ဆက္ကနိပါတ် - ၂။ ခရပုတ္တဝဂ် -(၃၈၈) - တုဏ္ဍိလဇာတ် တစ်ပြည်လုံးကြားအောင် တရားဟောစွမ်းနိုင်သော မဟာတုဏ္ဍိလ ဝက်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

သေဘေးအတွက် လွန်ကြောက်လျက် ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား ရဟန်းတစ်ပါးသည် သေဘေးမှ အလွန်ကြောက်သတတ်။ အနည်းငယ် လှုပ်ရှားခြင်းကို မြင်၍ လည်းကောင်း၊ အသံကြား၍ လည်းကောင်း ဝမ်းတွင်းသို့ ဝင်၍ သွားဘိသကဲ့သို့ အလွန်ကြောက်ရွံ့ တုန်လှုပ်၏ သတ္တဝါတို့အား သေခြင်းသည် မြဲ၏၊ အသက်ရှည်ခြင်းသည် မမြဲဟု အသင့်အတင့် နှလုံးသွင်းခြင်း မရှိ။

ရဟန်းတို့သည် တရားသဘင်၌ ထိုရဟန်း၏ ကြောက်ရွံ့တုန်လှုပ်သော အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ဤရဟန်းသည် ယခုအခါ၌ သာ သေဘေးမှ ကြောက်တတ်သည်မဟုတ်၊ ရှေးအခါ၌ လည်း ကြောက်တတ်သည် သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

သားမှတ်မွေးလှောင် ဝက်ညီနောင် ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဝက်မဝမ်း၌ ပဋိသန္ဓေနေ၍ ဝက်မသည် ကိုယ်ဝန်ရင့်လတ်သော် ဝက်ငယ်နှစ်ကောင်တို့ကို မွေးဖွားလေ၏။

တစ်နေ့သ၌ ဝက်မသည် သားငယ်နှစ်ကောင်နှင့်တကွ ကျင်းတစ်ခုတွင် ဝပ်၍ နေ၏။ ထိုအခိုက် ဗာရာဏသီမြို့ တံခါး၌ နေသော မိန်းမအို တစ်ယောက်သည် တောင်ဝှေးကို ထောက်၍ လာ၏။ ဝက်မသည် တောင်ဝှေးသံကို ကြားလတ်သော် သေဘေးမှ ကြောက်သဖြင့် သားငယ်ကိုစွန့်၍ ပြေးလေ၏။

မိန်းမအိုသည် ဝက်ငယ်တို့ကို မြင်လျှင် သားအမှတ်ဖြင့် တောင်း၌ ထည့်၍ အိမ်သို့ယူဆောင်ကာ မွေးမြူလျက် အကြီးကို မဟာတုဏ္ဍိလ အငယ်ကို စူဠတုဏ္ဍိလဟု အမည်မှည့်၏။ ထိုဝက်ငယ်တို့သည် နောက်အဖို့၌ ကြီးထွားသောကိုယ်ရှိကုန်၏။ အဖိုးဖြင့် ဝယ်သော်လည်း သားဟူသော အမှတ်ဖြင့် တစ်စုံတစ်ယောက်သောသူအား မရောင်းလေ။

ဖွားအိုရောင်းစား သေကြူးများ ပြင်ဆင်ရန်

ဗာရာဏသီပြည်ဝယ် ပွဲသဘင် ကျင်းကသဖြင့် သေသောက်ကြူးတို့သည် သေရည်ကို သောက်ကြရာ အမဲသားကုန်လေ၏။ ရှာဖွေစုံစမ်းလတ်သော် သူအိုမအိမ်၌ ဝက်နှစ်ကောင် ရှိသည်ကိုသိ၍ အိမ်သို့သွားကာ အဖိုးဖြင့် ဝယ်ကြကုန်၏။ သူအိုမသည် မရောင်းလေ။ ထိုအခါ သူအိုမအား သေရည် အနည်းငယ်ကို တိုက်ကြကုန်၏။ မူးယစ်၍ သတိမေ့လတ်သော် သေသောက်ကြူးတို့သည် သူအိုမထံ ဝက်တစ်ကောင် အဖိုးပေး၍ ဝယ်ကြကုန်၏။ သူအိုမသည် အသပြာကိုယူ၍ စူဠတုဏ္ဍိလကို ရောင်းလေ၏။

သေသောက်ကြူးတို့သည် စူဠတုဏ္ဍိလကို ဖမ်းရန် အိမ်တံခါးရှိ စားကျင်းတွင် အစာအပြည့်ထည့်၍ ကျော့ကွင်းလက်နက်တို့ကို ကိုင်ကာ အသင့် ပြင်ဆင်ထားကုန်၏။ သူအို်မလည်း စားကျင်းအနီး၌ နေ၍ “ချစ်သား … စူဠတုဏ္ဍိလ လာလော့၊ ထမင်းစားလှည့်လော့” ဟု ခေါ်လေ၏။

