လမင်း၏ အလင်းအမှောင် အစိတ်အပိုင်းကို တိထီဟုခေါ်သည်။ တိထီကို တစ်လုံး နှစ်လုံး စသည်ဖြင့် ခေါ်ဆိုလေ့ရှိသည်။ လမင်း၏ မျက်နှာပြင်တစ်ခုလုံးကို ၁၅ စိတ်စိတ်၍သတ်မှတ်ထားသည်။ တစ်စိတ်သည် ပျမ်းမျှ တစ်ရက်နှင့်အလားတူသည်။

လဆန်းပိုင်းတွင်ရှိသော တိထီတစ်လုံးသည် လမင်း၏မျက်နှာပြင် ၁၅ စိတ်ရှိသည့်အနက် တစ်စိတ်လင်း၍ ၁၄ စိတ် မည်းမှောင်နေခြင်းကို ဆိုလိုသည်။ တိထီ နှစ်လုံးသည် ၂ စိတ်လင်း၍ ၁၃ စိတ် မည်းမှောင်နေသည်ကို ဆိုလိုသည်။ ဤသို့ဖြင့် တစ်ရက်ထက် တစ်ရက် အလင်းတိုးလာရာ ၁၅ ရက်သို့မဟုတ် လဆုတ် ၁ ရက် ၂ ရက်ခန့်တွင် တိထီသည် သုညဖြစ်သည်။ (သုည သည် ၁၅ ၏တန်ဖိုးပင်ဖြစ်သည်။) ယင်းသုညတွင် လမင်း၏ မျက်နှာပြင်တွင် အမည်းထုမရှိတော့ခြင်းပင်ဖြစ်ပြီး ထိုရက်တွင် လသည် အပြည့်အဝပြည့်သည်။ ၎င်းကို "ပုဏ္ဏမီတိထီ" ဟုခေါ်သည်။ "လပြည့်တိထီ"ပင် ဖြစ်သည်။

ထိုမှ လဆုတ်ပိုင်းသို့ တဖြည်းဖြည်း မည်းမှောင်လာရာ လဆုတ်တိထီ တစ်လုံးတွင် လမင်းမျက်နှာပြင် ၁ စိတ်မည်း၍ ၁၄စိတ်လင်းခြင်း၊ လဆုတ်တိထီ ၂ လုံးတွင် လမင်းမျက်နှာပြင် ၂ စိတ်မည်း၍ ၁၃ စိတ်လင်းခြင်း စသည်ဖြင့် တဖြည်းဖြည်း တိထီအလုံးအရ အမည်းရောင်များလာသည်။ လကွယ်နေ့ သို့မဟုတ် နောက်ဆန်း ၁ ရက် ၂ ရက်ခန့်တွင် တိထီ ၁၅ လုံးပြည့်၍ သုညဖြစ်လေသည်။ ၎င်း သုညတိထီတွင် လမင်းအတိအကျကွယ်ပျောက်သော လကွယ်အစစ်ဖြစ်သည်။ ၎င်းသည် "အမာဝသီတိထီ" "လကွယ်တိထီ" ဖြစ်သည်။[၁]

တိထီကို ၆၀ စိတ်စိတ်လျှင် ဃဋီ ဖြစ်သည်။ ဃဋီ ၆၀ ပြည့်လျှင် တိထီ တစ်လုံးတိုးသည်။

လ က ကမ္ဘာကို တစ်ပတ်ပတ်ရန်ကြာချိန်သည် ၂၉.၅၃၀၅၈၉ ရက် (၂၉ ရက်၊ ၁၂ နာရီ၊ ၄၄ မိနစ်၊ ၂.၉ စက္ကန့်) ဖြစ်သည်။ အလွယ်ပြောရလျှင် ၂၉ ရက်ခွဲ (၂၉.၅ ရက်) ဖြစ်သည်။ ထို့ကြောင့် မြန်မာလများတွင် ရက်မစုံ ၂၉၊ ရက်စုံ ၃၀ ရက် တစ်လှည့်စီထားပြီး ရက်ကို ညှိထားသည်။ အနည်းငယ် ကွာဟလာသည့် အချိန်များကို ပေါင်းစု၍ လထပ်ခြင်း ရက်ငင်ခြင်းဖြင့် ရက်ပြန်ပြင်ယူကြရသည်။ ထို့ကြောင့် လပြည့်၊ လကွယ်နေ့များနှင့် အမှန်တကယ် လပြည့်ခြင်း လကွယ်ခြင်းများသည် မကြာခဏဆိုသလို ကွာဟနေခြင်းမျိုးရှိတတ်သည်။ လပြည့်နေ့များတွင်ပင် ကွာဟမှုများရှိနေတတ်သည်အတွက် အခါပေးပညာများ၊ အစီအရင်ပညာများတွင် လဆန်း၊ လဆုတ်ထက် တိထီကို ပို၍ သုံးစွဲကြသည်။[၂]

တိထီတွက်ပုံ

လ က ကမ္ဘာကို ပတ်သည့် ၃၆၀ ဒီကရီအား လဆန်း ၁၈၀ ဒီကရီ၊ လဆုတ် ၁၈၀ ဒီကရီပိုင်းခြားထားသည်။ လဆန်းတွင် ၁၅ ပိုင်း လဆုတ်တွင် ၁၅ ပိုင်း ပိုင်းခြားခြင်းအားဖြင့် တိထီတစ်လုံးတွင် ၁၂ ဒီကရီရှိသည်။ (၁၈၀ / ၁၅ = ၁၂ ဒီကရီ)။

အကိုးအကား ပြင်ဆင်ရန်

  1. "သင့်အတွက် နေ့စဉ်အကြံပေး ဒိုင်ယာရီ ၂၀၂၄"။
  2. "နက္ခတ္တဗေဒသိပ္ပံ စာပေးစာယူသင်တန်း"၊ ဆရာကာလာစန်။ ရန်ကုန်။ ၁၉၇၀။