တနေဂျာငှက် (Tanagers)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
Superfamily: Emberizoidea
မျိုးရင်း: Thraupidae
Cabanis, 1847
Genera

Many: see text

ငှက်လောကထဲတွင် တနေဂျာငှက် (အင်္ဂလိပ်: Tanager) ကဲ့သို့ လှပတောက်ပြောင်သော အမွှေးအတောင်ရှိသည့် ငှက်မျိုးမှာရှားသည်။ တနေဂျာငှက်ဖိုသည် ငှက်မထက် အဆင်းလှပသည်။ တနေဂျာငှက်သည် စင်စစ်အားဖြင့် ဖင့်ဟုခေါ်သောငှက်မျိုးအနွယ်ပင် ဖြစ်သည်။ တောင်အမေရိကတိုက်နှင့် အမေရိကတိုက်အလယ်ပိုင်းရှိ သစ်တောများမှာ တနေဂျာငှက်များ၏ နေရင်းဒေသဖြစ်သည်။ အချို့သော တနေဂျာငှက်မျိုးကို မက္ကဆီကိုနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု ကနေဒါနိုင်ငံများတွင် အနည်းငယ်မျှတွေ့ရ၏။ ဥရောပတိုက်၊ အာရှတိုက်စသော ကမ္ဘာဟောင်းရှိ နိုင်ငံများတွင်ကား၊ တနေဂျာ ငှက်ကိုမတွေ့ရချေ။

တနေဂျာငှက်မျိုးစိတ်ပေါင်း ၃၇၅ ခုရှိလေသည်။ အားလုံးသော တနေဂျာငှက်မျိုးသည် အရွယ်အားဖြင့် များစွာမကွာခြား လှချေ။ အလျား ၆ လက်မမှ ၈ လက်မှခန့်ထိရှိလေသည်။ အလေ့အကျင့်တွင်လည်း တစ်မျိုးနှင့်တစ်မျိုး တူညီကြသည်။ ထိုငှက်၏အစာမှာ ပိုးမွှားများနှင့် သစ်သီးများဖြစ်၏။ အသိုက်ကို အလျားလိုက်ထိုးထွက်သော သစ်ကိုင်းပေါ်တွင် ဒယ်အိုး သဏ္ဌာန်ပြုလုပ်လေ့ရှိသည်။ တစ်ကြိမ်လျှင် ၃ ဥမှ ၅ ဥအထိ ဥဥသည်။ တနေဂျာငှက် အော်မြည်သံမှာ သာယာနာပျော်ဖွယ်ရှိသည်။

များစွာသောတနေဂျာငှက်မျိုးတွင် တနေဂျာခေါင်းဖြူသည် ချစ်စဖွယ်အကောင်းဆုံး ငှက် ဖြစ်ပေသည်။ ထိုငှက်မျိုး၏ကိုယ်မှ အမွှေးအတောင်များသည် ပြောင်းဖူးပွင့်ကဲ့သို့ ပြာလဲ့၍၊အမောက်နှင့်ဦးခေါင်းမှာ ဘော်ငွေ အဆင်းကဲ့သို့ ဖြူဖွေးပြီးလျှင်နဖူးတွင် အနီစက်တစ်ခုရှိသည်။ ငှက်ဖိုနှင့်ငှက်မတို့မှာ ပုံသဏ္ဌာန်ချင်းဆင်တူသည်။ နေရင်းဒေသ တောတွင်းမှထွက်၍၊ အရပ်တစ်ပါးသို့ သွားရောက်ကျက်စားသော တနေဂျာငှက်မျိုးတွင် တနေဂျာငှက်နီမျိုးကိုလူသိများလေသည်။ ထိုငှက်မျိုးကို အမေရိကန်ပြည်ထောင်စုတွင်ငှက်နီဟူ၍လည်း ခေါ်ကြ၏။ ငှက်ဖို၏ အမွှေးအတောင်များမှာ ကြက်သွေးရောင်ဖြစ်၍၊ တောင်ပံနှင့်အမြီးတို့မှာ ချောမွှတ် မည်းနက်သည်။ ငှက်မများ၏ကိုယ်အထက်ပိုင်းမှာ အစိမ်းရောင်၊ ကိုယ်အောက်ပိုင်းမှာ အစိမ်းဝါရောင် ဖြစ်သည်။ အတောင်နှင့် အမြီးတို့မှာ ညိုမည်းလေသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၀)။ "တနေဂျာငှက်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်