တင်တင်မြ

နိုင်ငံကျော် ​မြန်မာ့ အဆိုတော် တစ်ဦး

တင်တင်မြသည် နိုင်ငံကျော် အဆိုတော် တစ်ဦးဖြစ်သည်။ တင်တင်မြ၏ အသံသည် တစ်မူထူးခြားသည်။ မြန်မာအသံတွင် အမှု့ထမ်းခဲ့သည်။ တင်တင်မြသည် “တကျော့နှစ်ကျော့ တေးကိုသီ” ရုပ်ရှင်ဇတ်ကားတွင် ဝင်းဦးချိုပြုံး တို့နှင့်တွဲဘက်သရုပ်ဆောင်ခဲ့သည်။ တင်တင်မြ၏ ခင်ပွန်းမှာ အေဝမ်း စိုးမြင့် ဖြစ်သည်။

ရန်ကုန်မြို့၊ အထက်ပုဇွန်တောင်ရပ်ကွက်တွင် နေထိုင်သော အဖဦးသန်း (မြန်မာ့အသံ ဂီတစီစဉ်ရေးမှူး - ရွှေမောင်းသံ)၊ အမိ ဒေါ်တင်ညွှန့်တို့မှ ၁၉၃၆ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့တွင် တင်တင်မြကို မွေးဖွားခဲ့သည်။ မွေးချင်း (၆) ယောက် ရှိသည်။ မရင်ရင်နု၊ ကိုပါကြီး(ခ)ကိုကျင်သိန်း၊ တင်တင်မြ၊ စန္ဒရားဘိုကြီး၊ မောင်လှကြည်နှင့် မတင်တင်အောင်တို့ဖြစ်သည်။ တင်တင်မြမှာ တတိယသမီးဖြစ်သည်။

တင်တင်မြသည် ဂီတနယ်သို့ ၁၉၄၆-၄၇ ခုနှစ်မှစတင်ဝင်ရောက်ခဲ့သည်။ မဟာဂီတ သီချင်းကြီးများကို ဆရာမကြီး ဒေါ်စောမြအေးကြည်ထံတွင် သင်ယူခဲ့သည်။ ဒေါ်စောမြအေးကြည် ကွယ်လွန်ပြီးနောက် ဆရာမကြီး ဝဏ္ဏကျော်ထင် ဒေါ်ကြည်အောင်ထံတွင် သီချင်းကြီးများ ဆက်လက်သင်ယူလေ့လာခဲ့သည်။ အဆိုပညာနှင့် ပတ်သက်၍ အဆိုတော်ကြီး ဒေါ်စိန်ပါတီဒေါ်ကြည်အောင်ဒေါ်အေးမိဒေါ်မေရှင်ဒေါ်ကြည်ကြည်ဌေးတို့သည် သင်ဆရာ မြင်ဆရာ ကြားဆရာများ ဖြစ်ကြသည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ ဂီတသုခုမ အဖွဲ့ချုပ်မှ ကြီးမှူးကျင်ပသည့် မဟာဂီတပြိုင်ပွဲတွင် သိင်္ဂါ ရွှေရောင် ပတ်ပျိုးသီချင်းဖြင့် ပထမဆုကို ရရှိခဲ့သည်။

တင်တင်မြသည် ရေကျော်ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ယင်းကျောင်းမှ ဖွဲ့စည်းသော ရေကျော်ဦးမောင်မောင်ကျောင်း အပျော်တမ်း တူရိယာအဖွဲ့ မှ တက္ကသိုလ်စိုး ရေးသားသည့် ရှမ်းဌာနေ သီချင်းကို သီဆိုအသံလွှင့်ခဲ့သည်။ ယင်းသီချင်းသည် တင်တင်မြ ပထမဆုံးကာလပေါ်သီချင်း ဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် ခေတ်ဆန်းအရှေ့ပိုင်းတူရိယာအဖွဲ့မှ ဆရာကြီးစိန်ဝေလျှံ ရေးသားသည့် ပေဖူးလွှာ သီချင်းဖြင့် အောင်မြင်ကျော်ကြားကာ လူကြိုက်များလှသော တေးသီးချင်းပုဒ်ရေပေါင်းများစွာကို စဉ်ဆက်မပြတ် သီဆိုခဲ့သည်။