သေဘေးကြောက်လှ ကုဏ္ဍိလ ပြင်ဆင်ရန်

မဟာတုဏ္ဍိလသည် အမိအို ခေါ်သံကို ကြားလျှင် “ငါတို့အမိသည် ဤမျှသော ကာလပတ်လုံး အစာကျွေးသောအခါ စူဠတုဏ္ဍိလကို ရှေးဦး ခေါ်လေ့မရှိ၊ င့ါကိုသာ ရှေးဦးစွာ ခေါ်လေ့ရှိ၏၊ ယနေ့ ငါတို့အား မချွတ် သေဘေးရောက်လတ္တံ့” ဟု သိ၍ စူဠတုဏ္ဍိလကို ခေါ်ပြီးလျှင် “ညီထွေး … သင့်ကို အမိအို ခေါ်နေသည်၊ သွား၍ စုံစမ်းချေ” ဟု စေခိုင်း၏။ စူဠတုဏ္ဍိလသည် ချုံမှထွက်၍ စုံစမ်းရာ ထမင်းစားကျင်းအနီး၌ သေသောက်ကြူးတို့ကို မြင်လျှင် ယနေ့ ငါ့အား သေဘေးရောက်ပြီဟု အလွန်ကြောက်ရွံ့ တုန်လှုပ်လျက် အစ်ကိုထံလာ၍ လည်လေ၏။

ညီငယ် ဆုံးမ တရားပြ ပြင်ဆင်ရန်

ထိုအခါ မဟာတုဏ္ဍိလသည် “ညီထွေး … ယခုအခါ သင်သည် လည်ဘိ၏၊ ပြေးဝင်ရာအရပ်ကိုကြည့်၍ အဘယ်ကြောင့် လည်သနည်း” ဟု မေးလေ၏။ စူဋတုဏ္ဍိလသည် -

“နောင်တော် … ယခုအခါ စားကျင်းဝယ် အစာသစ်တို့ဖြင့် ပြည့်လျှံ၍ နေ၏၊ ငါတို့ အမိအိုလည်း စားကျင်းအနီး၌ နေ၏၊ ကျော့ကွင်း လက်နက်ကိုင်တို့လည်း စားကျင်းအနီး၌ အများအပြားရှိကုန်၏၊ ဤအစာကို မနှစ်သက် မစားလိုပါ” –

ဟု မိမိ မြင်ရသော အကြောင်းကို ပြောဆိုလေ၏။

မဟာတုဏ္ဍိလသည် စူဠတုဏ္ဍိလကို စကားကိုကြားလျှင် -

“ညီထွေး … သင်ကား ထိတ်လန့်ဘိ၏၊ လည်ဘိ၏၊ ပုန်းအောင်းရာကို ရှာလို၏၊ ကိုးကွယ်ရာမရှိပေ၊ အဘယ်သို့ သွားမည်နည်း၊ ကြောင့်ကြမရှိ စားပါ၊ ငါတို့ကို အသားအတွက် မွေးမြူအပ်ကုန်၏၊ ညီထွေး … ညွန်မရှိသော ရေကန်သို့ သက်ဆင်းလော့၊ အလုံးစုံသော ချွေး အညစ်အကြေးတို့ကို ဆေးကြောလော့၊ အမြဲမပြတ် မွှေးကြိုင်နေသော နံ့သာသစ်ကို လိမ်းကျံလော့” –

ဟု အကျိုးအကြောင်းပြကာ တရားဟော၏။

ဝက်မင်းတရား ပြည်လုံးကြား ပြင်ဆင်ရန်

ပါရမီဆယ်ပါးကို ဆင်ခြင်လျက် မေတ္တာပါရမီကို ရှေ့ထားကာ တရားဟောသော မဟာတုဏ္ဍိလ အသံသည် တစ်ဆယ့်နှစ်ယူဇနာရှိ ဗာရာဏသီပြည်အလုံးကို လွှမ်း၍ သွားလေ၏။ အိမ်ရှေ့မင်း စသော ကြားတိုင်း ကြားတိုင်းသောသူတို့သည် စည်းဝေးရောက်လာ၍ တရားနာကြကုန်၏။ မလာသော သူတို့လည်း အိမ်၌ နေလျက် တရားနာကြကုန်၏။ မင်းပရိသတ်တို့သည် ချုံကို သုတ်သင်၍ မြေကိုညှိပြီးလျှင် သဲဖြူခင်းကြကုန်၏။ သေသောက်ကြူးတို့လည်း သေရည် အမူးပြေလျက် ကျော့ကွင်း လက်နက်တို့ကို စွန့်ပစ်ကာ တရားနာကြကုန်၏။ သူအိုမလည်း သေရည်အမူးပြေလေ၏။

စူဋတုဏ္ဍိလသည် အစ်ကို ဟောသော တရားကိုကြားလျှင် ငါတို့အမျိုးအနွယ်၌ ရေကန်သို့ဆင်း၍ ချွေး အညစ်အကြေးကို ဆေးကြောခြင်း၊ နံ့သာသစ်ကို လိမ်းကျံခြင်းမည်သည် အဘယ်အခါကမျှ မရှိခဲ့စဖူး၊ ငါ့အစ်ကိုသည် အဘယ်ကိုရည်၍ ဟောသနည်းဟု ကြံစည်ကာ -

