မူသည့် အမိတာဘာဘုရားကို ညွှန်ပြလိုသော သဘောကြောင့် ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရား, မဉ္ဇူဿရိဘုရားနှင့် မာန်လ ဘုရားများကို ဤမုဒြာဖြင့် မကြာခဏတွေ့ ရှိနိုင်ပေသည်။

အချို့ဈာနမုဒြာ ပုံများတွင်မူ လက်တဖက်စီကို တင်ပလ္လင် ထိုင်ထားသော ဒူးတဖက်စီတွင် အလိုက်သင့် တင်ထားတတ်ပေသည်။ သီဝဗသုပတိ ရုပ်ပုံနှင့် ဣန္ဒူမြစ်ဝှမ်းမှ ရုပ်ပွားတော်များ၏ ဈာနမုဒြာ, ယောဂမုဒြာများကို ဤဟန်ဖြင့် တွေ့ရှိနိုင်ပေသည်။

တပေါစမင်္ဂလာ, ဗြဟ္မစရိယမင်္ဂလာ၊ အရိယသစ္စာနဒဿနမင်္ဂလာများကို ရည်ဆောင်ပုံဖော်ပြထားခြင်းဖြစ်သည်။

သန္တရသနှင့် ဝိမုတ္တိရသတို့ကို ပေါ်လွင်စေရန် ရည်ညွှန်းပေသည်။

ဗောဓိပက္ခိယတရားများအနက် ဈာန်တရားများကို ပဓာနအားဖြင့် ရည်ညွှန်းထားသည်ဟု အဆိုရှိသည်။ သမထလုပ်ငန်း အကျင့်စခန်းကို ညွှန်ပြလျက်ရှိပေသည်။

ပုံစံအားဖြင့် ဂျပန်ပြည်ရှိ ဒိုင်ဗုစုခေါ် ရုပ်ပွားတော်ကြီးသည် ဈာနမုဒြာဖြင့်ရှိပေသည်။

ရန်ကုန်မြို့ ကမ္ဘာအေး ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပြတိုက်တွင် ဈာနမုဒြာဖြင့် ဗုဒ္ဓရုပ်ပွားတော်များကို ခင်းကျင်းပြသထားပါသည်။

ပုဂံ ရွှေဆံတော်စေတီခေါ် မဟာပိန္နဲဘုရားအတွင်း အလယ်ဗဟိုတွင် ဈာနမုဒြာဖြင့် ဆင်းတုတော်တဆူရှိပါသည်။ နဂါးရုံဘုရားတွင်းမှ နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များကိုလည်း ဈာနမုဒြာဖြင့်တွေ့ ရပါသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားခေါ် ကျိုက်ဒေးအပ်စေတီအတွင်းမှ တူးဖော်ရရှိထားသော ရဟန္တာပုံတော်များကို၎င်း, ပုဂံ အာနန္ဒာစေတီတော်တွင်းရှိ သုဇာတာပုဏ္ဏားတို့၏ ဆွမ်းအလှူကို ခံတော်မူပုံများကို၎င်း ဈာနမုဒြာဖြင့် တွေ့ရှိရပါသည်။

ဈာနမုဒြာပါသော ရုပ်ပွားဆင်းတုများကို ကိုးကွယ်သူသည် တည်ကြည်ငြိမ်သက်ခြင်း ဓာတ် သဘောအပြည့်အဝရရှိခြင်း, စိတ်ဝေဒနာ သောကပရိဒေဝ ကင်းငြိမ်းခြင်း ဉာဏ်ပညာ တိုးတက်ပွင့်လင်းခြင်း, တရားထူးကို ရလွယ်ခြင်း, သမထပေါက်လွယ်ခြင်း, ထွက်ရပ်ပေါက်လွယ်ခြင်း, သိဒ္ဓိပြီးခြင်း မကောင်းကျိုးဟူသမျှ လောင်ကျွမ်းချုပ်ပျောက်သွားခြင်းစသော အကျိုးထူးများ ရနိုင်ကြောင်းဖြင့် ဝဇီရာယာန ကျမ်းဂန်များ၌ ဖွင့်ဆိုထားပေသည်။

ဈာနမုဒြာ ရုပ်ပွားတော်ရှိသည့် တိုင်းပြည်ရပ်ရွာသည် အေးချမ်းသာယာ၍ တည်တံ့ငြိမ်သက်ကြောင်းဖြင့်လည်း တန္တရာယာနကျမ်းများ၌ ဖော်ပြထားလေသည်။

သီလပါရမီ၊ ပညာပါရမီ၊ ဈာနပါရမီ၊ မေတ္တာပါရမီ၊ ဝီရိယပါရမီ စခန်းများသို့ ရည်ဆောင်ညွှန် ပြလိုရင်းဖြစ်ကြောင်း၊ ပဋိမာသိပ္ပံ ပညာရှင်များက မိန့်ဆိုကြသည်။ ဈာနသည် ပါရမီတာများတွင် တခုအပါအဝင်ဖြစ်သည်ဟု မဟာသင်္ဃိက ဂိုဏ်းနှင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ဗုဒ္ဓဘာသာ ကျမ်းဂန်များ၌ ပြဆိုပါသည်။

ပါရမီများ = ဒါန-သီလ-ပညာ—နေက္ခမ္မ-သစ္စာ-အဓိဋ္ဌာန-ဝီရိယ-ခန္တီ –ဥပေက္ခာ-မေတ္တာ-ဈာန-ဥပါယကောသလ္လ-ပဏိဓာန-ဗလ-ဉာဏ-ဟူ၍ တဆယ့်ငါးပါးအပြားရှိလေသည်။ မူလပါရမီ ခြောက်ပါးမှာ-ဒါန-သီလ-ခန္တီ-ဝီရိယ-ဈာန-ပညာတို့ဖြစ်ကြသည်ဟု ဒသဘူမိက သုတြာတွင် ဖွင့်ဆိုထားပါသည်။ [၁][၂] [၂]

ကိုးကား ပြင်ဆင်ရန်

  1. JNĀNA MUDRĀ see also Dhammacakkappavattana Mudra (Dharmacakra Mudrā) DHI. p. 254. EHI. i.i. p. 17.
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