ဥပ‌ဒေပါ‌မောက္ခ ဦးတင်အုံးကို မ‌ကွေးတိုင်း ပေါက်မြို့၊ ရုံးကြီး ရပ်၌ အဖ ဦးမင်း‌ခေါ် ဦးတင်ဦး၊ အမိ ‌ဒေါ်သီတို့က ၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်‌နေ့တွင် ‌မွေးဖွားသည်။ ငါးနှစ်သား အရွယ်မှစ၍ ပညာသင်သည်။ ၁၉၅၂ ခုနှစ်တွင် ‌ပေါက်မြို့ အထက်တန်း‌ကျောင်းမှ တက္ကသိုလ် ဝင်တန်း‌အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ၁၉၅ရ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး) တန်းကို လူမှု‌ရေးပညာဖြင့် ဒုတိယတန်း၊ ဒုတိယအဆင့်ဖြင့်လည်း‌ကောင်း၊ ၁၉၆၃ ခုနှစ်တွင် ပထမနှစ် ဥပ‌ဒေဝိဇ္ဇာတန်းကို ဂုဏ်ထူး နှစ်ဘာသာဖြင့်လည်း‌ကောင်း၊ ထို့‌နောက် ဒုတိယနှစ် ဥပ‌ဒေ ဝိဇ္ဇာတန်းကို ဂုဏ်ထူး‌လေးဘာသာဖြင့် လည်း‌ကောင်း ပထမ ‌ရွှေတံဆိပ်ဆု ဆွတ်ခူး၇ရှိကာ ‌အောင်မြင်ခဲ့သည်။

၁၉၆ရ ခုနှစ် ၁၉ရဝ ပြည့်နှစ်အထိ ပြင်သစ်နိုင်ငံ ဘာဆွမ် ဘွမ် ပါရီတက္ကသိုလ်နှင့် ဗြိတိန်နိုင်ငံ၊ လန်ဒန် တက္ကသိုလ်တို့ တွင် ဘွဲ့လွန်ဥပ‌ဒေပညာ သင်ယူရန် နိုင်ငံ‌တော်အစိုးရ ပညာ ‌တော်သင်ဆုကို ၇ရှိခဲ့သည်။ ၁၉ရဝ ပြည့်နှစ်တွင် လန်ဒန် တက္ကသိုလ်မှ ပင်လယ်‌ရေကြောင်းဥပ‌ဒေများကို သင်ယူ၍ မဟာ ဥပ‌ဒေဘွဲ့ကို ၇ရှိခဲ့သည်။

၁၉၅၆-၅ရ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မနုဿ‌ဗေဒဌာန၊ အထူး အချိန်ပိုင်းနည်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှ ၁၉၆၅ နှစ်အထိ ရန်ကုန်၊ မန္တ‌လေး၊ လားရှိုးမြို့များရှိ လူဝင်မှုကြီးကြပ်‌ရေးဌာနတွင် လူဝင်မှုကြီးကြပ်‌ရေးအရာရှိ အဖြစ်ထမ်း‌ဆောင်ခဲ့သည်။၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပ‌ဒေပညာဌာန၌ လက်‌ထောက်ကထိက တာဝန်ကို ကူး‌ပြောင်း တာဝန်ကိုလည်း‌ကောင်း၊ ၁၉ရ၃ ခုနှစ်တွင် ပါ‌မောက္ခ တာဝန် ကိုလည်း‌ကောင်း အဆင့်ဆင့် တိုးမြှင့်ထမ်း‌ဆောင်ခဲ့ ရသည်။ ပါ‌မောက္ခ ဦးတင်အုံးသည် အသက် ၃၆ ခုနှစ်၌ ပါ‌မောက္ခ တာဝန်ကို ထမ်း‌ဆောင်ခွင့်ရသူဖြစ်ရာ တက္ကသိုလ်‌လောကတွင် အသက်ငယ်ငယ်နှင့် ပါ‌မောက္ခဖြစ်ခဲ့သူ ဖြစ်သည်။

ပါ‌မောက္ခ ဦးတင်အုံးသည် ရန်ကုန်တက္ကသိုလ်တွင် မဟာ ဥပ‌ဒေဘွဲ့ ဖွင့်လှစ်သင်ကြား၍ ဘွဲ့အပ်နှင်း‌ရေးကို ‌ဆောင်ရွက်ခဲ့ သူများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။ တိုင်းရင်းသား တို့၏ ဓ‌လေ့ထုံးတမ်းများကို ဥပ‌ဒေရှု‌ထောင့်မှ သု‌တေသန ပြုလုပ်ရန် စီစဉ်ခဲ့သူလည်း ဖြစ်သည်။ မြန်မာဓ‌လေ့ထုံးတမ်း ဥပ‌ဒေကိုလည်း ပညာရှင်များနှင့် ‌ဆွေး‌နွေး ‌လေ့လာ‌ရေးသားခဲ့ သည်။ ထို့ပြင် ဥပ‌ဒေပညာဆိုင်ရာနယ်ပယ်မှ ဥပ‌ဒေသိပ္ပံနှင့် အပြည်ပြည်ဆိုင်ရာ ဥပ‌ဒေဘာသာရပ်များကို မြန်မာဘာသာဖြင့် ‌ရေးသားထုတ်‌ဝေခဲ့ရာ မြန်မာစာဖတ် ပရိသတ်အား အပြည်ပြည် ဆိုင်ရာဥပ‌ဒေ၏အ‌ခြေခံသ‌ဘောတရားနှင့် မိတ်ဆက်‌ပေးနိုင်သူ ဖြစ်သည်။

