ဧကကနိပါတ် - ၇။ ဣတ္ထိဝဂ် -၆၃ - တက္ကပဏ္ဍိတဇာတ်။ ။ ခိုးသားလင်လုပ်၍ လင်ရင်း တက္ကပဏ္ဍိတအား သတ်ရန်ကြံစည်သဖြင့် မိမိပျက်စီးရသော မိန်းမယုတ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

မိန်းမဟူသမျှ ထိန်းမရ ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မိန်းမကို အမှီပြု၍ သာသနာတော်မှ လူထွက်လိုသော ရဟန်းတစ်ပါးရှိလေ၏။ ထိုရဟန်းကို မြတ်စွာဘုရားသည် “ချစ်သား ရဟန်း ... မိန်းမကို အမှီပြု၍ သာသနာတော်မှ အဘယ့်ကြောင့် လူထွက်လိုသနည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆော်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

မြစ်တွင်းမျှောလိုက် မိန်းမမိုက် ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရသေ့ရဟန်းပြုကာ အင်္ဂါမြစ်နားတွင် ဈာန်ဘိညာဉ်ကို ဖြစ်စေလျက် ဈာန်ချမ်းသာဖြင့် နေလေ၏။

ထိုအခါ ဗာရာဏသီပြည်၌ သူဌေးသမီး တစ်ယောက်သည် ယုတ်မာ၏၊ ကြမ်းကြုတ်၏၊ ကျွန်အမှုလုပ်တို့ကို ဆဲရေးတတ်၏။ ထိုသူဌေးသမီးကို ကျွန်အမှုလုပ်တို့သည် အလွန် မုန်းတီးကုန်၏။

တစ်နေ့သ၌ ကျွန်အမှုလုပ်တို့သည် သူဌေးသမီးကို “အရှင်မ ... ရေကစားသွားမည်” ဟု ပြောဆို၍ ဂင်္ဂါမြစ်နားသို့ ခေါ်ဆောင်သွားကြကုန်၏။ ဂင်္ဂါမြစ်သို့ ရောက်၍ ရေကစားနေစဉ် နေဝင်လတ်သော် မိုးသည်းစွာ တက်လတ်၏။ ထိုအခါ မိုးမိမည်စိုး၍ သူ့ထက်ငါ ပြေးလွှားကြလေ၏။ ကျွန်အမှုလုပ်တို့လည်း ယခုအခါ အခွင့်ကောင်းရပြီဟု သူဌေးသမီးကို ရေထဲ၌ ပစ်ထားလျက် ပြေးလွှားကြကုန်၏။

ရေမျောလာသူ ကယ်ဆယ်ယူ ပြင်ဆင်ရန်

သူဌေးသမီးလည်း မိုးကလည်းရွာ၊ မှောင်ကလည်းမိုက်သဖြင့် မြစ်ထဲမှ မတက်နိုင်တော့ဘဲ သည်းစွာ ငိုကြွေးဟစ်အော်လျက် ရေအယဉ်တွင် မျောလေရာ သန်းခေါင်ယံသို့ ရောက်သောအခါ ရသေ့ကြီး ကျောင်းအနီးသို့ ရောက်လေ၏။

ရသေ့ကြီးလည်း သူဌေးသမီး အသံကိုကြား၍ အလွန်သနားလှသဖြင့် အသက်ကို ကယ်မည်ဟု မြက်မီးရှူးကို ညှိထွန်းပြီးလျှင် မြစ်ထဲသို့ ဆင်းကာ ဆယ်ယူခဲ့၍ ကျောင်းသင်္ခမ်း၌ နေစေလျက် မီးလှုံစေပြီးလျှင် ချိုမြိန်သော သစ်သီးတို့ကို ပေးလေ၏။ အကြောင်းစုံ မေးမြန်း၍ သိရှိသောအခါ သူဌေးသမီးကို ကျောင်းသင်္ခမ်း၌ပင် အိပ်စေလျက် မိမိမူကား လွင်တီးခေါင်၌ပင် အိပ်လေ၏။

ရသေ့ဖျက်ဆီး သူဌေးသမီး ပြင်ဆင်ရန်

နှစ်ရက်၊ သုံးရက် လွန်လျှင် ရသေ့ကြီးသည် သူဌေးသမီးအား “နှမ ... မိန်းမနှင့် ရသေ့ အတူနေ၍ မလျော်၊ နေရပ်သို့ ပြန်လော့” ဟု ဆိုလေလျှင် သူဌေးသမီးသည် ရသေ့ကြီးကို သီလ ဖျက်ဆီးကာ ယူဆောင်မည်ဟု ကြံစည်လျက် မသွားဘဲ နေလေ၏။

