တတိယကထိနသိက္ခာပုဒ်
တတိယကထိနသိက္ခာပုဒ် သည် မြတ်စွဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရသည့် နိဿဂ္ဂိပါစိတ်အာပတ် တစ်ခု ဖြစ်သည်။[၁]
သမိုင်း
ပြင်ဆင်ရန်မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ရဟန်းတစ်ပါး၌ အချိန်အခါမဟုတ်ဘဲ သင်္ကန်းသည် ရရှိလာ၏။ ထိုရရှိလာသော သင်္ကန်းသည် ချုပ်ပါက လုံလောက်မှု မရှိပေ။ ထိုအခါ ထိုရဟန်းသည် သင်္ကန်းအား ဖြန့်ကာ အထပ်ထပ်အခါခါ ဆွဲဆန့်၏။ ထိုသို့ ပြုသည်ကို မြတ်စွာဘုရားသည် ကျောင်းစဉ်ဒေသစာရီ လှည့်လည်သောအခါ မြင်၏။
ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား အဘယ်ကြောင့် ထိုကဲ့သို့ ပြုသည်ကို မေး၏။ ရဟန်းလည်း “အခါမဲ့ ရလာသော သင်္ကန်းသည် မလုံလောက်သဖြင့် ပြုရသည်” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား “သင့်အား သင်္ကန်းရလိမ့်မည်ဟု မျှော်လင့်ချက် ရှိပါသလား” ဟု မေး၏။ ထိုရဟန်းသည် “ရှိကြောင်း” ဖြေကြား၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား သင်္ကန်းရလိမ့်မည်ဟု မျှော်လင့်ချက်ရှိပါက ထားခြင်းကို ခွင့်ပြုသည်ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းတို့သည် သင်္ကန်းတို့ကို တစ်လထက်အလွန်ထား၏။ သင်္ကန်းတို့ကိုလည်း သင်္ကန်းတန်း၌ ထုပ်၍ ထားကုန်၏။ ဤသည်ကို အသျှင်အာနန္ဒာသည် ဒေသစာရီလှည့်လည်သောအခါ မြင်၏။
ထို့နောက် အသျှင်အာနန္ဒာသည် ရဟန်းတို့အား တန်း၌ သင်္ကန်းများ ဆွဲထားရသည့်အကြောင်းကို မေးမြန်း၏။ ထိုအခါ ရဟန်းတို့လည်း ထိုသို့ တန်း၌ ထားသည်မှာ တစ်လကျော်ပြီ ဖြစ်ကြောင်း ဖြေ၏။ ထိုအခါ အသျှင်အာနန္နာသည် “အဘယ်ကြောင့် ရဟန်းတို့သည် အခါမဲ့သင်္ကန်းကို ခံယူ၍ တစ်လထက်အလွန် ထားဘိသနည်း” ဟု ကဲ့ရဲ့၏။ ထိုအကြောင်းကို မြတ်စွာဘုရားထံ လျှောက်ထား၏။
မြတ်စွာဘုရားလည်း ထိုရဟန်းတို့အား မေးမြန်း၏။ ထိုရဟန်းတို့လည်း ဟုတ်မှန်ကြောင်း ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါအတိုင်းသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ [၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်“ရဟန်း၏ သင်္ကန်း ပြီးဆုံးလတ်သော် ကထိန်ကို နုတ်ပြီးလတ်သော် ရဟန်းအား အခါမဲ့သင်္ကန်း ဖြစ်ပေါ်ငြားအံ့၊ အလိုရှိသော ရဟန်းသည် ခံယူရာသည်။ ခံယူပြီးနောက် လျင်မြန်စွာပင် ချုပ်ဆိုးရမည်။ အကယ်၍ ပြည့်စုံလုံလောက်ခြင်း မဖြစ်ပါက တစ်လအတိုင်းအရှည် (ကာလပတ်လုံး) ထိုရဟန်းသည် ယုတ်လျော့သော သင်္ကန်း၏ ပြည့်စုံလုံလောက်ခြင်းငှါ မျှော်လင့်ချက်ရှိလတ်သော် ထိုသင်္ကန်းကို ထားရာသည်။ ထိုတစ်လထက်အလွန်ထားငြားအံ့ မျှော်လင့်ချက် ရှိသော်လည်း နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။ [၁]