ညောင်ရေအိုး
ဗုဒ္ဓဘာသာဝင် လူမျိုးတိုင်းတို့၏ အိမ်ဦးမှာ တတ်နိုင်သည့်အလျောက် စင်ဆောက်လုပ်ပြီးလျှင် ထိုစင်ပေါ်၌ အိုးသုံးလုံးကို ရေထည့်၍ သင့်လျော်သော ပန်းများကို ထိုးစိုက်ထားတတ်ကြ၏။ ထိုစင်ကို “ညောင်ရေအိုးစင်”၊ ထိုအိုးများကို “ညောင်ရေအိုး”၊ စိုက်ထားသောပန်းများကို “ညောင်ရေအိုးပန်း”၊ အိုးထဲ၌ ထည့်ထားသောရေကို ညောင်ရေဟူ၍ အများပင် တညီတညွတ်တည်း ခေါ်ဝေါ်ကြသည်။[၁]
ရတနာသုံးပါးအား ပူဇော်ရန်
ပြင်ဆင်ရန်ဤသို့ အိမ်တွင် ထားသော ညောင်ရေအိုးမှ ရေဖြင့် ညောင်ပင်သို့သွား၍ သွန်းလောင်းရန် ရည်သန်ခြင်း မရှိသော်လည်း ရတနာသုံးပါးကိုသာ ပူဇော်လှူဒါန်းရန် ရည်သန်ထားကြခြင်း ဖြစ်သည်။ ဈေးထဲမှာ စုပုံ၍ ရောင်းချနေစဉ်ကပင်လျှင် ညောင်ရေအိုး ညောင်ရေအိုးပန်းဟူ၍ ခေါ်ဆိုကြသည်။[၁]
ဘုရားမပွင့်မီ အစဉ်အလာ
ပြင်ဆင်ရန်ဤသို့ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာသော အခါမှစ၍ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ရတနာသုံးပါးအား လှူဒါန်းကာ ဆုတောင်းဆုယူ ပြုလုပ်အပ်သော ရေကို ညောင်ရေဟူ၍ အထင်အရှား အများပြုလုပ်ကြသည် ဆိုသော်လည်း ဘုရားမပွင့်မီ အစဉ်အလာအားဖြင့်ပင် ညောင်ပင်စောင့် ရုက္ခစိုးနတ်ကြီးများကို ရည်သန်ပူဇော် ရေသွန်းလောင်းကာ ဆုတောင်းဆုယူ ပြုလုပ်ခဲ့သော အလေ့အထ အားကြီးစွာ ထုံခဲ့ကြသဖြင့် လူတို့၏စိတ်မှာ ယခုအခါတိုင်အောင်ပင် ညောင်ပင်ကြီးများကိုမြင်လျှင် အခြားသစ်ပင်တို့ထက် ပိုမိုအရေးယူခြင်း ညောင်ပင်ကြီးများ၌ ပန်းတင်ခြင်း ဆီမီးညှိထွန်းခြင်း အစရှိသော အလေ့အထသည်ကား ထင်ရှားပင် ရှိနေသေး၏။ ထိုသို့ ပြုလုပ်ကြသော သူတို့သည် ဘုရားပွင့်တော်မူရာ ဗောဓိပင်ကို ရည်ရွယ်သည်မဟုတ်၊ ရုက္ခစိုးနတ်ကြီးနေရာ ညောင်ပင်ဖြစ်သည်ကိုသာ အသိအမှတ် ထားကြသည်။ ထိုသူတို့အား ဘုရားမပွင့်မီ ရှေးအစဉ်အလာအတိုင်း (အထူးမစိစစ်တော့ပဲ) လိုက်နာသူများသာ ဖြစ်၏။[၁]
ညောင်ရေသွန်းကြောင်း သမိုင်းကြောင်း
ပြင်ဆင်ရန်ဧကနိပါတ် ဦးရေ (၅၀)မြောက်ဖြစ်သော ဒုမ္မေဓဇာတ်၌ကား ရေသွန်းလောင်းကြောင်း တိုက်ရိုက်ပင် လာရှိသည်။
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းတော်သည် ဗြဟ္မဒတ်ဟူသော အမည်ဖြင့်ပင် ထိုမင်း၏ သားတော်ဖြစ်၍ အိမ်ရှေ့မင်းအဖြစ် စံနေစဉ် တိုင်းသူပြည်သားတို့သည် နတ်များကို အထူးကိုးစားကာ ဆိတ် ကြက် ဝက် စသည်တို့ကို သတ်ဖြတ်၍ အသွေးအသားတို့ဖြင့်၎င်း ပန်းနံ့သာ စသည်တို့ဖြင့်၎င်း နတ်ပူဇော်မှု ပြုကြကုန်၏။