ဥပ‌ဒေဘွဲ့ သင်ရိုးအတွက်လည်း ဥပ‌ဒေအ‌ခြေခံ၊ ဥပ‌ဒေသိပ္ပံ ပညာ၊ အပြည်ပြည်ဆိုင်ရာဥပ‌ဒေ၊ ဥပ‌ဒေ အချင်းချင်း ပဋိပက္ခ ဖြစ်မှု ဥပ‌ဒေနှင့်သ‌င်္ဘောများ သွားလာ‌ရေးဥပ‌ဒေဘာသာရပ် ပြဋ္ဌာန်းစာအုပ်များကို မြန်မာဘာသာဖြင့် ‌ရေးသားပြုစုခဲ့သည်။ စာ‌ပေလုပ်သား အဖွဲ့ဝင်တစ်ဦးဖြစ်‌သော ဦးတင်အုံးသည် ဘာသာရပ်ဆိုင်ရာ စာ‌ပေ‌ရေးသားခြင်းသာမက ‌မောင်တင်အုံး၊ မင်းသီမွန်စ‌သော အမည်များဖြင့် မဂ္ဂဇင်း၊ စာ‌စောင်၊ ဂျာနယ်၊ သတင်းစာများတွင် ဥပ‌ဒေ ‌ရေးရာ‌ဆောင်းပါးများကို မြန်မာ ဘာသာ၊ အဂင်္လိပ်ဘာသာဖြင့် ‌ရေးသားခဲ့သည်။ ပညာရပ် ဆိုင်ရာ ‌ဆောင်းပါးများကို စုစည်း၍ သုတဥပ‌ဒေ အ‌ထွေ‌ထွေ ဟူ‌သောအမည်ဖြင့် စာအုပ်တစ်အုပ် ထုတ်‌ဝေခဲ့သည်။

ပါ‌မောက္ခဦးတင်အုံးသည် ကမာရွတ်မြို့နယ် ပါတီယူနစ်၏ စည်းရုံး‌ရေးနယ်‌မြေတွင် ပါတီစိတ်မှူး၊ ရန်ကုန်တက္ကသိုလ် ပါတီ‌ခေါင်း‌ဆောင်အဖွဲ့၊ အဖွဲ့ဝင် တာဝန်များ ထမ်း‌ဆောင်ရင်း ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်‌တော်နှင့် ပြည်သူ့‌ကောင်စီ အဆင့်ဆင့် ‌ရွေးချယ်တင်‌မြှောက်ပွဲများတွင် ရန်ကုန်တိုင်း ပြည်သူ့‌ကောင်စီဝင်အဖြစ် ‌ရွေးချယ်တင်‌မြှောက် ခြင်း ခံရသည်။ ရန်ကုန်တိုင်း တရားသူကြီးအဖွဲ့ဝင်၊ တိုင်းလူမှု ပညာကျန်းမာ ‌ကော်မတီအတွင်း‌ရေးမှူး၊ ရန်ကုန်တိုင်း အမြတ် ခွန်အယူခံအဖွဲ့၊ အဖွဲ့ဝင်၊ တက္ကသိုလ်ပညာ‌ရေးအဖွဲ့ဝင်၊ မှတ်ပုံ တင်‌ရှေ့‌နေသင်တန်းအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့ဝင်၊ ဗဟိုတရားရုံး ‌ရှေ့‌နေနှင့် အထက်တန်း ‌ရှေ့‌နေ စာ‌မေးပွဲကျင်းပ‌ရေး ဘုတ်အဖွဲ့ အဖွဲ့ဝင်စ‌သော တာဝန်များကိုလည်း ထမ်း‌ဆောင်ခဲ့သည်။

ဥပ‌ဒေပါ‌မောက္ခဦးတင်အုံးသည် ၁၉၈၆ ခုနှစ် ဇွန်လ ၁၆ ရက်‌နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ‌ဒေါ်ကြည်ကြည်နှင့် သမီး တစ်‌ယောက် ကျန်ရစ်သည်။

ကိုးကား ပြင်ဆင်ရန်

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)