တိရစ္ဆာနဝိဇ္ဇာဝါစနသိက္ခာပုဒ်

အမှု—တိရစ္ဆာနဝိဇ္ဇာကို ပို့ချပေးမှု။

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။ []

တိရစ္ဆာနဝိဇ္ဇာကို ပို့ချပေးသော ဘိက္ခုနီတို့အားလည်း “လူဝတ်ကြောင် မိန်းမများလိုဘဲဟု စွပ်စွဲကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ပြင်ဆင်ရန်

ယာ ပန ဘိက္ခုနီ တိရစ္ဆာနဝိဇ္ဇံ ဝါစေယျ, ပါစိတ္တိယံ။

မြန်မာပြန်

ပြင်ဆင်ရန်

တိရစ္ဆာနဝိဇ္ဇာကို ပို့ချသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။

တိရစ္ဆာနဝိဇ္ဇာ

ပြင်ဆင်ရန်

“တိရစ္ဆာန”သဒ္ဒါသည် “ဖီလာကန့်လန့်”ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် မဂ်ဖိုလ်ရခြင်း၏ ဖီလာကန့်လန့် ဖြစ်သောအတတ်ကို “တိရစ္ဆာနဝိဇ္ဇာ”ဟု မှတ်၊ ထို့ကြောင့်ပင်-“တိရစ္ဆာန ဝိဇ္ဇာနာမ-ယံကိဉ္စိ ဗာဟိရကံ အနတ္ထသံဟိတံ = သာသနာတော်မှ အပ ဖြစ်သော အကျိုးမဲ့ အတတ်ပညာအားလုံးသည် တိရစ္ဆာန ဝိဇ္ဇာမည်၏”ဟု ဤသိက္ခာပုဒ်များ၏ ပဒဘာဇနိယ မှာ(ဘုရားရှင်ကိုယ်တော်တိုင်) ဖွင့်ပြတော်မူလေသည်။

ဤသိက္ခာပုဒ်၏ အဋ္ဌကထာ၌လည်း “ဗာဟိရက အနတ္ထ သံဟိတ”အတတ် ဟူသည်ကား-ဆင်အတတ်, မြင်းအတတ်, ရထားစီး အတတ်, ဓါးရိုးချွတ်(ဓါးအိမ်မှ ဓါးရိုးကို ဆွဲနှုတ်ကြောင်းအတတ်,) သူတစ်ပါးကို သတ်ဖြတ်ဖို့ရန်ဖြစ်သော အာထဗ္ဗန မန္တာန်, သစ်သား နှစ်ငုတ်ကို မန္တာန်မန်းမှုတ်၍ မြေ၌စိုက်လျှင် ရည်စူးအပ်သူ သေစေတတ်သော သစ်ငုတ်စိုက်မန္တာန်, မိမိအလိုပါအောင် (စိတ်ဖေါက်ပြန်၍ မိမိအလိုပါလာအောင်)ပြုတတ်သောမန္တာန်, အဆိပ်ဆေးကို ဖေါ်စပ်သော အတတ်, ဤသို့ စသည်ဖြင့် သူတစ်ပါးကို အကျိုးမဲ့အောင် နှိပ်စက် သတ်ဖြတ် ဖျက်ဆီးကြောင်း အတတ်များ ဖြစ်သည်။

အနာပတ္တိ

ပြင်ဆင်ရန်

ဤသိက္ခာပုဒ်များ၏ ပါဠိတော်ဝယ် အနာပတ္တိဝါရ၌ “အနာပတ္တိ လေခံ ပရိယာပုဏာတိ = အက္ခရာ (စာ)ရေးနည်းကိုပြသော လက်ရေးအတတ်ကို သင်သော်လည်းကောင်း, ဓာရဏံ ပရိယာပုဏာတိ = ဘေးရန် ကာကွယ်ဖို့ရန် အဆောင် (လက်ဖွဲ့စသော) လုပ်နည်းကို သင်သော်လည်းကောင်း, ဝုတ္တတ္ထာယ ပရိတ္တံ ပရိယာပုဏာတိ- မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ဖို့ရန် မန္တာန်ကိုဖြစ်စေ မြွေမလာသော စည်းဝိုင်းအတတ်ကို ဖြစ်စေ သင်သော်လည်းကောင်း (ဝါစေတိ-ထို အားလုံးကို ပို့ချသော်၎င်း) အာပတ်မသင့်”ဟု ခွင့်ပြုတော်မူ၏။