ညဉ့်အခါရောက်လျှင် မိမိ မိန်းမတို့ အမူအရာဖြင့် ဖြားယောင်း၍ သီလကို ဖျက်ဆီးလေ၏။ ဈာန်အဘိညာဉ် ကိုလည်း ကွယ်ပျောက်စေ၏။

ရသေ့ကြီးလည်း သီလပျက်သဖြင့် သူဌေးသမီးကို ယူပြီးလျှင် ပစ္စန္တရာဇ်ရွာငယ်တစ်ခုတွင် ရွာတံခါးအနီးဝယ် အိမ်ဆောက်လျက်နေ၏။ ရက်တက်ကို ရောင်း၍ အသက်မွေးသဖြင့် လူအများတို့သည် ရသေ့ကြီးကို တက္ကပဏ္ဍိတဟု ခေါ်ကြကုန်၏။ ရွာငယ်သားတို့သည် “အကြောင်း တစ်စုံ တစ်ရာရှိလျှင် ငါတို့အား သတင်းကား ပြောကြားပါ” ဟု ရိက္ခာပေး၍ သတင်းထောက်အဖြစ် ထားကြကုန်၏။

ခိုးသားခေါ်သွား ချစ်မယား ပြင်ဆင်ရန်

တစ်နေ့သ၌ သူခိုးတို့သည် တော်ပေါ်မှ ဆင်းသက်ကာ ရွာငယ်သို့လာ၍ ပစ္စည်းဥစ္စာတို့ကို လုယက်ယူငင်ပြီးလျှင် ရွာသားတို့ကိုပင် ထမ်းပိုး လိုက်ပို့စေလျက် သူဌေးသမီးကိုလည်း ခေါ်ဆောင်ကာ သွားကြကုန်၏။ မိမိတို့နေရာသို့ရောက်လျှင် သူဌေးသမီးကို ချန်လှပ်ကာ ကြွင်းသမျှရွာသားတို့ကို လွှတ်လိုက်ကုန်၏။ သူဌေးသမီးကိုကား သူခိုးဗိုလ်ကြီးက သိမ်းပိုက်ကာ မယားပြု၍ ထားလေ၏။

တက္ကပဏ္ဍိတလည်း ပြန်လာသူတို့အား အကျွန်ုပ်မယား ဘယ်မှာနည်းဟု မေးလျှင် သူခိုးဗိုလ်ကြီးက မယားပြုထားကြောင်း ပြောသော်လည်း ငါ့မယားကား သူခိုးတို့ထံ တာရှည်နေနိုင်မည် မဟုတ်၊ ငါ့ကို မဖြတ်နိုင် တစ်နေ့နေ့ မုချ ပြန်လာလိမ့်မည်ဟု မျှော်လင့်၍သာ နေနှင့်၏။

လင်ကြီး သတ်ရန် အကောက်ကြံ ပြင်ဆင်ရန်

သူဌေးသမီးလည်း ငါ့မှာ သူခိုးဗိုလ်ကြီးထံ နေရသည်မှာ အလွန်ချမ်းသာလှသည်၊ အကယ်၍ တက္ကပဏ္ဍိတ ပြန်ခေါ်လျှင် ဆင်းရဲရတော့မည်၊ သို့အတွက် လွမ်းဆွတ်ယောင်ဆောင်ကာ တက္ကပဏ္ဍိတကို အမြန်လာခေါ်ပါဟု လူကြုံကို မှာကြား၍ ပြန်အခေါ်လာသောအခါ သူခိုးဗိုလ်ကြီးကို အသတ်ခိုင်းရလျှင် ကောင်းမည်ဟု ကြံစည်လျက် ပြန်အခေါ်လာရန် လူကြုံကို မှာကြားလိုက်၏။

တက္ကပဏ္ဍိတလည်း မယားထံမှ သတင်းစားကို ကြားလျှင် ယုံကြည်၍ သူခိုးဗိုလ်ကြီး နေရာအရပ်သို့ သွားပြီးလျှင် ရွာတံခါးမှ စောင့်ဆိုင်းကာ မယားထံ သတင်းစကားပို့လိုက်၏။ သူဌေးသမီးလည်း သတင်းကြား၍ ထွက်လာပြီးလျှင် တက္ကပဏ္ဍိတအား “အရှင် ... ယခုသွားလျှင် ငါတို့ နှစ်ယောက်လုံး သူခိုးဗိုလ်ကြီး လိုက်သတ်၍ သေကြမည်၊ ညဉ့်အခါမှာ သွားရအောင်” ဟု တိုင်ပင်ကာ ထမင်းကျွေးပြိး တဲအုံတစ်ခုတွင် ထားလေ၏။

ခိုးမှူးစစ်ကြော နောက်ကြောင်းပြော ပြင်ဆင်ရန်

သူဌေးသမီးသည် ညနေချမ်းအခါ သေရည်သောက်၍ မူးယစ်နေသော သူခိုး ဗိုလ်ကြီးကို ခေါ်၍ ဤတဲအုံအတွင်းမှာ မိမိရန်သူရှိကြောင်း ပြောကြားလျှင် တက္ကပဏ္ဍိတကို ဖမ်းဆီးချုပ်နှောင်လျက် အိမ်သို့ ဆောင်ယူ၍ ရိုက်နှက်ပုတ်ခတ်လေ၏။ ထိုအခါ တက္ကပဏ္ဍိတသည် တခြားစကားကို မပြောမဆိုဘဲ မိန်းမမည်သည် -

(၁) အမျက်ထွက်တတ်သည်။

(၂) သူ့ကျေးဇူးကို မသိတတ်။

(၃) ချောပစ်ကုန်းတိုက်တတ်သည်။

(၄) အဆွေခင်ပွန်းကောင်းကို ပြစ်မှားတတ်သည်။

ဟု ဤစကား လေးခွန်း ကိုသာ ပြောဆိုမြည်တမ်းလေ၏။

ရိုက်နှက်ပုတ်ခတ်တိုင်း ဤစကား လေးခွန်းကိုသာ ပြောဆို မြည်တမ်းဖန်များလျှင် သူခိုးဗိုလ်ကြီးသည် မုချအကြောင်းတစ်စုံတစ်ရာ ရှိလိမ့်မည်ဟု စဉ်းစားကြံစည်လျက် တက္ကပဏ္ဍိတအား “ အမောင် ... အမောင်ကား ရိုက်နှက်ပုတ်ခတ်တိုင်း တခြားစကားကို မဆို၊ ဤစကားလေးခွန်းသာ ဆိုသည်မှာ အကြောင်း အဘယ်သို့ ရှိသနည်း” ဟု မေးလေ၏။

ထိုအခါ တက္ကပဏ္ဍိတသည် သူခိုးဗိုလ်ကြီးအား မြစ်ထဲမှ ဆယ်ယူကာ အသက်ကို ကယ်ခဲ့သည်မှ သူခိုးဖမ်းသွား၍ လာခေါ်ပါ မှာလိုက်သည်တိုင်အောင် သဌေးသမီး အကြောင်းစုံကို ပြောပြလေ၏။

ကျေးဇူးရှင်ဖျက် မိမိပျက် ပြင်ဆင်ရန်

သူခိုးဗိုလ်ကြီးလည်း အကြောင်းစုံကို သိရလျှင် “ဤမိန်းမကား အသက်ကိုကယ်၍ ပေါင်းသင်းသူ ချစ်လင်ကိုပင် သည်မျှလောက် ရက်ရက်စက်စက် ပြုဝံ့သည်၊ ငါ့ကိုလည်း တစ်နေ့ကျလျှင် မုချ ရက်ရက်စက်စက် ပြုလိမ့်မည်၊ ဤမိန်းမကို သတ်ပစ်မှတော်မည်”ဟု စဉ်းစားကြံစည်ပြီးလျှင် တက္ကပဏ္ဍိတကို နှစ်သိမ့်စေလျက် မိန်းမကို အိပ်ရာမှနှိုး၍ သန်လျက်ကိုယူပြီးလျှင် ရွာပြင်ဘက်သို့သွား၍ တက္ကပဏ္ဍိတကို ခုတ်သတ်မည်အယောင်ဖြင့် မိန်းမယုတ်ကို ခုတ်သတ်၍ ဦးခေါင်းဆေးလျှော်ပြီးလျှင် တက္ကပဏ္ဍိတကိုခေါ်၍ အိမ်သို့ ပြန်လာကြ၏။ နှစ်ရက်၊ သုံးရက် နေပြီးလျှင် လူ့ဘောင်၌ အပြစ်ကိုမြင်လျက် နှစ်ဦးလုံး တောထွက်၍ ရဟန်းပြုကာ ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် သေသည်အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားကြရကုန်၏။

ဤဒေသနာတော် အဆုံး၌ သာသနာတော်၌ ငြီးငွေ့၍ လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သူခိုးဗိုလ်ကြီးသည် ယခုအခါ - အာနန္ဒာ။

တက္ကပဏ္ဍိတသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) အမျက်ထွက်ဘိ၊ မိုက်မဲဘိ၊ မသိကျေးဇူးတွေ။

(၂) အဆွေပြစ်မှား၊ ကုန်းတိုက်ငြား၊ ယုတ်ငြားမိန်းမတွေ။

(၃) မြေလျှိုးမိုးပျံ၊ ဘိညာဉ်, ဈာန်၊ မကျက်ဖျက်နိုင်ပေ။

တက္ကပဏ္ဍိတဇာတ် ပြီး၏။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