တပ်မတော် သူရဲကောင်းများ

မြန်မာ့တပ်မတော်သူရဲကောင်းများ

ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် ရဲဘော်သုံးကျိပ် ခေါင်းဆောင်တဲ့ ဗမာ့လွတ်လပ်ရေး တပ်သားတွေ နယ်ချဲ့ ဗြိတိသျှကို တိုက်ထုတ်တော်လှန်ရန် ထိုင်းနိုင်ငံ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာချိန်ဟာ ဗမာ့ တပ်မတော်ရဲ့ ခေတ်သစ် သမိုင်းကို စတင် မွေးဖွားခဲ့ချိန် ဖြစ်လေသည်။ လက်နက်ခဲယမ်း မပြည့်မစုံနဲ့ အတွေ့အကြုံ နုနယ်ပြီး အင်အား မတောင့်တင်းသေးတဲ့ တပ်မတော်ဟာ ရှုပ်ထွေးလှတဲ့ မြန်မာ့နိုင်ငံရေး သမိုင်း အတက်အကျ အချိုးအကွေ့တွေကိုလည်း ကြုံတွေ့ ခဲ့ရတယ်။

ဗိုလ်ချုပ် အောင်ဆန်း (ထိပ် ဝဲ)၊ ဗိုလ်မှူးချုပ် လကျာ် (အလယ်တန်း ဝဲ)၊ ဗိုလ်ချုပ် စမစ်ဒွန်း (အလယ်တန်း အလယ်)၊ ဗိုလ်မှူးကြီး ဗထူး (အလယ်တန်း ယာ)၊ ဗိုလ်မှူးချုပ် ကျော်ဇော (အောက် ဝဲ)၊ ဗိုလ်မှူးကြီး ကြည်မောင် (အောက် လယ်) နဲ့ ဗိုလ်ချုပ်ကြီး တင်ဦး (အောက် ယာ)။)

ဗမာပြည် လွတ်လပ်ရေး မရခင် တနှစ်အလို ၁၉၄၇ ခုနှစ်မှာ မြန်မာ့ အမျိုးသား သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းကို သူ့ပြိုင်ဘက်တွေက ဗြိတိသျှ စစ်တပ် အရာရှိ တချို့ရဲ့ အကူအညီနဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့တယ်။

အဲဒီ နောက်ပိုင်းမှာ တိုင်းပြည်ဟာ ဖရိုဖရဲနဲ့ ပြည်တွင်းစစ်ထဲ ကျရောက် ခဲ့ရတယ်။ သမိုင်းမှာ ထင်ရှားတဲ့ ရဲဘော် သုံးကျိပ်လည်း နိုင်ငံရေး အုပ်စုနှစ်ခုရဲ့ လွှမ်းမိုးမှုအောက်မှာ ပြိုကွဲ ခဲ့ရတယ်။

အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲဘော်ရဲဘက်တွေ ရောင်စုံ သူပုန်တွေနဲ့ ပူးပေါင်းဖို့ တောခို သွားချိန်မှာ ဗိုလ်ချုပ်နေဝင်းဟာ တပ်မတော်ကို ဦးဆောင် စုစည်းခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းဟာ ဗမာ့ တပ်မတော်ကို လယ်သမား၊ အလုပ်သမားနဲ့ မြန်မာပြည်သူ လူထုက ထူထောင်ခဲ့တာ ဖြစ်တယ်၊ ကြေးစား စစ်သားတွေနဲ့ ထူထောင်ထားတာ မဟုတ်ဘူးလို့ တခါက ဂုဏ်ယူပြီး ပြောခဲ့တယ်။

လမ်းပေါ်ထွက်ပြီး ဆန့်ကျင် ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နှင်းဖို့ စစ်တပ်ကို အမိန့် ပေးခဲ့တယ်။ ၁၉၈၈ ခုနှစ်၊ နိုင်ငံတဝန်း ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် နိုင်ငံ မတည်မငြိမ် ဖြစ်လာတဲ့ အခါမှာ ဗိုလ်ချုပ်နေဝင်းဟာ မြန်မာ့ ရုပ်မြင်သံကြားကနေ "လူစုလူဝေးနဲ့ ဆူပူ သောင်းကြမ်းမှုတွေ လုပ်နေမယ် ဆိုရင် စစ်တပ် ဆိုတာ ပစ်ရင် ထိအောင် ပစ်တယ်၊ ခြောက်လှန့်ပြီး လေထဲ မပစ်ဘူး" လို့ တိုင်းပြည်ကို ခြိမ်းခြောက်ခဲ့တယ်။ ဒါကြောင့်လည်း စစ်တပ်ဟာ ဗိုလ်ချုပ်နေဝင်းရဲ့ ခါးပိုက်ဆောင်တပ်လို့ မြန်မာပြည်သူတွေ ပြောတာ အံ့ဩစရာ မဟုတ်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်နေဝင်းမှာ စစ်တပ်နဲ့ ပတ်သက်ပြီး လုံးဝ ကွဲပြားတဲ့ အမြင်တွေ ရှိတယ်လို့ သမိုင်းဆရာတွေက ကောက်ချက် ချကြတယ်။ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီး ပြည်သူ့ဘက်က ရပ်တည်ကြတဲ့ စစ်ခေါင်းဆောင်တွေ ရှိခဲ့ကြပါတယ်။ တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်ပေး သွားကြတဲ့ အမည်မသိ အညတြ ရဲဘော်တွေလည်း အများအပြား ရှိကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇) ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အောင်ဆန်း

ကျနော့်ရဲ့သူရဲကောင်း ဗိုလ်မှူးချုပ် ကျော်ဇော

ဗြိတိသျှ အုပ်စိုးတဲ့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွား လာခဲ့တယ်။ အဲ့ဒီအချိန်က မြန်မာ့ လွတ်လပ်ရေး အတွက် နယ်ချဲ့ ဗြိတိသျှတွေကို ဆန့်ကျင် တွန်းလှန်တာဟာ မြန်မာ နိုင်ငံသားတိုင်းရဲ့ သမိုင်းပေး တာဝန်တရပ် ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဟာ ဒီတာဝန်ကို ဦးလည်မသုန် ထမ်းရွက်ခဲ့တယ်။ သူဟာ သူ့ပိုင်ဆိုင်မှု အားလုံးနဲ့ သူ့အသက်ကိုပါ စွန့်လွှတ် သွားခဲ့သူ ဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ သူ့ယုံကြည်ချက်ကနေ ဘယ်တော့မှ သွေဖည် မသွားဘဲ စွဲစွဲမြဲမြဲ လုပ်ကိုင်သွားသူ ဖြစ်တယ်။ သူ ကျဆုံးသွားချိန် အထိ ဘဝ တလျှောက်လုံး နယ်ချဲ့ကို ဆန့်ကျင်ခဲ့သူ ဖြစ်တယ်။ နယ်ချဲ့ ဗြိတိသျှတွေနဲ့ စေ့စပ် ညှိနှိုင်းလို့ ယုံကြည်မှု တည်ဆောက်ခဲ့ပေမယ့် မြန်မာပြည် တစည်းတလုံးတည်း လွတ်လပ်ရေးရဖို့ အတွက်ကို ဘယ်လို အပေးအယူမှ မရှိခဲ့ဘူး။

ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကို တိုက်ယူရာမှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ လုပ်ငန်းကို အမျှော်အမြင် ရှိရှိနဲ့ အားသွန် ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့တယ်။ အင်အားကြီးတဲ့ ရန်သူကို တိုက်ဖို့ အတွက် စစ်တပ်တတပ် လိုတယ် ဆိုတာ သဘောပေါက်တယ်။ ဒါကြောင့် သူ့ခေါင်းဆောင်မှု အောက်မှာ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို လူ ၃ဝ နဲ့ စတင် ဖွဲ့စည်းခဲ့တယ်။ လအနည်းငယ် အတွင်း ဗမာ့ လွတ်လပ်ရေး တပ်မတော်ဟာ တပ်သားသစ် ထောင်ပေါင်း များစွာကို စုဆောင်း နိုင်ခဲ့တယ်။

စစ်တပ်ကို ဖွဲ့စည်း ထူထောင် ခဲ့ပြီးနောက် ခေတ်မီ တပ်မတော် ဖြစ်လာအောင်လည်း တပ်မတော် လေ့ကျင့်ရေးကျောင်းနဲ့ စစ်တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့တယ်။ တပ်မတော်ကို ခိုင်မာတဲ့ အဖွဲ့အစည်း တခု ဖြစ်လာအောင် ဖန်တီးခဲ့တာ ဗိုလ်ချုပ် အောင်ဆန်း ဖြစ်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ဟာ အနာဂတ် တပ်မတော်ကို နိုင်ငံရေးနဲ့ ကင်းကင်း နေသင့်တယ် ဆိုပြီး လမ်းညွှန် ခဲ့ပါတယ်။

နိုင်ငံရေး မျက်နှာစာမှာလည်း ဗိုလ်ချုပ်ဟာ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ အင်အားစုတွေကို စုစည်းနိုင်ခဲ့တယ်။ ပညာတတ် အထက်တန်းလွှာတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တော်လှန်ရေးထဲ ပါဝင်လာအောင် စည်းရုံး နိုင်ခဲ့တယ်။

ဗိုလ်ချုပ် အောင်ဆန်းရဲ့ အပြောင်မြောက်ဆုံး ဆောင်ရွက်ချက်က ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် ကျူးကျော်သူတွေကို ပြန်လည် တိုက်ထုတ်ဖို့ အတွက် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ်ကြီးကို ဖန်တီး နိုင်ခဲ့ခြင်းပဲ ဖြစ်တယ်။ နောက်ထပ် ထူးခြားတဲ့ အရည်အချင်းက တိုင်းရင်းသား လူမျိုး ပေါင်းစုံကို သူနဲ့အတူ ရပ်တည်ပြီး လွတ်လပ်ရေးကို အတူတကွ တောင်းဆိုဖို့ စည်းရုံးနိုင်ခဲ့ခြင်း ပါပဲ။

၁၉၃၅ ခုနှစ် ကနေ ၁၉၄၇ ခုနှစ် အထိ တိုတောင်းလှတဲ့ ၁၂ နှစ်တာ ကာလ အတွင်း ကျောင်းသား ခေါင်းဆောင် ဘဝကနေ အမျိုးသား ခေါင်းဆောင် တယောက် ဖြစ်လာတာ ကျနော်တော့ အတော် အံ့ဩမိတယ်။

ကြီးမြတ်တဲ့ ခေါင်းဆောင်တိုင်းမှာ ရှိအပ်တဲ့ အရည်အချင်းတွေ အကုန်လုံး ဗိုလ်ချုပ် အောင်ဆန်းမှာ ရှိတယ်။ ကျနော် တွေ့ဖူးခဲ့သမျှ ခေါင်းဆောင်တွေထဲမှာ အထက်မြက်ဆုံး ခေါင်းဆောင် တယောက် ဖြစ်တယ်။ သူ အလုပ်လုပ်တဲ့ အခါ စွမ်းဆောင်ရည် အပြည့် ရှိတယ်။ အစည်းအဝေး ခေါ်လိုက်တိ်ုင်း ဘာဆွေးနွေးမလဲ ဆိုတဲ့ အစီအစဉ် သူ့မှာ အမြဲ ရှိတယ်။ အစည်းအဝေးကို အချိန်မဖြုန်းဘဲ စနစ်တကျ စီမံ သွားနိုင်တယ်။ အစည်းအဝေး ပြီးတဲ့ အခါလည်း လူတိုင်းဟာ ကိုယ်ဘာလုပ်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားတယ်။

နောက်ဆုံး အနေနဲ့ အရေးပါတဲ့ အရည်အသွေး တခုက ဗိုလ်ချုပ် အောင်ဆန်းဟာ ကိုယ်ကျင့်သိက္ခာ ကြီးမားပြီး စိတ်ထက်သန်တဲ့ မျိုးချစ် ပုဂ္ဂိုလ်တယောက် ဖြစ်ခြင်းပါပဲ။ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေနဲ့ အတူ မြန်မာပြည်သူ အားလုံးဟာ ဗိုလ်ချုပ် အောင်ဆန်းကို ချစ်ခင် မြတ်နိုး တမ်းတ နေဆဲပဲလို့ ကျနော် ယုံကြည်ပါတယ်။

(ဗိုလ်မှူးချုပ် ကျော်ဇောဟာ သက်ရှိထင်ရှား ကျန်ရှိ နေသေးတဲ့ ရဲဘော် သုံးကျိပ်ဝင် နှစ်ဦးထဲက တဦးဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်လျက် ရှိပါတယ်။)


ဗိုလ်မှူးချုပ် လက်ျာ (၁၉၁၁ - ၁၉၇၈) ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - လက်ျာ၊ ဗိုလ် (ရဲဘော် သုံးကျိပ်)

မျိုးချစ်စစ်သည် အောင်ဇော်

ဗိုလ်မှူးချုပ် လကျာ် (ခေါ်) လှဖေဟာ စကားပြော သိမ်မွေ့ နူးညံ့ပြီး ရိုးရိုးကုပ်ကုပ် နေတတ်တဲ့ ရဲဘော် သုံးကျိပ် တစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ ရဲဘော် သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာ သင်တဲ့အခါ ဗိုလ်ချုပ် အောင်ဆန်းက ဗမာ့ တပ်မတော်ကို ဦးဆောင်ဖို့ တာဝန် ပေးတဲ့ အခါမှာ ဗိုလ်မှူးချုပ် လကျာ်ဟာ စစ်သားကောင်း တစ်ယောက် အဖြစ် သက်သေ ပြခဲ့တယ်။

ဗိုလ်လကျာ်ဟာ ဒို့ဗမာ အစည်းအရုံးကို ဖွဲ့စည်း တည်ထောင်ခဲ့သူတွေ ထဲမှာ ပါတယ်။ အဲ့ဒီ အဖွဲ့ကို ဗြိတိသျှ နယ်ချဲ့အား ဆန့်ကျင်တဲ့ ပညာတတ် မျိုးချစ်လူငယ် တစ်စုက ထူထောင်ခဲ့တာ ဖြစ်တယ်။ အဖွဲ့ဝင်တွေဟာ သူတို့ကိုယ် သူတို့ 'သခင်' တပ် ခေါ်ကြတယ်။ ဗိုလ်လကျာ်ဟာ ဗမာပြည် ကွန်မြူနစ် ပါတီ အပေါ် သစ္စာရှိတဲ့ ထိပ်တန်း ပါတီဝင် တဦးလည်း (ဗမာပြည် ကွန်မြူနစ် ပါတီ စတင် တည်ထောင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ပါဝင်ခဲ့သူ) ဖြစ်တယ်။

ဗိုလ်လကျာ်ဟာ ဗမာ့ လွတ်လပ်ရေး တိုက်ပွဲ အတွက် နိုင်ငံခြား အကူအညီ ရှာဖွေဖို့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ တရုတ်ပြည်ကို ပထမဆုံး သွားခဲ့တယ်။ ရဲဘော် နှစ်ယောက် ချိန်းထားတဲ့ အဆက်အသွယ်နဲ့ လွဲပြီး သောင်တင်နေစဉ် လိုအပ်နေတဲ့ ရန်ပုံငွေကို ရှာဖွေခဲ့တာ ဗိုလ်လကျာ် ဖြစ်တယ်။

ဂျပန်ပြည်မှာ စစ်သင်တန်း တက်ပြီးနောက် ဗိုလ်လကျာ်ကို ထိုင်းနိုင်ငံက တဆင့် မြန်မာပြည်ထဲ ဝင်ပြီး ကျေးလက် ပြည်သူတွေကို တော်လှန်ရေး လှုပ်ရှားမှုထဲ ပါဝင်လာအောင် လှုံ့ဆော် စည်းရုံးဖို့ တာဝန် ပေးခဲ့တယ်။ ဗိုလ်လကျာ်နဲ့ တပ်ဖွဲ့ဟာ မြန်မာနိုင်ငံ တောင်ပိုင်းက ကျေးလက် ပြည်သူတွေကို စည်းရုံးပြီး တပ်သားသစ်တွေ စုဆောင်းခဲ့တယ်။

တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်း ပြီးရင် ဗိုလ်လကျာ်ဟာ ဗမာ့ လွတ်လပ်ရေး တပ်မတော်ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ ဗိုလ်လကျာ်ကို တပ်မတော်ရဲ့ ခေါင်းဆောင် အဖြစ် သူ့နေရာမှာ အစားထိုး တာဝန် ယူစေချင်တာကို လုပ်ဖော် ကိုင်ဖက်တွေက သိကြတယ်။ ဗိုလ်လကျာ်ရဲ့ နေရာကို ပြိုင်ဆိုင်မဲ့ နိုင်ငံရေး ပြိုင်ဘက်တွေ ရန်က ဗိုလ်ချုပ် အောင်ဆန်းဟာ သတိနဲ့ အမြဲ ကာကွယ် ပေးခဲ့တယ်။ အဲ့ဒီ အချက်ဟာ ၁၉၄၉ ခုနှစ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်နေဝင်းနဲ့ ဗိုလ်လကျာ် အကြားမှာ ကြီးမားတဲ့ တင်းမာမှုတွေ ဖြစ်စေခဲ့တယ်။

ဗိုလ်လကျာ်ဟာ နု-အက်တလီ စာချုပ်ရဲ့ နောက်ဆက်တွဲ အဖြစ် လကျာ် - ဖရီးမင်း ကာကွယ်ရေး စာချုပ်ကို ၁၉၄၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တယ်။ လကျာ် - ဖရီးမင်း စာချုပ်ဟာ ဗြိတိသျှတပ်တွေ မြန်မာနိုင်ငံထဲ ဝင်ထွက်ခွင့်နဲ့ ဗမာ့ တပ်မတော်ကို စစ်သင်တန်း ပေးမယ့် အစီအစဉ်တွေ လုပ်ဆောင်နိုင်အောင် အထောက်အပံ့ ဖြစ်ခဲ့လို့ ဗိုလ်လကျာ်ကို ဗြိတိသျှ လိုလားသူ အဖြစ် စွပ်စွဲ ခဲ့ကြတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံရပြီးနောက် ဗိုလ်လကျာ်ဟာ တပ်မတော်မှာ ကြာကြာဆက်ရှိ မနေတော့ပါဘူး။ နောက်တနှစ် အကြာမှာ မြန်မာအစိုးရကို တိုက်နေတဲ့ ကရင် ခေါင်းဆောင်တွေကို ထောက်ခံ နေတယ်လို့ စွပ်စွဲခံရပြီး ဗိုလ်လကျာ် တပ်မတော်ကနေ နုတ်ထွက်ခဲ့တယ်။ ဖဆပလ အဖွဲ့ချုပ်ထဲ ဝင်ခဲ့ပြီး နိုင်ငံရေး လုပ်ခဲ့တယ်။ ဒုတိယ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး ဖြစ်လာတယ်။

ဗိုလ်လကျာ်ဟာ ၁၉၅ဝ ခုနှစ်တွေမှာ လကျာ် ကုမ္ပဏီနဲ့ မာတဘမ် ကုမ္ပဏီတို့ကို ထူထောင်ပြီး အောင်မြင်တဲ့ စီးပွားရေးသမား အဖြစ်နဲ့ နိုင်ငံခြားကို ရေထွက်ပစ္စည်း တင်ပို့တဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။ ဗိုလ်လကျာ်နဲ့ ချမ်းသာကြွယ်ဝကြတဲ့ သူ့ မိသားစုဟာ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေး အသိုင်းအဝန်းမှာ လူသိများ ထင်ရှားပြီး ဩဇာရှိ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ကြတယ်။

ဗိုလ်လကျာ်ဟာ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်း ဖြုတ်ချတာ ခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုကို ထောက်ခံသူ ဖြစ်တယ်။ ၁၉၆ဝ ခုနှစ် နောက်ပိုင်းမှာ ဗိုလ်လကျာ်ဟာ တောခိုခဲ့ပြီး ဦးနုရဲ့ ပြည်ပြေး အစိုးရနဲ့ ပူးပေါင်းခဲ့တယ်။ ပြည်ချစ် လွတ်မြောက်ရေး တပ်မတော်ရဲ့ တပ်မှူးတဦး ဖြစ်ခဲ့တယ်။ ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ အဲ့ဒီတပ်ဟာ ကရင်နဲ့ ပဋိပက္ခတွေ ကြားမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့တယ်။ ရန်ကုန်ကို ချီတက်ပြီး ဗိုလ်နေဝင်းကို ဖြုတ်ချဖို့ ဘယ်တုန်းကမှ အခွင့်အရေး မရခဲ့ဘူး။

၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလမှာ ကရင် တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲ တစ်ပွဲအတွင်း ဗိုလ်လကျာ် ကျဆုံး ခဲ့ရတယ်။

ဗိုလ်မှူးချုပ် ကျော်ဇော (၁၉၁၉) ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကျော်ဇော၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ရှင်သန်ဆဲ သွေးသောက်တဦး ရဲနည်

ဗိုလ်မှူးချုပ် ကျော်ဇောဟာ ရဲဘော် သုံးကျိပ်ဝင်တွေထဲက သက်ရှိထင်ရှား ကျန်ရှိနေသူ နှစ်ဦးမှာ တဦး ဖြစ်တယ်။ မျိုးချစ် စိတ်ဓာတ် ပြင်းထန်ပြီး လက်ဝဲယိမ်းတဲ့ ဗိုလ်ကျော်ဇောဟာ ၁၉၄၄ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ် ပါတီထဲ ဝင်ခဲ့တယ်။ ပါတီက ရွေးချယ် တင်မြှောက်ထားတဲ့ ပါတီ ဗဟိုကော်မတီဝင် တဦး ဖြစ်ပေမယ့် ပါတီရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင် ခဲလှတယ်။ စစ်မြေပြင်က သူရသတ္တိ ပြောင်မြောက်မှုတွေကိုသာ လူသိ များပါတယ်။

ဗိုလ်ကျော်ဇော ထင်ရှား ကျော်ကြား ခဲ့တာဟာ ၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အင်းစိန်တိုက်ပွဲမှာ စခဲ့တယ်။ ရန်ကုန်မြို့ မြောက်ဘက် ဆင်ခြေဖုံး နေရာတွေကို သိမ်းပိုက်ထားတဲ့ ကရင် သူပုန်တွေကို တိုက်ထုတ်ခဲ့တဲ့ သုံးလကျော်ကြာ တိုက်ပွဲဟာ သူ့ရဲ့ စစ်မှုထမ်းသက် တလျှောက် မေ့မရနိုင်တဲ့ အရှည်လျားဆုံး စစ်ပွဲ၊ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနဲ့ အန္ဈရာယ် အများဆုံး စစ်ပွဲလို့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ထဲမှာ ရေးသားခဲ့တယ်။ အင်းစိန် တိုက်ပွဲမှာ ဗိုလ်ကျော်ဇောဟာ သူ့တပ်ဖွဲ့တွေနဲ့ အတူ အမြဲ ရင်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ သတ္တိ ပြောင်မြောက်တဲ့ တပ်မှူး တဦး အဖြစ် အထက် အရာရှိတွေနဲ့ စစ်သားဟောင်းကြီးတွေကလည်း အမှတ်ရ ကြတယ်။

ရှမ်းပြည်နယ်ထဲ ကူမင်တန်တပ်တွေ ကျူးကျော် ဝင်ရောက်မှုကို တပ်မတော်က တိုက်ထုတ်စဉ်ကလည်း ဗိုလ်ကျော်ဇော နာမည်ဟာ လူတိုင်း ပါးစပ်ဖျားမှာ တဖွဖွ ပြောဆိုရတဲ့ အထိ ဖြစ်ခဲ့တယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် သူ့ရဲ့ စွန့်စားခန်းတွေဟာ ဒဏ္ဍာရီဆန်ဆန် ပါပဲ။ မြန်မာတပ်တွေ ထိုင်းနိုင်ငံ နယ်ခြားကို ဖြတ်သန်းခွင့်ရဖို့ အတွက် ဘိန်းအရောင်းအဝယ် တခုမှာ ကူမင်တန်တွေ လိမ်လိုက်တဲ့ ထိုင်း စစ်ဗိုလ်ချုပ် တယောက်နဲ့ ဗိုလ်ကျော်ဇော သဘောတူညီမှု ရယူခဲ့တယ်။

ထိုင်း-မြန်မာ နယ်စပ် အနီး တောင်ထူထပ်တဲ့ ဒွိုင်တန်တောင်တန်းပေါ်က ကူမင်တန်တွေရဲ့ ခံတပ်ကို တိုက်ဖို့ စစ်ပြင်နေတုန်း ထိုင်းဆက်သွယ်ရေး အရာရှိ တယောက်က ဒီခံတပ်ကို သိမ်းပိုက်ဖို့ အချိန် ဘယ်လောက်ကြာမလဲလို့ မေးတဲ့အခါ "မနက် ၈ နာရီ စတိုက်ရင် နောက်အကျဆုံး ညနေ ၄ နာရီ ငါတို့ အလံကို တောင်ကုန်းပေါ်မှာ လွှင့်မယ်" လို့ ဗိုလ်ကျော်ဇောက အကြောင်း ပြန်လိုက်တယ်။

အဲ့ဒီ တိုက်ပွဲကို ကြည့်ဖို့ ထိုင်းနိုင်ငံဘက် အခြမ်းမှာ လူတသောင်းကျော် စုဝေး ရောက်ရှိနေကြပြီး တချို့ဆိုရင် တိုက်ပွဲရဲ့ ရလဒ်ကို အလောင်းအစား လုပ်နေသူတွေတောင် ရှိခဲ့တယ်။ ဗိုလ်ကျော်ဇောဟာ သူပြောတဲ့ အတိုင်း ညနေ ၄ နာရီမှာ မြန်မာအလံကို လွှင့်ထူနိုင်ခဲ့တယ်။

၁၉၅၇ ခုနှစ်၊ ဧပြီလမှာ ဗိုလ်ကျော်ဇောရဲ့ ကံကြမ္မာ အပြောင်းအလဲ ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းက ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ အမာခံ စခန်း တခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရာက ရှာဖွေ တွေ့ရှိခဲ့တဲ့ အထောက်အထားတွေဟာ တပ်မတော်ရဲ့ လှုပ်ရှားမှု သတင်းတွေကို ကွန်မြူနစ် သူပုန်တွေထံ ဗိုလ်ကျော်ဇော ပို့ခဲ့တယ်လို့ ဆိုပြီး ရာထူးကနေ အနား ပေးခဲ့တယ်။ တပ်မတော်ကနေ အနားယူ ခဲ့ပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေးကို တက်တက်ကြွကြွ ထောက်ခံခဲ့တယ်။

၁၉၇၆ ခုနှစ်မှာ အစိုးရရဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတဲ့ ကြားကပဲ ဗမာပြည် ကွန်မြူနစ် ပါတီ ထိန်းချုပ်ရာ နယ်မြေဆီ ရှောင်ထွက် နိုင်ခဲ့တယ်။ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီနဲ့ စစ်ကော်မရှင် အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ ပါတီတွင်း ပြိုင်ဆိုင်မှုတွေကြောင့် ပါတီပြိုကွဲခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာတော့ ဗိုလ်ကျော်ဇော တရုတ်ပြည်ထဲ ဝင်ရောက် ခိုလှုံခဲ့ရတယ်။

အခုအခါ အသက် ၉ဝ ရှိပြီ ဖြစ်တဲ့ ဝါရင့် တပ်မှူးကြီး ဗိုလ်ကျော်ဇောဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်လျက် ရှိပါတယ်။ ဧရာဝတီ မဂ္ဂဇင်းနဲ့ တွေ့ဆုံ မေးမြန်းခန်း တခုမှာ ဒီနေ့ခေတ် တပ်မတော်ကို 'ကြေးစားတပ်' လို့ ပြောဆိုခဲ့တယ်။ တိုင်းပြည် အကျိုးအတွက် စစ်တိုက်ခဲ့တဲ့ သူတို့ခေတ်က တပ်မတော် ခေါင်းဆောင်တွေနဲ့ မတူတဲ့ "ဒီနေ့ခေတ် စစ်ခေါင်းဆောင်တွေရဲ့ တခုတည်းသော ရည်ရွယ်ချက်က စစ်အာဏာရှင် စနစ်ကို ထိန်းသိမ်း ကာကွယ်ဖို့" လို့ ပြောခဲ့ပါတယ်။

ဗိုလ်ချုပ် စမစ်ဒွန်း (၁၉ဝ၆ - ၁၉၇၉) ပြင်ဆင်ရန်

ဗိုလ်မှူးကြီး လေးပေ ရဲနည်

၁၉၄၆ ခုနှစ်၊ လန်ဒန်မြို့ ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားမှာ ဖီးမာရှယ် ဝီလျှံဆလင်းမ်နဲ့ ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ စကားလက်ဆုံ ကြနေကြတယ်။ မြန်မာ နိုင်ငံကို ဂျပန်တွေဆီကနေ ပြန်လည် သိမ်းပိုက်စဉ်က အိန္ဒိယ-ဗြိတိသျှ တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဖြစ်ခဲ့တဲဲ့ ဆလင်းမ်ဟာ သူ့အနီးက သတင်းထောက်တွေဘက် လှည့်ပြီး "ဒါ အရပ်လေးပေပဲ ရှိတဲ့ ဗိုလ်မှူးကြီး ဒွန်းလေ" ဆိုကာ နောက်ပြောင်ပြီး မိတ်ဆက် ပေးလိုက်တယ်။ အဲဒီက စပြီး စမစ်ဒွန်းကို ဗိုလ်မှူးကြီး လေးပေလို့ လူတွေက ခေါ်ကြတော့တယ်။

လူကောင်သေးသေးနဲ့ အဲ့ဒီ ကရင် အမျိုးသားကြီးဟာ အိန္ဒိယစစ် တက္ကသိုလ်ရဲ့ ပထမဆုံး အပတ်စဉ် သင်တန်းမှာ အတော်ဆုံး ကျောင်းသားဆုကို ရရှိခဲ့သူ ဖြစ်တယ်။ အဲ့ဒီနောက်ပိုင်း ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် လက်အောက်က ဧရာဝတီမြစ်ဝ က္ဆွန်းပေါ် ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင် ပြောက်ကျား တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့တယ်။

ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်း ကာလမှာ အဓိက အခန်းက ပါဝင်ခဲ့တယ်။ စမစ်ဒွန်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ် အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။

အဲဒါဟာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေ အကြား ယုံကြည်မှု တည်ဆောက်တဲ့ ခြေလှမ်း တခု ဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်၊ ကရင်လူမျိုးတွေ ကိုယ်ပိုင် လွတ်လပ်ရေး အတွက် စတင် တိုက်ခိုက်ကြတဲ့ အခါမှာတော့ အဲဒီ ယုံကြည်မှု ယိမ်းယိုင် ခဲ့ရတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းကို သူ့ရဲ့ ကရင် တပ်ဖွဲ့တွေနဲ့အတူ တပ်မတော် ရာထူးတွေက ရပ်ဆိုင်း ပစ်ခဲ့ကြတယ်။

စမစ်ဒွန်းဟာ ကရင် အမျိုးသားရေး စိတ်ဓာတ် ပြင်းပြသူ တယောက် ဖြစ်ပေမယ့် ဗမာ့ တပ်မတော် အပေါ် အမြဲတမ်း သစ္စာရှိပြီး စစ်သားကောင်း ပီသတဲ့ ခေါင်းဆောင် တယောက် ဖြစ်တယ်။ တပ်မတော် ဦးစီးချုပ် တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်း ပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။