“နောင်တော် … ညွန်မရှိသော ရေကန်ကား အဘယ်ပါနည်း၊ ချွေးအညစ်အကြေးကား အဘယ်ပါနည်း၊ အမြဲမပြတ် မွှေးကြိုင်သော နံ့သာသစ်ကား အဘယ်ပါနည်း” –

ဟု နောင်တော်အား မေးလေ၏။

ဝက်မင်းတရားပြ ချီးမြှောက်ကြ ပြင်ဆင်ရန်

ထိုအခါ မဟာတုဏ္ဍိလသည် ညီတော် စူဠတုဏ္ဍိလ စကားကို ကြားလျှင် -

“ညီထွေး … နိဗ္ဗာန်တရားကို ညွှန်မရှိသော ရေကန်ဟုဆိုပါ၏၊ မကောင်းမှုကို ချွေးအညစ်အကြေးဟု ဆိုပါ၏၊ သီလကို နံ့သာသစ်ဟု ဆိုပါ၏၊ ထိုသီလကား အမြဲမပြတ် မွှေးကြိုင်၍ နေပါ၏၊ သတ္တဝါကို သတ်သောသူတို့သည် နှစ်သက်ကြကုန်၏။ အသတ်ခံရသော သတ္တဝါတို့သည် မနှစ်သက်ကြကုန်၊ လပြည့်နေ့၌ မွေ့လျော်ကုန်လျက် သီလအကျင့်နှင့် ပြည့်စုံသူတို့သည် အသက်ကို စွန့်ကုန်၏” –

ဟု စူဠတုဏ္ဍိလအား သဗ္ဗညုဘုရားကဲ့သို့ သာယာစွာသော အသံဖြင့် တရားဟောလေ၏။

လူတို့သည် လက်ဖျားခါကုန်၏။ ဦးရစ်၊ ပုဆိုးတို့ကို ပစ်လွှင့်ကုန်၏။ ကောင်းချီးသံ စသည် ကောင်းကင်တစ်ခုလုံး ပြည့်၍ နေ၏။ ဗာရာဏသီမင်းသည် မဟာတုဏ္ဍိလအား မင်းအဖြစ်ဖြင့် ပူဇော်၍ သူအိုမအားလည်း စည်းစိမ်များစွာ ပေးပြီးလျှင် ဝက်နှစ်ကောင်တို့ု နံ့သာချိုးစေ၍ နံ့သာ လိမ်းကျံစေပြီးလျှင် သားအရာ၌ ထား၍ အခြံအရံများစွာဖြင့် လုပ်ကျွေး မွေးမြူလေ၏။

ပြည်အလုံး ဆုံးမ တောဝင်ကြ ပြင်ဆင်ရန်

မဟာတုဏ္ဍိလ ဝက်မင်းသည် မင်းကြီးနှင့်တကွ လူတို့ကို ပဉ္စသီကို ပေး၏။ လူအများကိုလည်း တရားဟောလေ၏။ အဂတိ မလိုက်စားဘဲ တရားဆုံးဖြတ်၏။ ထိုအခါ ကောက်ကျစ် စဉ်းလဲ၍ တရားပြုသောသူ မည်သည်မရှိ၊ နောက်အဖို့၌ မင်းကြီး သေလွန်လတ်သော် ဝက်မင်းသည် သင်္ဂြိုဟ်ခြင်း ကိစ္စကို ပြုပြီးလျှင် တရားဆုံးဖြတ်နည်း ဖြတ်ထုံးတို့ကို ပေ၌ ရေးစေ၍ “ဤစာကို ကြည့်ပြီးလျှင် တရားဆုံးဖြတ်ကြလော့” ဟု မှာထား ဆုံးမခဲ့၍ တောသို့ ဝင်လေ၏။ ထိုမဟာတုဏ္ဍိလ ဝက်မင်း၏ အဆုံးအမသည် အနှစ်ခြောက်သောင်း တည်ရစ်လေ၏။

သစ္စာကို ပြသည်၏အဆုံး၌ သေဘေးမှ ကြောက်ရွံ့ထိတ်လန့်သော ရဟန်းသည် သေတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

စူဋတုဏ္ဍိလသည် - သေဘေးကို ကြောက်သော ရဟန်း။

မဟာတုဏ္ဍိလသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) အကု-ညစ်ကြေး၊ တရားအေး၊ ညွန်စေမဲ့ရေခေါ်။

(၂) သီလ နံ့သာ၊ လိမ်းကျံပါ၊ ခါခါမွှေးသနော်။

(၃) မဟာတုဏ္ဍိလ၊ ဆုံးအမ၊ ဝဿမြောက်သောင်းပေါ်။

တုဏ္ဍိလဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