တန်ခိုး ပြာဋိဟာသည် ဣဒ္ဓိပါဋိဟာရိယ, အာဒေသနာပါဋိဟာရိယ, အနုသာသနီပါဋိဟာရိယအားဖြင့် ၃-မျိုးပြားသည်။ [၁]

ပါဋိဟာရိယ ၃-မျိုး ပြင်ဆင်ရန်

ထိုတွင် တစ်ယောက်တည်းက အများဖြစ်ခြင်း, အများဖြစ်လျက် တစ်ယောက်တည်းဖြစ်ခြင်း စသော အထူးထူးသော တန်ခိုးပြာဋိဟာသည် ဣဒ္ဓိပါဋိဟာရိယမည်၏။

သူတစ်ပါးတို့၏စိတ်, အကြံအစည်ကို-ညွှန်းပြခြင်း-ညွှန်ပြ၍ တရား ဟောခြင်းသည် အာဒေသနာပါဋိဟာရိယမည်၏။

ဤသို့ကြံစည် စိတ်ကူးပါလော့၊ ဤသို့မကြံစည်လင့်၊ ဤတရားကို ပယ်စွန့်လော့၊ ဤတရားသို့ ရောက်၍ နေလော့ စသည်ဖြင့် ဆုံးမခြင်းသည် အနုသာသနီပါဋိဟာရိယမည်၏။ [၂]

ကဿပညီနောင် ရသေ့တထောင် ပြင်ဆင်ရန်

ရသေ့ညီနောင် ရှင်တစ်ထောင်တို့အား ဘုရားရှင် တန်ခိုးပြာဋိဟာပြတော်မူရာဝယ် ငါးရာသော ထင်းတုံးတို့ကို ရသေ့များ ခွဲ၍မရခြင်း၊ တပြိုင်နက်အံ့ဩဘွယ်ရာ ကွဲကြခြင်း၊ ရသေ့များ မီးမွှေး၍ မရခြင်း၊ တပြိုင်နက် အံ့ဩဘွယ်ရာ မီးတောက်လောင်ခြင်း၊ ရသေ့များ မီးကို မငြိမ်းသတ်နိုင်ခြင်း၊ တပြိုင်နက် အံ့ဩဘွယ်ရာ မီးငြိမ်းခြင်း၊ မီးအိုးကင်း ငါးရာတို့ကို ဖန်ဆင်ခြင်း၊ ဤ ရပ်ရပ်သော ထူးခြားချက်တို့မှာ မြတ်စွာဘုရား၏ အဓိဋ္ဌာန်ကြောင့်ပင် ဖြစ်ကုန်၏။ ဤနည်းဖြင့် ဥရုဝေလ တောအုပ်အတွင်း၌ ကဿပညီနောင် ရသေ့တထောင်တို့အား ချေချွတ်ရန် မြတ်စွာဘုရား ဖန်ဆင်းတော်မူအပ်သော တန်ခိုး ပြာဋိဟာတို့မှာ ပါဠိတော်၌ တိုက်ရိုက်ဖော်ပြအပ်သော (၁၆)ပါး၊ တိုက်ရိုက် မဖော်ပြအပ်သော (၃၅၀၀)ပါး၊ ပေါင်း (၃၅၁၆)ပါးတို့ဖြစ်ကုန်၏။ [၃]

ဇိနတ္ထပကာသနီ၌ကား ဥရုဝေလ စသော ရသေ့တို့ကို ဆုံးမရာ၌ ပြာဋိဟာပေါင်းကား (၁၅၀၆)ပါး ရှိသတည်းဟုဆိုသည်။ [၄]

မဟာဝါပါဠိတော်နိဿယ (ဝေယံဘုံသာမူ) ပထမ အုပ်၊ ၁၀၁-၌ နဂါးကို ဆုံးမတော်မူသည်မှ စ၍ (၁၆)ပါးသော ပြာဋိဟာတို့ကား ဤ၌ မဆို၊ ထိုပြာဋိဟာတို့နှင့် တကွသော်ကား (၃၅၁၆)ပါးတည်း-ဟု လာသည်။

ပါဋိဟာရိယအဓိပ္ပါယ် ပြင်ဆင်ရန်

ဆန့်ကျင်ဘက်တို့ကို ပယ်မြစ်တတ်သောကြောင့် ပါဋိဟာရိယဟုခေါ်သည်။ [၅] (တနည်း) နောက်၌-တဖန်-ဖြစ်စေအပ်သောကြောင့် ပါဋိဟာရိယ ဟုခေါ်သည်။ [၆]

အဂ္ဂသာဝကတို့၏ အလေ့အကျင့် ပြင်ဆင်ရန်

အထူးထူးသော တန်ခိုးတို့ကိုပြ၍ ဆုံးမခြင်းသည် အရှင်မဟာမောဂ္ဂလာန်ထေရ်၏ အလေ့အကျင့်ဖြစ်သည်၊ သူတစ်ပါးတို့၏ အကြံစည်ကို သိ၍ ဆုံးမခြင်းသည် အရှင်သာရိပုတ္တရာထေရ်၏ အလေ့အကျင့် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်

ယမိုက်ပြာဋိဟာ

ကိုးကား ပြင်ဆင်ရန်

  1. တိပိဋကအဘိဓာန် အတွဲ-၁၄-အပိုင်း-၃
  2. ဒီ၊၁၊၂၀၆-၈။ ဒီ၊၃၊၁၈၄။ အံ၊၁၊၁၇၀။
  3. မဟာဗုဒ္ဓဝင်၊ ဒု-တွဲ၊ ၅၅၇-၈။ သာရတ္ထ၊၃၊၂၀၈။
  4. ဇိနတ္ထ၊၁၀၇။
  5. ဒီ၊ဋီ၊၁၊၃၇၈။
  6. အံ၊ဋီ၊၁၊၁၃၉။