တပ်မတော်ကနေ ထုတ်ပယ် ခံရပြီး နောက်ပိုင်းတွင်လည်း အစိုးရက သူ့အပေါ် သံသယ ထားခဲ့တယ်။ ၁၉၇၉ ခုနှစ်၊ ကွယ်လွန်ချိန် အထိ စောင့်ကြည့် ခံခဲ့ရတယ်။

ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ် စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ သူ မကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ 'Memoirs of the Four-foot Colonel' ဟာ ရေးသား ပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင် အာရှ အစီအစဉ်က ထုတ်ဝေ ဖြန့်ချိ ခဲ့ပါတယ်။


ဗိုလ်မှူးကြီး ဗထူး (၁၉၁၆ - ၁၉၄၅) ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဗထူး၊ ဗိုလ်မှူးကြီး

စံပြစစ်သာ ရဲနည်

 

ဗိုလ်မှူးကြီး ဗထူးသည် တိုင်းပြည်နှင့် တပ်မတော်အတွက် ဘဝ တစ်ခုလုံးကို ပေးဆပ်ခဲ့သူအဖြစ် လူအများက လေးစားဂုဏ်ပြု ခဲ့ကြပေသည်။ ၁၉၄၁-ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်က ဂျပန် အကူအညီနှင့် မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့ကို သိမ်းပိုက်ခဲ့ချိန်တွင် ဗိုလ်ဗထူးသည် ဇနီးနှင့် သားသမီး သုံးယောက်ကို ထားရစ်ခဲ့ပြီး ဗြိတိသျှကို တော်လှန် တိုက်ခိုက်ရန် ပူးပေါင်း ပါဝင်လာခဲ့သည်။

၁၉၄၃-ခုနှစ်တွင် ဗိုလ်မှူး အဆင့် ရာထူး တိုးမြှင့် ခံခဲ့ရပြီး မြန်မာနိုင်ငံ မြောက်ပိုင်းက ထောက်ပံ့ရေး လမ်းကြောင်းတွေ လုံခြုံရေး အတွက် တာဝန် ယူခဲ့ရသည်။ ဂျပန်ခေတ်မှာ ဗမာ့ တပ်မတော်ကို နာမည် အသစ်နဲ့ ပြန်လည် ဖွဲ့စည်းတဲ့ အခါ မန္တလေး အခြေစိုက် အထက် ဗမာပြည်တိုင်း (ယခု အလယ်ပိုင်းတိုင်း) စစ်ဌာနချုပ်ရဲ့ တိုင်းမှူး ဖြစ်လာတယ်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်မတော် ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ လျှို့ဝှက် အစည်းအဝေး ကျင်းပပြီး ဂျပန် တပ်တွေကို မတ်လ ၂၇ ရက်မှာ တမျိုးသားလုံး အုံကြွ တော်လှန်ဖို့ အစီအစဉ် ရေးဆွဲရာမှာ ဗိုလ်ဗထူးလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ မန္ဈလေးကို ပြန်ရောက်လို့ သတ်မှတ်ရက်မတိုင်မီ သုံးပတ်အလို မတ်လ ၈ ရက်နေ့မှာ အခြေအနေအရ သူ့အစီ အစဉ်နဲ့သူ ဂျပန်ကို စစ်ကြေညာပြီး စတိုက်ပါတယ်။ ဗိုလ်ဗထူးရဲ့ အကြောင်းပြချက်က စစ်နည်းဗျူဟာ မြောက်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲဘော်တွေကို ဂျပန်တွေ သံသယ ဝင်နေတာ သိတဲ့ ဗိုလ်ဗထူးဟာ တော်လှန်ရေး လှုပ်ရှားမှုကြီး တရပ်လုံးကို ဂျပန်တွေ အာရုံ မစိုက်မိအောင် ဗိုလ်ချုပ် အောင်ဆန်းနဲ့ ခပ်ခွာခွာ နေပြလိုက်တယ်။

သူနဲ့ သူ့တပ်တွေဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အမိန့်ကို မနာခံတော့ဘူးလို့ ကြေညာလိုက်တဲ့ အခါ ဂျပန်တွေဟာ ဗိုလ်ဗထူး အပေါ်မှာပဲ အာရုံစိုက် သွားကြတယ်။ အဲ့ဒီလို အာရုံပြောင်းသွားချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖော် ကိုင်ဖက်တွေဟာ စီစဉ်ထားတဲ့ အတိုင်း မတ်လ ၂၇ ရက်မှာ ဂျပန် တော်လှန်ရေးကို စတင်နိုင်ခဲ့တယ်။ အဲ့ဒီနေ့ကို ဖက်ဆစ် တော်လှန်ရေးနေ့၊ နောက်ပိုင်းတော့ တပ်မတော်နေ့လို့ သတ်မှတ်ခဲ့ကြတယ်။

ဗြိတိသျှ ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ အိန္ဒိယက တဆင့် အထက် မြန်မာပြည်နဲ့ မန္တ​လေးကို ဝင်ရောက်နိုင်ရေး ဗိုလ်ဗထူးက ကူညီခဲ့ပါတယ်။ ဂျပန်တွေရဲ့ နောက်ကြောက နေရာ ယူထားပြီး ဖြစ်တဲ့ ဗိုလ်ဗထူးဟာ ထောက်ပံ့ရေး လမ်းကြောင်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်။ မဟာမိတ်တပ်တွေ မေမြို့ကို သိမ်းပိုက်ရေးကိုလည်း ဗိုလ်ဗထူးက အကူအညီ အများကြီး ပေးနိုင်ခဲ့တယ်။

ဗိုလ်ဗထူးရဲ့ သတ္တိနဲ့ ဦးဆောင်နိုင်မှုကို ဗိုလ်ချုပ် အောင်ဆန်းက ချီးကျူးခဲ့ပြီး ဗိုလ်ဗထူးကို ဗိုလ်မှူးကြီး ရာထူး တိုးမြှင့် ပေးခဲ့တယ်။ ဒါပေမဲ့ ဒီရာထူးကို ဗိုလ်ဗထူး လက်ခံ မသွားနိုင်ခဲ့ပါဘူး။ ထားဝယ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုထံလည်း ပြန်မရောက် နိုင်ခဲ့ဘူး။ ၁၉၄၅ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ပိုင်းက ရွာလေး တစ်ရွာမှာ ငှက်ဖျား ရောဂါနဲ့ ဗိုလ်ဗထူး ကျဆုံး သွားခဲ့တယ်။

ဗိုလ်ဗထူးဟာ ရိုးသား ဖြောင့်မတ်ပြီး ထက်မြက်သူ၊ သတ္တိရှိပြီး ဝီရိယကောင်းတဲ့ စစ်ခေါင်းဆောင်လို့ ဗိုလ်ချုပ် အောင်ဆန်းက ရေးသားခဲ့တယ်။ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလမှာ ဗိုလ်ဗထူးကို ဂုဏ်ပြုတဲ့ အနေနဲ့ ရှမ်းပြည်တောင်ပိုင်း ရပ်စောက် ဒေသမှာ တပ်မြို့ တစ်မြို့ တည်ခဲ့ပြီး 'ဗထူးတပ်မြို့' လို့ အမည် ပေးခဲ့တယ်။ အဲ့ဒီမြို့ကို တပ်မတော် အရာရှိတွေကို သင်တန်း ပေးဖို့နဲ့ တပ်မိသားစုတွေ နေထိုင်ဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ကြည်မောင် (၁၉၁၉ - ၂ဝဝ၄) ပြင်ဆင်ရန်

ဝါရင့်အကျဉ်းစံ ထက်အောင်

"စစ်တပ်ဟာ စစ်တပ် အလုပ်ကိုပဲ လုပ်ရမယ်၊ နိုင်ငံရေးနဲ့ ကင်းကင်းနေရမယ်" ဆိုပြီး သူ့ရဲ့ ဘဝတလျှောက် ကိုင်စွဲတဲ့ ခံယူချက်ကို ဗိုလ်မှူးကြီး ကြည်မောင် တဖြစ်လဲ ဦးကြည်မောင်ဟာ ၁၉၉ဝ ခုနှစ်တုန်းက တိကျ ပြတ်သားစွာ ပြောခဲ့ပါတယ်။

ဦးကြည်မောင်ဟာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်မှာ နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေး ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့တယ်။ အဲ့ဒီ အချိန်က ဗိုလ်မှူးကြီး ကြည်မောင်ဟာ စစ်အာဏာ သိမ်းတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တဲ့ တဦးတည်းသော တော်လှန်ရေး ကောင်စီဝင် ဖြစ်တယ်။

၁၉၆၂ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဗိုလ်မှူးကြီး ကြည်မောင်ဟာ ဗိုလ်နေဝင်း ဦးစီးတဲ့ လူထု အစည်းအဝေး ပွဲတွေကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့တယ်။ နောက်တနှစ် အကြာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဘဝကနေ သူ့ကို အငြိမ်းစား ပေးလိုက်ပါတယ်။

ဦးကြည်မောင်ဟာ နိုင်ငံရေး ယုံကြည်ချက် အတွက် စုစုပေါင်း ၁၁ နှစ်ကြာ ထောင် ၄ ကြိမ် ကျခဲ့တာကြောင့် သူ့ကိုယ်သူ ဝါရင့် အကျဉ်းသား အဖြစ် ခိုင်းနှိုင်း ခဲ့ဖူးတယ်။

ဦးကြည်မောင်ဟာ ရန်ကုန် တက္ကသိုလ် ကျောင်းသား တယောက် အဖြစ်နဲ့ နိုင်ငံရေး လှုပ်ရှားမှုထဲ စတင် ဝင်ရောက်ခဲ့တယ်။ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့ ဗြိတိသျှ အစိုးရကို ဆန့်ကျင်တဲ့ တတိယ အကြိမ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား သပိတ်မှာ ပါဝင်ခဲ့တယ်။ ဆန္ဒပြပွဲရဲ့ တပ်ဦးမှာ ကျောင်းသား သမဂ္ဂ အလံကို ကိုင်စွဲ လွှင့်ထူထားစဉ် ဗြိတိသျှ စစ်ပုလိပ်တွေရဲ့ ရိုက်ချက်ကြောင့် ဦးခေါင်းမှာ ဒဏ်ရာ ရသွားပေမယ့် သူရဲ့ အလံမလှဲတတ်တဲ့ စိတ်ဓာတ်ဟာ အဲဒီ အချိန် ကတည်းက စခဲ့တာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ ဒီမိုကရေစီ လှုပ်ရှားမှုထဲ ပါဝင်လာပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်တဲ့ ခေါင်းဆောင် တဦး ဖြစ်လာတယ်။ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံရပြီးနောက် ဦးကြည်မောင်ဟာ ၁၉၉ဝ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နဲ့ အနိုင်ရအောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်မှု ပေးခဲ့တယ်။

အတိတ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် စစ်တပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခုံရုံးတင်မှာလားလို့ နိုင်ငံခြား သတင်းထောက် တယောက်ရဲ့ အမေးကို "မြန်မာနိုင်ငံမှာ နျူရင်ဘတ်လို ခုံရုံးမျိုး ကျနော်တို့ မလိုအပ်ပါဘူး" လို့ ဦးကြည်မောင်က ပြန်ဖြေခဲ့တယ်။ ဒါပေမဲ့ တပ်မတော် စစ်ထောက်လှမ်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်က အခွင့်ကောင်းယူပြီး ဦးကြည်မောင်ကို ဖမ်းဆီး ထောင်ချခဲ့တယ်။

၁၉၉၅ ခုနှစ်၊ ထောင်က လွတ်လာပြီးနောက် ဦးကြည်မောင်ဟာ နိုင်ငံရေး အပေါ် သူ့ရဲ့ ချဉ်းကပ်ပုံကို အခုလို ပြောခဲ့တယ်။ "ဒါက ကစားပွဲ တခုပဲ၊ ကျနော်တို့က အဲ့ဒီ ကစားပွဲထဲက ကစားသမားတွေ ဖြစ်တယ်။ ဒါဆို အတ္တမကြီးဘဲ အဓိပ္ပာယ်ရှိရှိ ကစားကြရအောင်" တဲ့။

ဒါပေမဲ့ နောက်နှစ်နှစ် အကြာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ အနားယူခဲ့တယ်။ ဦးကြည်မောင်ဟာ သူ့ဘဝရဲ့ နောက်ဆုံး အချိန်တွေမှာ မြန်မာ့ တပ်မတော် သမိုင်းကို သုတေသန ပြုရင်း ၂ဝဝ၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့က နေအိမ်မှာပဲ ကွယ်လွန် သွားခဲ့ပါတယ်။


ဗိုလ်ချုပ်ကြီး သူရတင်ဦး (၁၉၂၇) ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တင်ဦး၊ သူရ ဗိုလ်ချုပ်ကြီး

