တတိယ သမ္မတ္တနိယာမသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်း ကုသိုလ်တရားတို့၌ မဖောက်မပြန် မြဲသော သဘော (အရိယာမဂ်) သို့ သက်ဝင်ရန် မထိုက်တန်ကြောင်းနှင့် တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်း ကုသိုလ်တရားတို့၌ မဖောက်မပြန် မြဲသော သဘော (အရိယာမဂ်) သို့ သက်ဝင်ရန် ထိုက်တန်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁]

တတိယ သမ္မတ္တနိယာမသုတ် ပြင်ဆင်ရန်

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။ အဘယ်ငါးမျိုးတို့နည်းဟူမူ -[၁]

  • (သူ့ဂုဏ်ကို) ချေဖျက်လိုစိတ်ရှိလျက် ချေဖျက်လိုစိတ်မြှေးယှက်သည်ဖြစ်၍ တရားနာ၏။
  • အပြစ်တင်လိုသော စိတ်ရှိသည်ဖြစ်၍ (တရားဟောပုဂ္ဂိုလ်၌ ) အပေါက်အစကို ရှာလျက် တရားနာ၏။
  • တရားဟောပုဂ္ဂိုလ်၌ ထိပါးပုတ်ခတ်လိုစိတ် ရှိ၏၊ ငြောင့်တံသင်းသဘောရှိ၏။
  • ပညာမရှိ၊ မိုက်မဲ၏၊ ဆွံ့အ၏။
  • မိမိမသိသော အရာ၌ သိ၏ဟု မှတ်ထင်လေ့ရှိ၏။[၁]

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။[၁]

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသည်ရှိသော် ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်ထိုက်တန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ - [၁]

  • (သူ့ဂုဏ်ကို) ချေဖျက်လိုစိတ်မရှိဘဲ ချေဖျက်လိုစိတ်မမြှေးယှက်သည်ဖြစ်၍ တရားနာ၏။
  • အပြစ်တင်လိုသော စိတ်မရှိသည်ဖြစ်၍ (တရားဟောပုဂ္ဂိုလ်၌ ) အပေါက်အစကို မရှာဘဲ တရား နာ၏။
  • တရားဟောပုဂ္ဂိုလ်၌ ထိပါးပုတ်ခတ်လိုစိတ် မရှိ၊ ငြောင့်တံသင်းသဘော မရှိ။
  • ပညာရှိ၏၊ မမိုက်မဲ၊ မဆွံ့အ။
  • မိမိမသိသော အရာ၌ သိ၏ဟု မှတ်ထင်လေ့ မရှိ။[၁]

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသည်ရှိသော်ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်ထိုက်တန်၏ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၄-စတုတ္ထပဏ္ဏာသက (စတုတ္ထသုတ်ငါးဆယ်)၊ (၁၆) ၁- သဒ္ဓမ္မဝဂ် ၃ - တတိယ သမ္မတ္တနိယာမသုတ်