ယောစစ် ဘရော်ဇ် တီးတိုး
ဂျိုးဇက်ဘရော်ဇ် တီးတိုး ((Josip Broz Tito; Јосип Броз Тито; ၁၈၉၂-၁၉၈၀)သည် ယူဂိုစလားဗီးယားနိုင်ငံ၏ သမ္မတနှင့် အာဏာရှင်ခေါင်းဆောင်ကြီးဖြစ်သည်။ နာမည်အရင်းမှာ ယောစစ် ဘရော်ဇ်ဟု ခေါ်သည်။ တီးတိုးဟူသော အမည်ကိုမူ ယူဂိုစလားဗီးယားနိုင်ငံတွင် ကွန်မြူနစ်ပါတီ မြေအောက်လုပ်ငန်းများကို လုပ်ကိုင်နေစဉ်က ရရှိခဲ့ခြင်းဖြစ်ပေသည်။ ဇာတိအားဖြင့် ယူဂိုစလားဗီးယားနိုင်ငံ ဇာဂရက်ဘ်မြို့(Zagreb) အနီးရှိ ကွမ်ရိုဗက်ကလန်ဂျက် ရွာသား ဖြစ်ပြီးလျှင်၊ ၁၈၉၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ဖွားမြင်သည်။ မိဖများမှာ တောင်သူလယ်သမားများဖြစ်၍၊ ငယ်စဉ်က ကျေးရွာစာသင်ကျောင်းတွင် အခြေခံပညာများကို သင်ကြားခဲ့ပြီးနောက် အရွယ်ရောက်သော် ပန်းပဲအလုပ်ဖြင့် အသက်မွေးခဲ့သည်။
တီးတိုးသည် ပထမကမ္ဘာစစ် (၁၉၁၄-၁၈ ခုနှစ်)အတွင်းက ဩစတြီးယား ဟန်ဂေရီစစ်တပ်၌ စစ်သားအဖြစ် ဝင်ရောက်အမှုထမ်းခိုက်တွင် ၁၉၁၆ ခုနှစ်၌ စစ်သုံ့ပန်းအဖြစ်ရုရှတို့၏ ဖမ်းဆီးခြင်းကိုခံရပြီးလျှင် ရုရှနိုင်ငံသို့ရောက်ရှိသွားကာ ရုရှအမျိုးသမီးနှင့် လက်ထပ်၍၊ ရုရှ တပ်နီတော်၌ ၁၉၂၁ ခုနှစ်အထိ စစ်မှုထမ်းခဲ့လေသည်။ ၁၉၂၃ ခုနှစ်တွင် ယူဂိုစလားဗီးယားနိုင်ငံ သို့ပြန်လာ၍၊ အလုပ်သမားခေါင်းဆောင်အဖြစ်ဖြင့် ကွန်မျူနစ် ပါတီ မြေအောက်လုပ်ငန်းများကို လုပ်ကိုင်နေခိုက် ၁၉၂၈ နှင့် ၁၉၃၂ ခုနှစ်အတွင်းတွင် နိုင်ငံရေး လုပ်ငန်းများကြောင့် ထောင်ကျခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် စပိန်နိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော အမျိုးသားပါတီ အမည်ခံ ဖက်ဆစ်ဂိုဏ်းသားတို့ တိုက်ခိုက်ကြသော စပိန်ပြည်တွင်းစစ်တွင် လက်ဝဲဂိုဏ်းသားများဖက်မှ ကူညီတိုက်ခိုက်ရန် လူမျိုးစုံပါဝင်သော အပြည်ပြည်ဆိုင်ရာတပ်မဟာကို ပြင်သစ်ပြည် ပါရစ်မြို့၌ မိမိကိုယ်တိုင် ခေါင်းဆောင်၍ ဖွဲ့စည်းပေးခဲ့၏။ ဒုတိယကမ္ဘာစစ် (၁၉၃၉-၄၅ ခုနှစ်)အတွင်း၌ ၁၉၄၁ ခုနှစ်တွင် ယူဂိုစလား ဗီးယားနိုင်ငံသည် ဂျာမန်နှင့် အီတလီတပ်များ လက်အောက်သို့ ကျရောက်ခဲ့၇လေရာ၊ တီးတိုးသည် ပြောက်ကျားတပ်များ ဖွဲ့စည်း၍၊ မိမိထက်စစ်အင်အား ပိုမိုကြီးမားသော ဂျာမန်နှင့် အီတလီတို့အား အောင်မြင် စွာ တော်လှန်နိုင်ခဲ့သည်။ ဤကဲ့သို့ နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သဖြင့် တီးတိုးမှာ ကမ္ဘာကျော် တော်လှန်ရေးခေါင်းဆောင်ကြီးတစ်ဦး ဖြစ်လာလေသည်။
ယူဂိုစလားဗီးယားနိုင်ငံ၌ ရန်သူတို့ အရေးနိမ့်လာပြီဖြစ်သော ၁၉၄၄ ခုနှစ်တွင် တီးတိုးသည် မိမိဦးစီးသော အမျိုးသား လွတ်မြောက်ရေးကောင်စီကို အဝေးရောက် ဘုရင့်အစိုးရအဖွဲ့နှင့် အခိုက်အတန့်အားဖြင့် ပူးပေါင်းလိုက်၏။ သို့သော် ၁၉၄၅ ခုနှစ် ရွေးကောက်ပွဲ၌ မိမိပါတီက အပြတ်အသတ် အနိုင်ရသောအခါ၊ ယူဂိုစလပ်ဘုရင် ဒုတိယ ပီတာ(၁၉၂၃)အား နန်းစွန့်စေခြင်းဖြင့် ဘုရင်စနစ်ကို ဖျက်သိမ်း၍၊ ယူဂိုစလားဗီး ယားနိုင်ငံကို သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။ တီးတိုးသည် ယူဂိုစလားဗီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ရာထူးများအပြင် ကွန်မျူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးများကို ထမ်းဆောင်ယင်း ယူဂိုစလားဗီးယားနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လူထုနည်းဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။
တီးတိုးသည် ဘုရင့်အစိုးရအဖွဲ့၏ အရံတပ်ဦးစီးဖြစ်သော မီးဟိုင်းလိုဗစ်နှင့် ယင်း၏ဘက်တော်သားတို့ကို ဖယ်ရှား၍၊ ၁၉၅၃ ခုနှစ်တွင် ယူဂိုစလားဗီးယားနိုင်ငံ၏ သမ္မတဖြစ်လာခဲ့သည်။ မိမိနိုင်ငံကို ကွန်မျူနစ်ဝါဒအရ အုပ်ချုပ်ခဲ့သော်လည်း၊ ရုရှနှင့်မပူးပေါင်းခဲ့ချေ။ ရုရှကလည်း တီးတိုး၏ ယူဂိုစလားဗီးယားနိုင်ငံကို ကွန်မင်ဖောင်အုပ်စုမှ ထုတ်ပယ်လိုက်လေသည်။
သို့ရာတွင် ယူဂိုစလားဗီးယားနိုင်ငံနှင့် ရုရှနိုင်ငံတို့ ပြန်လည်သင့်မြတ်စေရန် ၁၉၅၅ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ရုရှဝန်ကြီးချုပ် ဗူလဂါနင်နှင့် ရုရှကွန်မျူနစ်ပါတီ အတွင်းရေးမှူးချုပ် ကရူးရှေးတို့သည် တီးတိုးထံသွားရောက်၍ စေ့စပ်ခဲ့ကြသည်။ မာရှယ် တီးတိုးသည် မြန်မာနိုင်ငံတော်အစိုးရ၏ ဖိတ်ကြားချက်အရ ၁၉၅၅ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် ယူဂိုစလပ် ကရုဇာစစ်သင်္ဘော‘ဂလက်’ ဖြင့် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့သည်။ တီးတိုးသည် မြန်မာနိုင်ငံ၌နေထိုင်စဉ်အတွင်း ဟဲဟိုး၊ တောင်ကြီး၊ ညောင်ရွှေ၊ အင်းလေး စသော ရှမ်းပြည်နယ်ရှိ မြို့များနှင့် မေမြို့၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ ချောက်၊ မကွေးစသော မြန်မာနိုင်ငံ အထက်ပိုင်းရှိ မြို့များသို့ လှည့်လည်ခဲ့သည်။
မြန်မာနိုင်ငံခရီးစဉ်တစ်လျှောက်တွင် မာရှယ်တီးတိုးအား လူထုက သောင်းသောင်းဖြဖြ ကြိုဆိုဧည့်ခံကြသည်။ တီးတိုးသည် ရန်ကုန်မြို့၌ ရှိစဉ်၊ မြန်မာနိုင်ငံသမ္မတကြီး ဒေါက်တာဦးဘဦးနှင့် အမြတ်ဆုံးသော နိုင်ငံတော်ဘွဲ့တံဆိပ်တို့ကို အလဲအလှယ်ပြုသည်။ တီးတိုးက ဒေါက်တာဦးဘဦးအား ယူဂိုဆလပ်ကြယ် တံဆိပ် အပ်နှင်းသည်တွင်၊ ဒေါက်တာ ဦးဘဦးက တီးတိုးအား အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ကို အပြန်အလှန်အပ်နှင်းလေသည်။ ၁၉၅၅ ခုနှစ် ဇန္နဝါရီလ ၁၆ ရက်နေ့ ရန်ကုန်တက္ကသိုလ် အထူးဘွဲ့နှင်းသဘင်အခမ်းအနား၌ မာရှယ်တီးတိုးအား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ အပ်နှင်းသည်။ ၁၉၅၅ ခုနှစ် ဇန္နဝါရီလ ၇ ရက်နေ့တွင် မာရှယ်တီးတိုးသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ‘ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေး’လမ်းစဉ်ကို ထောက်ခံကြောင်းဖြင့် မြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဦးနုနှင့်အတူ ပူးတွဲကျေညာချက် ထုတ်ပြန်ပြီးလျှင်၊ ယူဂိုစလားဗီးယားနိုင်ငံသို့ ပြန်လေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)