ပြည်သူ့ဗိုလ်ချုပ် ထက်အောင်

ဗိုလ်ချုပ်ကြီး သူရတင်ဦးဟာ သူ့ရဲ့ ရဲစွမ်းသတ္တိကြောင့် 'သူရ' ဘွဲ့ ချီးမြှင့်ခံရပြီး မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် အဆင့်ထိ ရာထူး တိုးမြှင့် ခန့်ထားခြင်း ခံခဲ့ရတယ်။ ဒါပေမဲ့ ၁၉၇၆ ခုနှစ်မှာ ဗိုလ်နေဝင်းကို ဖြုတ်ချဖို့ ပူးပေါင်း ကြံစည်တယ် ဆိုပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ စွဲချက် တင်ခဲ့တာကြောင့် သူ့ရဲ့ တပ်မတော်သား ဘဝဟာ အဆုံးသတ် ခဲ့ရတယ်။ ၁၉၈၈ ခုနှစ်၊ လူထုအုံကြွ ဆန္ဒပြမှုတွေ အတွင်းမှာတော့ ဒီမိုကရေစီ လှုပ်ရှားမှုထဲ ပါဝင်လာပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်သူ တစ်ဦး ဖြစ်လာခဲ့တယ်။

အခုအခါ အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ဦးတင်ဦးဟာ ၁၉၄၃ ခုနှစ်၊ ဗမာ့ လွတ်လပ်ရေး တပ်မတော်ထဲ ဝင်ခဲ့စဉ်က အသက် ၁၆ နှစ်သာ ရှိပါသေးတယ်။ ကူမင်တန် တပ်ဖွဲ့တွေ ကျူးကျော် ဝင်ရောက်မှုကို တိုက်ထုတ်တဲ့ တိုက်ပွဲတွေမှာတော့ တပ်မှူး တင်ဦးရဲ့ သူရ သတ္တိနဲ့ ခေါင်းဆောင်မှုဟာ သူ့ရဲဘော်တွေ အတွက် အားကျ အတုယူစရာ ဖြစ်ခဲ့ပြီး၊ ၁၉၇၄ ခုနှစ်မှာ တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ပေးအပ်ခဲ့တဲ့ အထိ ဗိုလ်နေဝင်းက ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကာကွယ်ရေး ဝန်ကြီး အဖြစ် ခန့်အပ် ခံခဲ့ရတဲ့ အထိပါပဲ။

တပ်မတော်ထဲမှာ သာမက ဗိုလ်ချုပ်ကြီး တင်ဦးဟာ အရပ်သားတွေရဲ့ လေးစား ချစ်ခင်မှုကိုလည်း ရရှိခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဈာပနမှာ ဆန္ဒပြကြတဲ့ ကျောင်းသားတွေက "ဗိုလ်ချုပ်ကြီး တင်ဦး အသက်ရာကျော် ရှည်ပါစေ" လို့ကြွေးကျော်တဲ့အထိ ဖြစ်ခဲ့တယ်။ တကယ်တော့ နိုင်ငံတော် သစ္စာဖောက်မှု ဆိုတာထက် လူကြိုက်များတယ် ဆိုတဲ့ အချက်က ဦးတင်ဦးကို ရာထူး ဖြုတ်ချဖို့ ဖြစ်လာစေခဲ့ပုံ ပါပဲ။ ၁၉၇၆ ခုနှစ်မှာ ဦးတင်ဦးကို ထောင် ၇ နှစ် ချခဲ့တယ်။ ဒါပေမဲ့ ၂ နှစ်စောပြီး ပြန်လွတ်လာတယ်။

ထောင်ကလွတ်တော့ ဦးတင်ဦးဟာ မထင်မရှားဘဲ နေခဲ့တယ်။ အဲ့ဒီနောက် ၁၉၈၈ ခုနှစ်၊ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အပြင်ဘက်မှာ ဆန္ဒပြနေတဲ့ ပြည်သူ ထောင်ပေါင်း များစွာကို မိန့်ခွန်း ပြောခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ သူဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆို ပါတော့တယ်။

၁၉၈၉ ခုနှစ်မှာ ဦးတင်ဦး နောက်တကြိမ် ထပ်ပြီး အဖမ်းခံရတယ်။ ဒီတကြိမ်မှာတော့ တပ်မတော် ပြိုကွဲအောင် လုပ်တယ် ဆိုတဲ့ စွဲချက်နဲ့ ဖြစ်ပါတယ်။ လျှို့ဝှက် စစ်ခုံရုံးရဲ့ စစ်တပ် အရာရှိတွေ ရှေ့မှာ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းက "တပ်မတော်ကို ငါ ချစ်တယ်၊ ဒါပေမဲ့ ပြည်သူကို တပ်မတော်ထက် ပိုချစ်တယ်" လို့ ပြောလိုက်တယ်။ အဲဒီ အတွက် ဦးတင်ဦးဟာ အင်းစိန် အကျဉ်းထောင်မှာ ၆ နှစ် နေခဲ့ရတယ်။

၁၉၉၅ ခုနှစ်မှာ ထောင်က ပြန်လွတ်လာပြီး ဦးတင်ဦးဟာ နိုင်ငံရေးကို ဆက်လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်အနှံ့ ခရီးစဉ်တွေမှာ အတူပါတယ်။ ၂ဝဝ၃ ခုနှစ်၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ အနီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မော်တော်ယာဉ်တန်းကို စစ်အစိုးရ အားပေး အားမြှောက် ပြုထားတဲ့ လူရမ်းကားတွေက အကြမ်းဖက် တိုက်ခိုက်တဲ့ အတွက် ဦးတင်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် အကျယ်ချုပ် ချထားခံရတာ အခုချိန်ထိပါ။ [၁]

မှတ်ချက်။ ။ ယင်းကဏ္ဍကို လွန်ခဲ့သော ၂ နှစ်က ဧရာဝတီ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ သို့သော် တိုင်းပြည် က အရေးတကြီး လိုအပ် နေသည့် လူထု ယုံကြည် လေးစားနိုင်သော မျိုးချစ် တပ်မတော်သားများ၊ တပ်မတော် ခေါင်းဆောင်များ ပေါ်ထွန်း လာစေရေး သတိ ဆန္ဒ ရှိစေရန် ဧရာဝတီက နှိုးဆော် လိုသောကြောင့် ယခု စာစုကို ပြန်လည် တင်ဆက် လိုက်ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. (၆၄) နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အထိမ်းအမှတ် ဧရာဝတီ မဂ္ဂဇင်း၊ ၂ဝဝ၉ မတ်လ ၂၇ ရက်၊