တင်တင်မြသည် ရေဒီယို၊ ဓာတ်ပြား၊ ရုပ်ရှင်ပဏာမတေးများ၊ ဇာတ်ဝင်တေးများ၊ တေးသရုပ်ဖော် ဇာတ်လမ်းသီချင်းများနှင့် စီးရီးခွေ အများအပြား သီဆိုခဲ့လေသည်။ ဂီတပညာကို အခြေခံမှစ၍ ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်သီဆိုနိုင်သူဖြစ်၍ ဓမ္မပူဇာတေးများ အပါအဝင် သီချင်းအမျိုးအစားပေါင်း အမြောက်အမြားကို သီဆိုခဲ့သူဖြစ်သည်။

တင်တင်မြသီဆိုခဲ့သော တေးသီးချင်းများမှ အချို့ကိုဖော်ပြရလျှင် -

  • မဟာဂီတတွင် ပန်းမြိုင်လယ်၊
  • ထူးမခြားနား၊
  • ပန်းဟေဝန်၊
  • လျှပ်ပန်းခွေနွဲ့၊
  • မြမြမောင်းမောင်း စသည့်ဓာတ်ပြားသီချင်းများ။

ကာလပေါ်တွင် ပေဖူးလွှာ၊ စခန်းအောင်မြေ၊ မြပုဏ္ဏမာ၊ သည်းဖိုးရွှေလီမြစ်နဒီ၊ ယောဆရာ၊ မင်္ဂလာမောင်မယ်၊ ချစ်တာပဓာန၊ ဘယ်မှာလည်းချစ်သူရယ်၊ ပင်တိုင်စံ၊ တောင်တန်းပြာနဲ့ကျောပိုးအိတ်၊ တိမ်လွှာမို့မို့လွင်၊ ပုဂံမြို့ဟောင်းတစ်နေရာ၊ မဟာဗုဒ္ဓဝင် သီချင်းများဖြစ်သည်။

တင်တင်မြသည် ၂-၁၀-၁၉၅၇ တွင် မြန်မာ့အသံ၌ အစီအစဉ်ကြေညာသူအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ထမ်းလုပ်သက် ၄၉နှစ်ဖြင့် အငြိမ်းစားယူချိန်၌ လက်ထောက်ညွှန်ကြားရေးမှူး(ဂီတ) အဖြစ် ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက်ပိုင်း ဆက်လက်တိုးချဲ့ခန့်ထားခြင်းခံရသည်။

ဂီတတာဝန်များမှာ မဟာဂီတသီချင်းကြီး စိစစ်ရေးအဖွဲ့၊ ကာလပေါ်တေးစိစစ်ရေး ဘုတ်အဖွဲ့တွင် အတွင်းရေးမှူး၊ ခေတ်ဟောင်းတေးရေးပညာရှင်ကြီးများ တေးသီချင်းနှင့် အတ္ထုပ္ပတ္တိ ပြုစုရေးတွင် ကော်မတီဝင်၊ ဆို က ရေး တီး ပြိုင်ပွဲကြီးတွင် အဆိုအကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌ၊ မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုစုရေး ကော်မတီ၊ စည်းဝါးသံကျနှင့် ဟန်တားဆပ်ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ဂီတလုပ်ငန်းနှင့် သက်ဆိုင်သည့် တာဝန်များအပြင် နိုင်ငံတော်မှ ပြုလုပ်ကျင်းပသည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ နှင့် ဂီတလုပ်ငန်းဆိုင်ရာ ဖျော်ဖြေပွဲများကို ဦးဆောင်ပါဝင် သီဆိုဆောင်ရွက်ခဲ့သည်။

၁၉၅၉ ခုနှစ် အသက် ၂၃နှစ်အရောက်တွင် တင်တင်မြသည် ဂီတမှူးအေဝမ်းစိုးမြင့် နှင့် အိမ်ထောင်ပြုခဲ့သည်။ ယခုအခါ အမှတ်-၃၃ စိတ္တသုခလမ်း၊ ကျောင်းမြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်လျက် နိုင်ငံတာဝန်ကို ဂီတစွမ်းအားဖြင့် ကျန်းမာစွာ ဖြည့်ဆည်းထမ်းဆောင်လျက်ရှိသည်။

ရည်ညွှန်းကိုးကား ပြင်ဆင်ရန်