မှတ်ချက်

ပြင်ဆင်ရန်

ဤဝိနည်းတော် အလိုအားဖြင့် မသင်ကောင်းမချကောင်းသော တိရစ္ဆာနဝိဇ္ဇာ ဟူသည်– ပရူပဃာတကရ = သူတစ်ပါးအား နှိပ်စက်သတ်ဖြတ်မှုကို ပြုကြောင်း မကောင်းသောအတတ်များ” ဖြစ်ကြောင်း သိသာပြီ၊ သို့ပါလျက် အတော်ရှေးကျသော ရှေးက “ဂဏန်းအတတ်ကိုလည်းကောင်း, အင်္ဂလိပ်, ဟိန္ဒူ, သက္ကတကျမ်းစာတို့ကိုလည်းကောင်း, မသင်ကောင်း, သင်လျှင် ပို့ချလျှင် အာပတ်သင့်၏” ဟု ပြောဆိုကြ၏။ ထိုသို့အပြောမှားမှုကြောင့် သီလသိက္ခာကို ရိုသေထိန်းသိမ်းကြသော ရှေးဘုန်းတော်ကြီးများသည် ဘုန်းကြီးကျောင်း၌ ဂဏန်းသင်္ချာ လောကဓာတ်ပညာ ကိုမျှသင်ပြ၍ မပေးဝံ့ခဲ့ကြရကား ယခုအခါ၌ ဘုန်းကြီးကျောင်းအများပင် စာသင်မည့် ကျောင်းသားနည်းပါး(တချို့ကျောင်း၌ လုံးလုံးပင်မရှိတော့)ရုံမက, ဘုန်းကြီးကျောင်းထွက် မဟုတ်သော ခေတ်ပညာတတ်များ၏ အမျိုးမျိုးဝေဖန်သံကို ဘုန်းကြီးများ ခံနေကြရပေါ့။

ဆက်ဦးအံ့

ပြင်ဆင်ရန်

အင်္ဂလိပ်စာ, သက္ကတစာ” ဟူသည် အတတ်ပညာမဟုတ်သေး, အက္ခရာစာလုံးတွေသာတည်း၊ မြန်မာစာဟူသည်လည်း အက္ခရာစာလုံး တွေသာတည်း၊ ဘုရားတရားတော်ကို မြန်မာစာ ဖတ်တတ်သူတို့အတွက် မြန်မာအက္ခရာစာလုံးဖြင့် ရေးသား၍ အင်္ဂလိပ်စာ ဖတ်တတ်သူတို့အတွက် အင်္ဂလိပ်စာလုံးဖြင့် ရေးသားရပေမည်၊ ထိုသို့ ရေးသားထားသော စာလုံးများဖြင့် သင်ယူပို့ချမှုကို တိရစ္ဆာနဝိဇ္ဇာသင်ယူပို့ချမှုဟုဆိုနိုင်မည်လော၊ ထို့ကြောင့် ရေးသားထားသော အက္ခရာစာလုံးသည် ပဓာနမဟုတ်၊ ထိုစာဖြင့် ရေးသားညွှန်ပြအပ်သော အတတ်သာ လိုရင်းဖြစ်၍ “သူတစ်ပါး နှိပ်စက်ဖို့ အတတ်ဖြစ်လျှင်သာ မသင်ကောင်း”ဟု ဆုံးဖြတ်ပါလေ။

ဂဏန်းသင်္ချာ

ပြင်ဆင်ရန်

“ဂဏန်းသင်္ချာ မသင်ကောင်းဘူး”ဆိုလျှင် သင်္ဂြိုဟ်သရုပ်ခွဲရာ၌ စိတ်စေတသိက် ယှဉ်ပုံများကို ဘယ်လိုတွက်မည်နည်း၊ ကျမ်းကြီးပဋ္ဌာန်း-ကျမ်းငယ်ဆန်း၌ သင်္ချာဝါရနှင့် ပတ္ထာရဖြန့်ရာဝယ် ထောင်ပေါင်းများစွာ ရနိုင်သော ဂါထာတွေကို ဘယ်လိုနည်းဖြင့် တွက်မည်နည်း၊ “ဂဏန်း သင်္ချာမသင်ကောင်းဘူး” ဟု ဆုံးဖြတ်သော ဆရာတော်တို့သည်ပင် “နောဧကနော, နဝ ဒွေ အဋ္ဌာရသ” စသည်ဖြင့် မြန်မာအက္ခရာ သက္ကတအသံထွက်ဖြင့် ရေးထားသော ၉-ကြောင်းလင်္ကာကို သင်ပြ နေကြသည် မဟုတ်ပါလော၊ “နော ဧက နော”ကို သင်ကောင်း၏ ဆုံးဖြတ်၍ “၉ တလီ ၉, ၉နှစ်လီ တဆယ့်ရှစ်”ကိုတော့ မသင်ကောင်းဟု ဆုံးဖြတ်ခြင်းသည် တရားသော ဆုံးဖြတ်ခြင်း ဟုတ်နိုင်ပါမည်လော၊ အဋ္ဌကထာဆရာနှင့် မူလဋီကာ ဆရာစသော ရှေးဆရာတော်တို့သည် ပဋ္ဌာန်းသင်္ချာဝါရ၌ အလွန်ကျွမ်းကျင်တော်မူရကား ဂဏန်းသင်္ချာတတ် ဆရာမြတ်ကြီးတို့ပါပေတည်း။

