၁၃ ရာစုနှစ်သို့ရောက်သောအခါ၊ ဂျင်ဂစ်ခန်ခေါင်းဆောင် သော တာတာလူမျိုး (မွန်ဂို)များသည် အင်ပိုင်ယာချဲ့ထွင်သော စစ်ပွဲများကို ကမ္ဘာ့အနှံ့အပြားနေရာများတွင် စတင်ခင်းကျင်း တိုက်ခိုက်ခဲ့ကြရာ၊ ဂျင်ဂစ်ခန်၏မြေးတော် ကူဗလိုင်ခန်၏လက် ထက်သို့ ရောက်သောအခါမှ အဆိုပါစစ်ပွဲများ ပြီးဆုံးခဲ့လေ သည်။ ယင်းစစ်ပွဲများကို တာတာလူမျိုးစစ်ပွဲဟု ခေါ်သည်။

ဂျင်ဂစ်ခန်သည် ပထမဦးစွာ သဘောကွဲလွဲလျက်ရှိသော ခေါင်းဆောင်များကို သိမ်းသွင်း၍၎င်း၊ အချို့ကို သုတ်သင်ရှင်း လင်းပစ်၍၎င်း မွန်ဂိုဟူသမျှကို တစည်းတစ်လုံးတည်း ညီညွတ် အောင်ဆောင်ရွက်၏။ ထိုနောက် မွန်ဂိုနယ်နိမိတ်ကို ကျော်လွန် ကာ နယ်ပယ်ချဲ့ရာတွင်၊ တရုတ်နိုင်ငံတံတိုင်းကြီးကို ဖြတ်ကျော် ၍ မြောက်ပိုင်းသို့ဝင်ရောက်တိုက်ခိုက်သည်။ ၁၂၁၁ ခုနှစ်တွင် တာတာစစ်သည်များသည် ယခုခေတ်ရှန်စီနှင့် ဟိုပေ့ပြည်နယ် များကို တိုက်ခိုက်အောင်မြင်ခဲ့ကြပြီးနောက်၊ ချင်မင်းများ၏ မြို့တော် ယင်းချင်းကို ၁၂၁၅ ခုနှစ်တွင် သိမ်းပိုက်ခဲ့ကြလေ သည်။ ၁၂၁၉ ခုနှစ်တွင် ကိုရီးယားနိုင်ငံလည်း ဂျင်ဂစ်ခန်၏ လက်အောင်ခံ ဖြစ်လာ၏။ ဂျင်ဂစ်ခန်သည် ၁၂၂ဝ ပြည့်နှစ် တွင် အာရှတိုက်အလယ်ပိုင်းရှိ တာကီစတန်နိုင်ငံကိုလည်း အောက်ဇက်မြစ်ဝှမ်းအထိ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထို့ နောက် တရုတ်ပြည်တောင်ပိုင်းချင်နိုင်ငံ တစ်ခုလုံးနီး ပါးမျှ သည် ၁၂၂၃ ခုနှစ်တွင် ဂျင်ဂစ်ခန်ခေါင်းဆောင်သော တာတာ များ၏လက်အောင်သို့ ကျဆင်းခဲ့ရလေသည်။ ဂျင်ဂစ်ခန် ဦးဆောင်သော တာတာစစ်သည်များသည် အိန္ဒိယနိုင်ငံ အိန္ဒိမြစ် ကမ်းကို၎င်း၊ ပါးရှားနိုင်ငံ တွင်သို့၎င်း ဝင်ရောက်တိုက်ခိုက်ခဲ့ ကြသည်။ ၁၂၂၁ ခုနှစ်တွင်လည်း ရုရှနိုင်ငံတောင်ပိုင်း ဒိုးနက် မြစ်ဝှမ်းအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသေးသည်။

ဂျင်ဂစ်ခန်လွန်၍ သူ၏သား အိုဂါတိုင်း၏လက်ထက်သို့ ရောက်သောအခါ၊ တာတာများသည် အင်ပိုင်ယာ ချဲ့ထွင်သော စစ်ပွဲများကို ဆက်လက်ခင်းကျင်း တိုက်ခိုက်ခဲ့ကြလေသည်။ အိုဂါတိုင်းခေါင်းဆောင်သော တာတာစစ်သည်များသည် တရုတ် ပြည်မထဲသို့ ပိုမိုထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြ၏။ သူ၏ လက်ထက် ၁၂၃၄ ခုနှစ်တွင်မှ တရုတ်နိုင်ငံတောင်ပိုင်း ချင်မင်း ဆက်လည်း ပြတ်လေတော့သည်။ ခမည်းတော် ဂျင်ဂစ်ခန်၏ လက်ထက်တွင် လက်အောင်ခံဖြစ်လာခဲ့သော ကိုးရီးယားနိုင်ငံ ကိုလည်း အိုဂါတိုင်းသည် စစ်ပွဲခင်းကျင်း တိုက်ခိုက်၍ အပြီး အပိုင် သိမ်းပိုက်ခဲ့၏။ မက်ဆိုပိုတေးမီးယား၊ ဂျော်ဂျီယားပြည် နယ်နှင့် အာမီးနီးယား အစရှိသော အာရှတိုက်အနောက်တောင် ပိုင်း နိုင်ငံများနှင့် ဟန်ဂေရီ၊ ပိုလန် အစရှိသော ဥရောပနိုင်ငံ များကိုလည်း အိုဂါတိုင်းခေါင်းဆောင်သော တာတာစစ်သည် များ သွားရောက် တိုက်ခိုက်ခဲ့ကြလေသည်။ ၁၂၃၉ ခုနှစ်တွင် လည်း တာတာစစ်သည်များသည် ရုရှနိုင်ငံအလယ်ပိုင်း မောစ ကိုမြို့တော်အထိ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ကြလေသည်။

ဂျင်ဂစ်ခန်၏ မြေးတော်ဖြစ်သူ မန်ဂူ၏ လက်ထက်တွင် ကား တာတာများသည် ဗဂ္ဂဒက်မြို့၊ အလယ်ပိုမြို့နှင့် ဒမက် စကပ်မြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြ၏။ တရုတ်ပြည်တွင် လည်း မန်ဂူနှင့် ကူဗလိုင်ခန်ခေါင်း ဆောင်သော တာတာများ သည် ၁၂၅၃ ခုနှစ်၌ နန်ချောင်ပြည်နယ်ကို တိုက်ခိုက်အောင် မြင်ခဲ့ကြ၏။ ထိုနောက် တာတာစစ်သည်များသည် တုံကင်းနယ် ထဲသို့၎င်း၊ မြောက်ဘက်ရှိ ကွမ်စီနှင့် ဟူနန်နယ်များထဲသို့၎င်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြသေးသည်။

သို့သော် အကြီးအကျယ်ဆုံးသော တာတာစစ်ပွဲများသည် ကူဗလိုင်ခန် လက်ထက်တွင် ပေါ်ပေါက်ခဲ့သည်ဟု ဆိုရပေမည်။ ကူဗလိုင်ခန်သည် မွန်ဂိုအင်ပါယာနိုင်ငံတော်ကြီးကို ကြောက် မက်ဖွယ်စစ်ပွဲများ ခင်းကျင်း၍ ချဲ့ထွင်ခဲ့သူ ဖြစ်သည်။ သူ၏ လက်ထက် ၁၂၇၉ ခုနှစ်တွင် တရုတ်နိုင်ငံအလုံးသည် တာတာ လူမျိုးတို့၏ လက်တွင်းသို့ သက်ဆင်းခဲ့ရပေသည်။

ဆွန်မင်းဆက်များ စိုးစံခဲ့သော ရျိအန်းယန်မြို့ နှင့် ဖန်ချိန်မြို့နှစ်မြို့ကို ၁၂၆၈ ခုနှစ်မှ ၁၂၇၃ ခုနှစ်အထိ ငါးနှစ်တိတိ ဝန်းရံတိုက်ခိုက်ခဲ့သော စစ်ပွဲမှာ ကြီးကျယ်လှပေ သည်။ ကူဗလိုင်ခန်ခေါင်းဆောင်သော တာတာစစ်သည်များ သည် အနောက်တောင် အာရှတိုက်နှင့် အာရှတိုက်အလယ်ပိုင်း ဒေသများကို၎င်း၊ ဥရောပတိုက် တစ်စိတ်တစ်ဒေသကို၎င်း ချီတက်တိုက်ခိုက်သိမ်း ပိုက်ခဲ့ကြသေး၏။ ထိုနောက် ၁၂၆၈ ခုနှစ်မှ ၁၂၈၁ ခုနှစ်အထိ ကူဗလိုင်ခန်သည် တာတာရေတပ် စစ်သည် အလုံးအရင်းဖြင့် ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ချီတက် တိုက်ခိုက်ခဲ့သော်လည်း ကျူးရှူးကျွန်းပေါ်သို့ တက်ရောက်နိုင်ရုံ မျှသာ အောင်မြင်ခဲ့၏။ တာတာစစ်သည်များသည် ၁၂၈ဝ ပြည့် နှစ်နှင့် ၁၂၈၇ ခုနှစ်များတွင် အာနန်ပြည်တွင်းသို၎င်း၊ ၁၂၈၂ ခုနှစ်တွင် အင်ဒိုချိုင်းနားသို့၎င်း ချင်းနင်းဝင်ရောက်တိုက်ခိုက်ခဲ့ ကြသေးသည်။ သို့သော် အလိုမပြည့်ခဲ့ကြချေ။ အဆိုပါကူဗလိုင် ခန်၏လက်ထက် တာတာများအန္တရာယ်ကို ခံစားလိုက်ကြရ သည့်ထဲတွင် ဂျားဗားကျွန်း၊ ရိယူးကျူးကျွန်းစုများနှင့် မြန်မာ နိုင်ငံတို့လည်း ပါဝင်ခဲ့ကြပေသည်။ မြန်မာနိုင်ငံကို ကူဗလိုင် ခန်၏ တာတာစစ်သည်များသည် ၁၂၇၇ ခုနှစ်မှ ၁၃ဝ၁ ခုနှစ် အတွင်း ၅ ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြ၏။ ငဆောင်းချမ်းတိုက်ပွဲ ၃ ကြိမ်မျှ ဧရာဝတီမြစ်ဝှမ်းအထိ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ကြ၍ ၂ ကြိမ်မျှ မန္တလေးမြို့တောင် ဘက်သို့ရောက်ခဲ့ကြသည်။ သို့သော် ကြာရှည်စွာ ခြေကုပ်ပြု လုပ်၍ တပ်စွဲကာ မနေနိုင်ခဲ့ကြချေ။ တာတလူမျိုးစစ်ပွဲများသည် ကူဗလိုင်ခန်၏ လက်ထက် ၌ပင် အဆုံးသတ်ခဲ့လေသည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)