ညောင်ချောင်းဆရာတော်
ကိုလိုနီခေတ်ဦး မြစ်ဝကျွန်းပေါ်မှ သထုံဒေသတိုင် ညောင်ချောင်း ဆရာတော်၊ သံကြိုးဆရာတော်၊ နှုတ်ခမ်းမွေးဆရာတော် အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သော ဓမ္မကထိက ဆရာတော်ဖြစ်သည်။ ဒွါရဂိုဏ်းတည် အုဂ်ဖိုရ် ဆရာတော်နှင့် ဓနုဖြူသဒ္ဓမ္မဇောတိကာရာမတိုက် ဒုတိယဆရာတော်တို့၏ တပည့်ရင်းဖြစ်သည်။ ရဟန်း တစ်ဝါရကပင် သီရိလင်္ကာနိုင်ငံ၌ ဘာသန္တရ ဒေသန္တရ ပိဋကတ်စာပေများ သင်ယူခဲ့သည်။ သီရိလင်္ကာမှအပြန် ဗုဒ္ဓဝံသအဋ္ဌကထာကို လက်ရင်းထား၍ “ဘုရားရုပ်ပွားတော်၌ နှုတ်ခမ်းမွေး ရှိသင့်ကြောင်း ဟောပြော၍ ဥတ္တမင်္ဂဝိနိစ္ဆယစာတန်း၊ ဥတ္တမင်္ဂဝိနိစ္ဆယ ဋီကာ ရေးသားထုတ်ဝေခဲ့ရာ မန်လည်ဆရာတော်၏ “လုပ်ငန်းရယ်ပို၊ နှုတ်ခမ်းကို သူကြည်ညိုသတဲ့၊ သီဟိုဠ်ပြန်ဘုန်း။ ထင်တွေးပို၊ ဖင်မွေးတော် ဘယ်လိုဆိုပ၊ သီဟိုဠ်ပြန်ဆရာဉာဏ်ရဲ့၊ အပဒါန် ရွှေစာတန်းလို့ရယ်၊ ကျမ်းပြပါအုံး”ဟု သရော်ခံရသည်။ ပျိုရွယ်စဉ်က အတွေးထူး အတွေး ဆန်း၊ ဉာဏ်ထူးဉာဏ်ဆန်း၊ အယူထူး အယူဆန်း၊ ကျမ်းထူး ကျမ်းဆန်း များကြောင့် ဝေဖန်စာချိုးခံရသော်လည်း ဘုရားဟော ပါဠိတော်များကို အမြဲလက်ကိုင်ပြု အချိန်ကာလကို ကုန်လွန်လေ့ရှိကြောင်း ရွှေကျင် နိကာယသာသနာပိုင် ရွှေဟင်္သာဆရာတော်က မှတ်တမ်းတင်ခဲ့ပါသည်။
ဉာဏဝံသ၊ ရှင်၊ ညောင်ချောင်းဆရာတော်
ပြင်ဆင်ရန်၁၈၆၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် အင်္ဂါနေ့တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ညောင်ချောင်းရွာ၌ ဖွားသည်။ အဖ ဦးရွှေခင် အမိ ဒေါ်မမ ဖြစ်သည်။ မွေးချင်းလေးယောက်တွင် အကြီးဆုံးဖြစ်၍ အမည် မောင်ဘိုးမောင် ဖြစ်သည်။ ညောင်ချောင်းရွာ ခါးပန်းနီကျောင်း (နောင် ကလျာဏီကျောင်း) ရှင်ပညာဝံသထံ စတင်ပညာသင်သည်။ ၁၁ နှစ်တွင် ရှင်ပညာဝံသကို ဥပဇ္ဈာယ်ယူ၍ သာမဏေဖြစ်သည်။ သာမဏေ ၉ ဝါရ အသက် ၂ဝ တွင် ဓနုဖြူ တောင်ပေါ်ကျောင်းခေါ် သဒ္ဓမ္မဇောတိကာရာမတိုက် သိမ်၌ ရဟန်းဖြစ်သည်။ ဥပဇ္ဈာယ်ဆရာမှာ တောင်ပေါ်တိုက်တည် ဟင်္သာတ ဘုရားကြီးဆရာတော် ရှင်သာဂရဗုဒ္ဓိ (၁၈၄၉-၁၉၁၁) ဖြစ်သည်။ ရဟန်းဖြစ်ပြီး တောင်ပေါ်တိုက်၌ ဆက်လက်ပညာသင်သည်။
ရဟန်း တစ်ဝါရ ၁၈၈၈ ခုနှစ်တွင် အုတ်ဖိုရ်ဆရာတော် သီရိလင်္ကာ နိုင်ငံ စွယ်တော်ဖူးကြွရာ လိုက်ပါ၍ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ မကုဋာရာမတိုက်တည် ရှင်ဝိနယာလင်္ကာရထံ နေရစ်ခဲ့သည်။ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဝိဇ္ဇောဒယ ပရိဝေဏကကျောင်းတိုက် သီရိသုမင်္ဂလ ဆရာ တော်(၁၈၂၇ -၁၉၁၁)ထံ သုံးနှစ် သီတင်းသုံး၍ သီဟိုဠ်ဆရာတော်များထံ၊ သက္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ ဟိန္ဒီ၊ သီဟိုဠ်ဘာသန္တရနှင့် ပိဋကတ်စာပေများ သင်ယူသည်။ ၁ဝ နှစ်ခန့်အကြာ မြန်မာပြည် ပြန်ခဲ့သည်။ မြန်မာပြည် ပြန်ရောက်ပြီး အုဂ်ဖိုရ်ဆရာတော်၊ မြန်အောင် ဂူကိုးလုံးဆရာတော်၊ မန္တလေး မြတောင်ဆရာတော်တို့ထံတွင် ထပ်မံ နည်းခံသင်ယူသည်။
၁၉ဝ၁ ခုနှစ် ဓနုဖြူမြို့ ဝါတွင်းတရားပွဲ၌ “မြတ်စွာဘုရား၏ မျက်နှာတော်၌ ဘုရားရှင်၏ လက်သစ်တော်အားဖြင့် နှစ်သစ်၊ ယခုခေတ်လူတို့၏ လက်သစ်အားဖြင့် ကိုးသစ်ပမာဏရှိသော မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး ရှိကြောင်း၊ ဘုရားရုပ်တုတော်များ၌ မုတ်ဆိတ်ကြင်စွယ်တော် တပ်သင့်ကြောင်း ထည့်သွင်းဟောကြားခဲ့သည်။ တရားပွဲအပြီး ဒါယကာအချို့က ဘုရား ရုပ်တုတော်၌ မုတ်ဆိတ်ကြင်စွယ်တပ်သင့်ကြောင်း စာအုပ်စာတန်း ရေးသားပါရန် လျှောက်ထားခဲ့သည်။ ထို့ကြောင့် ၁၉၀၁ ခုနှစ်တွင်
ဟံသာဝတီပုံနှိပ်တိုက်က ရှင်ဉာဏဝံသ၏ “ဥတ္တမင်္ဂဝိနိစ္ဆယစာတန်း” ထုတ်ဝေခဲ့သည်။ ထိုစာတန်း ထွက်ပေါ်လာလျှင် အသုတ်လေးထပ်ကျောင်း ဆရာတော် ရှင်သုန္ဒရ က “မာသု ဒါဋ္ဌိက ဝိနိစ္ဆယစာတန်း”၊ သာသနာပိုင် ဦးဉေယျ၏တပည့် ပရက္ကမဆရာကြီး အမည်ခံပုဂ္ဂိုလ်က ‘ဗုဒ္ဓပဝါသုနိဂ္ဂဟ စာတန်း’တို့ဖြင့် ပြန်လည်ချေပ ဆန့်ကျင်ကြသည်။ မန်လည်ဆရာတော်ကမူ “လုပ်ငန်းရယ်ပို၊ နှုတ်ခမ်းကို သူကြည်ညိုသတဲ့၊ သီဟိုဠ်ပြန်ဘုန်း၊ ထင်တွေးပို၊ ဖင်မွေးတော် ဘယ်လိုဆိုပ၊ သီဟိုဠ်ပြန် ဆရာဉာဏ်ရဲ့၊ အပဒါန် ရွှေစာတန်းလို့ရယ်၊ ကျမ်းပြပါအုံး”ဟု စာချိုးခဲ့သည်။ ရှင်ဉာဏဝံသကလည်း ၁၉ဝ၂ ခုနှစ်တွင် ဟံသာဝတီတိုက်က “ဥတ္တမင်္ဂဝိနိစ္ဆယဋီကာ” ထပ်မံ ထုတ်ဝေခဲ့သည်။ ထိုအချိန်မှစ၍ နှုတ်ခမ်းမွေးဆရာတော်ဟု အမည်တွင် ခဲ့သည်။
ရှင်ဉာဏဝံသသည် ပါဠိ၊ သက္ကတ၊ သဒ္ဒါကျမ်းများမှ ထုတ်နုတ်၍ သဒ္ဒလိလာကျမ်း၊ ဂဗ္ဗလီလာကျမ်း (၁၈၉၈)၊ သီလဝိသုဒ္ဓိကထာကျမ်း၊ ဣရိယာပထကောသလ္လကျမ်း၊ အမ္ဗုလဒီပနီကျမ်း၊ သာသနာနုဂ္ဂဟ စာတန်းများ ရေးသားခဲ့သည်။ သီလဝိသုဒ္ဓိ ကထာကျမ်းတွင် အဟိဖေဏက ခေါ်အပ်သော ဘိန်းသည် သူရာငါးပါး၊ မေရိယငါးပါးတွင် မပါ၊ ဥပုဒ်သည်များ သုံးစွဲအပ်ကြောင်း။ ဣရိယာပထကောသလ္လကျမ်းတွင် တင်ပလ္လင်ခွေသော ဣရိယာပုဒ်ဖြင့် တရားနာသော်လည်း အဂါရဝ မဖြစ်၊ ဂါရဝသာဖြစ်ကြောင်း ရှင်းလင်းရေးသားထားသည်။ ရှင်ဉာဏဝံသသည် အတွေးထူး၊ အရေးဆန်း၊ ဉာဏ်ထူးဉာဏ်ဆန်းများကြောင့် တစ်မူထူးခြား ခဲ့သည်။ အသံဩဇာကောင်း၍ အကြောင်းအရာတိုင်းကို နှုတ်မဆိတ်တမ်း၊ နားထောင်ကောင်းအောင် ပြောနိုင် ဟောနိုင်၏။
လောကရေး၊ ဓမ္မရေး တို့တွင် ဗဟုသုတကြွယ်ဝ၍ တင်္ခဏုပ္ပတ္တိ ဉာဏ်ကောင်းသည်။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ နှံ့စပ်၍ ထင်ရှားသော ဓမ္မကထိကတစ်ပါး ဖြစ်သည်။ တရားဟောရာတွင် သင်္ကန်းရုံလျက် အပိုစကားမပါ၊ အသံချဲ့စက်မပါဘဲ တရားနာပရိသတ် တစ်ထောင်ကျော်ကို ပေါက်အောင် ဟောနိုင်သည်။ အသံဩဇာပြည့်စုံ၍ ဣန္ဒြေရရ တည်တည်ငြိမ်ငြိမ် ဟောလေ့ရှိသည်။
