တပေါင်းလ

မြန်မာပြက္ခဒိန်၏ ဒွာဒသမမြောက်လ

တပေါင် (တပေါင်း)သည် မြန်မာပြက္ခဒိန်၏ ဆယ့်နှစ်လမြောက်လဖြစ်ပြီး အင်္ဂလိပ်လ ဖေဖော်ဝါရီ၊ မတ် အတွင်း ကျရောက်ပါသည်။ ပထမလဝက်သည် ဆောင်းရာသီစက်မှ မလွတ်သေးချေ။ ဒုတိယလဝက်သို့ရောက်မှသာ နွေရာသီစက်သည် စတင်လေသည်။ ထို့ကြောင့် တပေါင်းလသည် ဆောင်းတစ်ဝက် နွေတစ်ဝက်ဖြစ်၍၊ နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်း ဟု လူတို့ ဆိုစမှတ်ပြုကြသည်။ အဆုံးသတ်လ ဖြစ်ပြီး တပေါင်းလသည် ၃၀ ရက်ရှိသည်။ ရက်စုံသော လဖြစ်သည်။


ထန်းပင်နှင့် သက်ဆိုင်သော အမည် ဖြစ်သည်။ ထန်းဖိုပင်များမှ ခံယူရရှိသည့် ထန်းရည်ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက် ပြုလုပ်သည့် လဖြစ်သည်။ ၂၇ လုံးသော နက္ခတ်များ စုပေါင်းထွက်ပေါ်ခြင်းကြောင့်လည်းကောင်း၊ထန်းရည်များပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်းဟူသော စကားမှ ရွေ့လျားလာခြင်းကြောင့်လည်းကောင်း တပေါင်းလဟု ခေါ်တွင်သည်ဟု ဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါး ၂ ကောင်ဖြစ်သည်။ စန်းယှဉ်နက္ခတ်ကား ဖလဂုနီတည်း။ ဤလ၏ အထိမ်းအမှတ် ပန်းသည် သရဖီပန်း (Calophyllum amnenum) ဖြစ်သည်။


ယင်းလတွင် မြစ်များ ချောင်းများ ရေစစ်ကာ သောင်ခုံ သဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲများ ကျင်းပလေ့ရှိသည်ဟု စာဟောင်း ပေဟောင်းများ၌ အဆိုရှိခဲ့၏။ ထိုလ၌ နေထွက်ချိန်မှာ ၆ နာရီ ၁ဝ မိနစ်ဖြစ်၍၊ နေဝင်ချိန်မှာ ၅ နာရီ မိနစ် ၅ဝ ဖြစ်သည်။ နေ့တာအနည်းငယ်တို၍ ညတာရှည်သည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ်သဖြင့်လောကသဘာဝ လုံးသည် သစ်ပင်များရွက်ဟောင်းစွန့်၍ ရွက်သစ်လွန်ကာ အညွန့်အညှောက်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ် လှပသာယာလှပေသည်။ မြန်မာ စာပေလောကတွင် ရှေးစာဆို အများသည် တပေါင်းလကို အထူးဖွဲ့ဆိုရေးသားခဲ့ကြလေသည်။ အင်းဝခေတ် ရဟန်းစာဆို ရှင်ဥတ္တမကျော်သည် သူ၏တောလား ကဗျာကြီး၌ တပေါင်းလ၌ တင့်တယ်သာယာပုံကို

လေခ မြေသက်၊ ဈာန်ဝိတက်သို့၊

သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊
သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊
ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊

တောလုံးလင်းသား'ဟု ချီးကျူးဖွဲ့ဆိုခဲ့၏။

ရှင်အုံးညိုကလည်း တပေါင်းလ၏ ကြည်နူးရှုချင်ဖွယ် ကောင်းပုံကို ဂါထာ ၆ဝ ပျို့တွင် ကာဠုဒါယီအမတ် မြတ်စွာဘုရားအား လျှောက်ကြားသည့်ဟန် ဖွဲ့နွဲ့စပ်ဆိုခဲ့၏။
ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီးဦးကြင်ဥ ကမူ

'ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ပတ်လည်

သဇင်ကြွင်းငယ် နှင့်၊ အင်ကြင်းသန္တာညွန့်ငယ်တို့၊ ဖူးကွန့်ကိုက်စည်
ဘမရာရွှေပိတုန်းငယ်တို့၊ ချွေသုံးကြဝတ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော်ကွဲ

ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင်ခါညီပြောပေပ၊ ကြော၍သာ မြဲ။'

ဟု တပေါင်းလ၏ စာပန်းချီကို ရွေးချယ်သီကုံးခဲ့ပေသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)