အလောင်းတော် အိမ်ရှေ့မင်းသားသည် “ငါမင်းဖြစ်လျှင် ဤဒုစရိုက်ကိစ္စတွေကို (တဦးတယောက်ကိုမျှ မနှိပ်စက် မညှဉ်းပန်းပဲ) ပပျောက် ငြိမ်းချမ်းစေမည်”ဟု ကြံစည်တော်မူကာ လူအများတို့ ညောင်ပင်ကြီး၌ နတ်ပူဇော်ပွဲ ကျင်းပနေသည်ကို မြင်၍ ညောင်ပင်သို့ဝင်လျက် ပန်းနံ့သာ စသည်တို့ဖြင့် (လူအများနည်းတူ) ပူဇော်၍ ရေသွန်းလောင်းကာ ညောင်ပင်ကို လကျ်ာရစ် လှည့်လည်ရှိခိုး၍ ပြန်ခဲ့လေသည်။
ဤနည်းဖြင့် ရခါရံခါ ထိုညောင်ပင်သို့ သွား၍ တကယ်ပင် နတ်ကို ကိုးစားသောသူကဲ့သို့ ပူဇော်မှုကို ပြုပြီးသည့်နောက် ခမည်းတော်လွန်မြောက်သဖြင့် မင်းအဖြစ်သို့ ရောက်သောအခါ မှူးမတ်အားလုံးကို စည်းဝေးစေပြီးလျှင် "မှူးမတ်အပေါင်းတို့… ငါ အိမ်ရှေ့မင်းဖြစ်စဉ်အခါ ညောင်ပင်ကြီးမှာ သွားရောက်၍ ရေသွန်းလောင်း ပူဇော်ခဲ့သည်ကို သင်တို့ သိမြင်ကြသည် မဟုတ်လော၊ ထိုအခါက ငါသည် “အကျွန်ုပ်ခမည်းတော်၏ အရိပ်အရာကို ကောင်းမွန်စွာ ရရှိမူကား အထောင်မျှသော လူမိုက်တို့၏ အသွေးအသားဖြင့် အရှင်နတ်မင်းအား ပူဇော်ပါမည်”ဟု ဝန်ခံခဲ့သည့်အတိုင်း လူမိုက်တို့၏ အသွေးအသားဖြင့် ညောင်စောင့်နတ်မင်းအား ပူဇော်လိုသည်။ ယနေ့မှစ၍ နိုင်ငံတော်အတွင်းမှာ လူမိုက်များကို စစ်ဆေးမေးမြန်း စာရင်းကောက်ယူ၍ ပေးကြရမည်”ဟု အမိန့်ထုတ်ပြန်လေသည်။
ထိုအခါ သူ့ အသက်သတ်ခြင်း စသည်ကို ပြုဝံ့သော သူမိုက်ဟူ၍ မရှိအောင် တိုင်းပြည် သာယာကောင်းမွန်သွားကြောင်း ဟောပြသော ဇာတ်တော်ဖြစ်သည်။[၁]
ကဆုန်လပြည့် ညောင်ရေသွန်းနေ့
ပြင်ဆင်ရန်ဤဇာတ်တော်၌ ဘုရားအလောင်းတော် ကိုယ်တိုင်ပင် (လူအများနည်းတူ ပရိယာယ်ဆောင်တော်မူ၍) ရေသွန်းလောင်းကြောင်း တိုက်ရိုက်လာရှိသည်။ သုဇာတာဝတ္ထုက ညောင်ပင်ကို ပူဇော်ပသသော နေ့လသည် ကဆုန်လပြည့်နေ့ဖြစ်ကြောင်း ဖော်ပြ၍၊ ဒုမ္မေဓဇာတ်က ညောင်ရေသွန်းလောင်းကြောင်း ဖော်ပြသည်။ ဤစကားနှစ်ရပ်ကို တွဲစပ်လိုက်လျှင် ဘုရားမပွင့်မီက လောကမှာ အများအားထား ကိုးကွယ်ကြသော ညောင်စောင့် ရုက္ခစိုးနတ်များထံ ချဉ်းကပ်၍ နှစ်ဦးအစဖြစ်သော ကဆုန်လပြည့်နေ့တွင် ညောင်ပင်မှာ ရေသွန်းလောင်းခြင်း စသည်ဖြင့် ပူဇော်ပသပွဲ ကျင်းပကြကြောင်း ထင်ရှားပေသည်။
နောင် ဘုရားပွင့်လာသောအခါ ညောင်ပင်စောင့် ရုက္ခစိုးနတ်ကို မပူဇော်တော့ပဲ မြတ်စွာဘုရားအားသာ ပူဇော်မှု ပြုကြသည်။ သို့ရာတွင် ဘုရားမပွင့်မီက ညောင်ပင်မှာ ရေသွန်းလောင်းရသည့်အတွက် “ညောင်ရေသွန်း”ဟူသော ဝေါဟာရကိုကား မပြောင်းလဲတော့ပဲ ဘုရားအားလှူသော ရေကိုလည်း “ညောင်ရေ”ဟုပင် ခေါ်ကြသည်။[၁]