၁၉၁၂ ခုနှစ်က ဝေဠုဝန်ဆရာတော် ရှင်ပဏ္ဍဝံသ (၁၈၆၅— ၁၉၄၃) သာယာဝတီခရိုင် ထိန်တောမြို့ ဝေဠုဝန်တိုက်၌ သီတင်းသုံးနေစဉ် ဟဒယဝတ္ထု၊ ဝိနိစ္ဆယနှင့်ပတ်သက်၍ ဆွေးနွေးရာ ဝေဠုဝန်ဆရာတော် ထံမှ ပါဠိတော်စကားကိုသာ ကြားချင်ပါသည်၊ အဋ္ဌကထာ၊ ဋီကာစကား မပြောပါနှင့်ဟု စကားခံ တောင်းဆိုခဲ့သည်။ ဝေဠုဝန်ဆရာတော်မှာ ဂူသုံးလုံးဆရာတော်ထံတွင် ပညာသင်ဖက်ဖြစ်၍ အဘိဓမ္မာအရာတွင် အလွန် ကျွမ်းကျင်နိုင်နင်းသည်။ မူလဋီကာပို့ချရာတွင် အလွန်ထင်ရှား သည်။ အဘိဓမ္မာအကျော် မြို့ပြင်ကြီးဆရာတော် ရှင်စန္ဒဝံသနှင့် ပြည်မြို့ ပွင့်လှသိမ်ကုန်းဆရာတော် ရှင်နာရဒတို့၏ တပည့်ကြီးဖြစ်သည်။ ဝေဠုဝန် နိကာယ၏ ဒုတိယမြောက် အဓိပတိဖြစ်သည်။ ထို့ကြောင့် ညောင်ချောင်း ဆရာတော်သည် ဝေဠုဝန်ဆရာတော်ထံမှ ပါဠိတော်စကားကိုသာ တောင်းခံ ခဲ့ခြင်းဖြစ်သည်။
၁၉၂၆ ခုနှစ်က ဟင်္သာတမြို့တွင် ရာဇဝတ်ဝန်ကလေး စိဒန်တရာ အမှူးပြုသော တရားနာပရိသတ်အပေါင်းကို တရားဟောရာ တရားအဆုံး၌ ယခုဟောကြားအပ်သော ဗျာဒိတ်တော်စကားတို့ကို နောင်လာနောက်သားတို့ ကောင်းစွာ သတိပြုမိစေရန် သထုံခရိုင်၊ ဘီးလင်းမြို့နယ် ကေလာသ တောင်ထိပ်၌ “အဟောအစ္ဆရိယာဝတ သောဏ္ဍာယစေတီကျောက်စာတိုင်” စိုက်ထူမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ရာ ပုသိမ်မြို့ မင်းကတော်ကြီး မမိက ဒါယကာခံ၍ ကျောက်စာတိုင် စိုက်ထူခဲ့သည်။ ကျောက်စာပါ စကားကို အကျယ်ချဲ့ ကျမ်းစာရေးသားပါရန် ဒါယကာများက ထပ်မံလျှောက်ထားရာ “သောဏ္ဍာယစေတီကျောက်စာ” စာတမ်းရေးသားခဲ့သည်။ ထိုစာတမ်းတွင် ဆကေသဓာတုဝင်ကို ကိုးကား၍ “သာသနာ တစ်ဝက်ကျော်လျှင် (၁၉၅၆) သထုံခရိုင် ဘီးလင်းဒေသ၌ ဆံတော်ရှင်စေတီ ၆ ဆူ ထင်ရှားစွာ ပေါ်ထွန်း မည်။ ကြီးစွာသော ပူဇော်သက္ကာယ ပြုကြလတ္တံ့”ဟု ဖော်ညွှန်းခဲ့သည်။
ပရိယတ္တိ ဝိသာရဒ၊ ဂန္ထန္တရဗဟုသုတ၊ ဘာသန္တရကောဝိဒဖြစ်သော ဓမ္မကထိကအကျော် ညောင်ချောင်းဆရာတော် ရှင်ဉာဏဝံသသည် သက်တော် ၇၅ သိက္ခာ ၅၆ ဝါရ ၁၉၄၁ ခု နိုဝင်ဘာလ ၁၁ ရက် ကြာသပတေးနေ့ နေ့လည် ၁၂းဝဝ နာရီတွင် တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်း ခဲ့ပါသည်။[၁]