သုတ္တန်ပါဠိတော် အလို

ပြင်ဆင်ရန်

တချို့ကား ဗြဟ္မဇာလသုတ်စသော သုတ္တန် ပါဠိတော်ဝယ် မိစ္ဆာဇီဝအခန်း၌ ထိုဂဏန်းသင်္ချာများ ပါနေသောကြောင့် “ဂဏန်းသင်္ချာကို ဝိနည်းအလို အပြစ်မရှိစေကာမူ သုတ္တန်အလိုအားဖြင့် မသင်ကောင်း”ဟု ဆုံးဖြတ်ကြပြန်၏။ ထိုသုတ္တန်၌ သင်ခြင်းပို့ချခြင်းကို အပြစ်တင်တော်မူသည် မဟုတ်ပါ။ သင်၍ တတ်မြောက်သောအခါ ထိုအတတ်ဖြင့် ပစ္စည်းလာဘ်လာဘ ရအောင် ငွေကြေးအခယူ၍ အသက်မွေးမှုကိုသာ မိစ္ဆာဇီဝ= ကဲ့ရဲ့ထိုက်သော အသက်မွေးမှု”ဟု အပြစ်တင်တော်မူလိုရင်း ဖြစ်ပါသည်၊ သင်ရုံ ပို့ချရုံကို အပြစ်တင်ခြင်းမဟုတ်ပါ၊ ထိုကြောင့်ပင် ပါဠိတော်၌ “ဧဝရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝေ ဇိဝိတံ ကပ္ပေန္တိ”ဟုချည်း ဟောတော်မူပါသည်။

မှန်၏။-ထိုပါဠိတော်များ၌ နက္ခတ်တာရာတို့ အကြောင်းလည်း ပါ၏၊ ထိုနက္ခတ်တာရာတို့ သွားလာပုံကို တောကျောင်းဘုန်းကြီးများမှာ တမင်တကာ သင်ယူရမည်ဟုပင် ပညတ်တော်မူ၏၊ “နက္ခတ္တ ပဒါနိ ဥဂ္ဂဟေတဗ္ဗာနိ သကလာနိဝါ ဧကဒေသာနိဝါ = တောနေ ရဟန်းသည် နက္ခတ်တို့ကို အားလုံးဖြစ်စေ တချို့ ဖြစ်စေ သင်ယူ မှတ်သားကြရမည်” [စူဠဝါ, ဝတ္တက္ခန္ဓက, အာရညိကဝတ်။]

ထိုပါဠိတော်များ၌ ဆေးပေးမှု, ဆေးကုမှုကိုလည်း အပြစ်တင်တော်မူ၏၊ ထိုအပြစ်တင်တော်မူခြင်းမှာ မိစ္ဆာဇီဝဖြစ်သောကြောင့် (ဘုန်းကြီးကဆေးကုလျှင် လူတွေက ကျေးဇူးဆပ်သောအားဖြင့် လှူဒါန်းတတ်ကြသောကြောင့် ဆေးမကုဘဲ တရားသဖြင့် နေသော ဘုန်းကြီးများကို အကြည်ညို ပျက်မည်စိုး၍)ဖြစ်၏၊ မဆိုင်သော လူများကို ဆေးမကုဖို့ရန် ဝိနည်းတော်မှာလည်း တားမြစ်ထား ပါသည်၊ ထိုသို့ ပါဠိတော်ပါရုံမျှဖြင့် ဆေးအတတ်ကို မသင်မချ ကောင်းဟု မမှတ်ရ၊ အကောင်အလှောင်များကို သတ်ဖြတ်မှု မပါသော ဆေးဘက်ဆိုင်ရာ၌ ဆရာဝန်ကြီးအထိ သင်ယူကောင်း-တတ်ပြန်လျှင်လည်း ပို့ချကောင်းပါ၏။ မှန်၏-ဂိလာနကို လုပ်ကျွေး သူ၏ အင်္ဂါ၌ “ဆေးစပ်တတ်ရမည်”ဟု ပါသည့်ပြင် ဝိနည်းမဟာဝါ ပါဠိတော် ဘေသဇ္ဇခန္ဓက တခန်းလုံးလည်း ဆေးကျမ်းပင်ဖြစ်၏၊ ထိုအခန်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူ၍ ရဟန်းတော် အများပင် သင်ယူ-ပို့ချ လက်တွေ့လည်း သင်ပြနေကြရပါသည်။

အချုပ်မှာ’ပါဠိတော်များ၌ “တိရစ္ဆာနဝိဇ္ဇာ”ဟု နာမည်ပါတိုင်း မသင်မချကောင်းဟု မမှတ်ယူဘဲ, ထိုတိရစ္ဆာနဝိဇ္ဇာဖြင့် လူများလို အသက်မွေးမှုကိုသာ မပြုကောင်းဟုလည်းကောင်း, အမှန်မသင်ကောင်း မချကောင်းသော (ဤသိက္ခာပုဒ် ၂-ပါးဖြင့် တားမြစ်အပ်သော) တိရစ္ဆာနဝိဇ္ဇာမှာ သူတစ်ပါးကို ညှဉ်းဆဲသတ်ဖြတ်ကြောင်း ဖြစ်သော ဆင်အတတ် စသည်များသာဖြစ်သည်ဟုလည်းကောင်း, မှတ်ပါ။

စိတ္တာဂါရဝပြီး၏။

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး