မောင်မြန်မာ (ခေါ်) ဦးတင်လှ

မောင်မြန်မာ (ခေါ်) ဦးတင်လှ (၁၉၁၇-၂၀၀၄) ပြင်ဆင်ရန်

၁။ အမည်ရင်း - ဦးတင်လှ
၂။ မိဘအမည် - ဦးလွှာ + ဒေါ်အုန်းရှင်
၃။ မွေးသက္ကရာဇ် - ၅၊ ၅၊ ၁၉၁၇
၄။ မွေးဖွားရာဒေသ - သုံခွမြို့နယ်၊ ဥက္ကံကျေးရွာ
၅။ ကလောင်အမည်ခွဲများ - မောင်မြန်မာ၊ တက္ကသိုလ်နေနတ်နွယ်၊ မောင်လူထွေး

ကိုယ်ရေးဖြစ်စဉ် ပြင်ဆင်ရန်

မောင်မြန်မာ အမည်ဖြင့် စာပေများ ရေးသားပြုစုသူ ဦးတင်လှကို အဖ ဦးလွှာ၊ အမိ ဒေါ်အုန်းရှင်တို့က ၁၉၁၇ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် သုံးခွမြို့နယ် ဥက္ကံကျေးရွာ၌ မွေးဖွားခဲ့သည်။


ဦးတင်လှသည် ငယ်စဉ်က ဥက္ကံကျေးရွာ မူလတန်းကျောင်း (ဆရာဦးဘခင်)၊ သုံးခွမြို့ မက်သဒစ် အလယ်တန်းကျောင်း၊ သန်လျင်မြို့ မက်သဒစ် အထက်တန်းကျောင်းတို့တွင် ပညာ သင်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူပြီး ၁၉၄၂ ခုနှစ်တွင် ဝိဇ္ဇာ (မြန်မာစာဂုဏ်ထူး) ဘွဲ့ ရရှိခဲ့သည်။ လန်ဒန် တက္ကသိုလ် School of Oriental and African Studies ၌ Lexicography and Linguistics ပညာရပ်များ သင်ယူခဲ့သည်။


ဦးတင်လှသည် ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် အထိ ကျောက်ကုန်းမြို့တွင် လက်ထောက်မြို့ပိုင် အဖြစ် လည်းကောင်း၊ ၁၉၄၇ ခုနှစ်မှ ၁၉၄၈ ခုနှစ် အထိ မြန်မာ့အသံ၊ အသံလွှင်ဌာန လက်ထောက် သတင်းအယ်ဒီတာ အဖြစ် လည်းကောင်း၊ တာဝန် ထမ်းဆောင်ပြီး အဘိဓာန် စာတည်းမှူး တာဝန်မှ အငြိမ်းစား ယူခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈ဝ ပြည့်နှစ် အထိ မြန်မာစာအဖွဲ့ အကြံပေး ပုဂ္ဂိုလ် အဖြစ် လည်းကောင်း၊ ၁၉၈ဝ ပြည့်နှစ်မှ ၁၉၈၃ ခုနှစ် အထိ ဂျပန်နိုင်ငံ၊ အိုဆာကာ တက္ကသိုလ် ဘာသာခြား စာပေသင်ကျောင်းတွင် မြန်မာစာ ဧည့်ပါမောက္ခ အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။


ဦးတင်လှသည် ရှုမဝမဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်း၊ ငွေတာရီ မဂ္ဂဇင်းတို့နှင့် တို့ကျောင်းသား မဂ္ဂဇင်း စာစောင်တို့တွင် မောင်မြန်မာ၊ တက္ကသိုလ်နေနတ်နွယ် ကလောင်အမည်ဖြင့် စာပေများ ရေးသားခဲ့သည်။ အမည်ရင်း ဦးတင်လှဖြင့် ရေးသားသော 'မြန်မာမှု' စာအုပ်ဖြင့် ၁၉၆၆ ခုနှစ်အတွက် အမျိုးသား စာပေဆု (မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆု) တတိယ ရရှိခဲ့သည်။


သက်ကြီး စာပေပညာရှင် စာရေးဆရာကြီး မောင်မြန်မာ ခေါ် ဦးတင်လှသည် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သားသမီး နှစ်ဦးနှင့် မြေးနှစ်ဦး ကျန်ရစ်သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ ပြင်ဆင်ရန်

  1. ရှေးဟောင်းလက်မှုပညာ ပေါင်းချုပ်ကျမ်း (တည်းဖြတ်) ၁၉၆၀
  2. မြန်မာ့သံယောဂဒီပနီကျမ်း (တည်းဖြတ်) ၁၉၆၂
  3. ဘာသာနှင့်စာပေ ၁၉၆၆
  4. မြန်မာမှု့ ၁၉၆၆
  5. ရိုးရာပုံပြင် စာပေစာတမ်းများ ၁၉၈၉

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ရွှေဟင်္သာ စာအုပ်တိုက်၊ ၂၀၀၈ စက်တင်ဘာ၊ ပထမအကြိမ်ထုတ် 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ပဉ္စမတွဲ)' စာအုပ်မှ