တုတ်ကြီး၊ (သရာဇ)
သရာဇ ဦးတုတ်ကြီး (၁၈၈၄ - ၁၉၃၁)
ပြင်ဆင်ရန်၁၈၈၄၊ ဇွန်၊ ၂၃၊ တနင်္လာနေ့တွင် ရန်ကုန်မြို့၌ ဖွားသည်။ အဖ ကုန်သည် ဦးမောင်ကြီး၊ အမိ ဒေါ်ကြီး ဖြစ်သည်။ မွေးချင်း ညီအစ်ကို လေးယောက်တွင် တတိယမြောက် ဖြစ်သည်။ ဆာဦးသွင်နှင့် အဖေဘက်မှ ညီအစ်ကိုဝမ်းကွဲ တော်စပ်သည်။ ဖခင် ဦးမောင်ကြီးမှာ မောင်တုတ်ကြီး ငါးနှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ရန်ကုန် ဆရာကြီး ဦးဘိုးမင်း၏ မြန်မာစာသင်ကျောင်း၊ အစိုးရ ဟိုက်စကူးကျောင်းနှင့် ရန်ကုန် ကောလိပ်တို့တွင် ပညာ သင်ခဲ့သည်။ ငယ်စဉ်ကပင် ပညာထူးချွန်၍ ခုနှစ်တန်းတွင် စကောလားရှစ် ပညာသင်ဆု ရသည်။ ၁၉ဝ၄ တွင် အစိုးရ ဟိုက်စကူး ကျောင်းမှ ကာလကတ္တား တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်၍ ရန်ကုန် ကောလိပ်၌ ပညာ ဆက်သင်သည်။ ကောလိပ်တွင် လေးနှစ်ဆက်တိုက် ပညာသင်ဆု ရကာ ၁၉ဝ၈ တွင် ဘီအေဘွဲ့ ရသည်။
ဘွဲ့ရပြီးနောက် မြို့အုပ် စာမေးပွဲ ဝင်ရောက် ဖြေဆို၍ ၁၉ဝ၈ မှ ၁၉၂ဝ တိုင် တရားမမြို့အုပ် အဖြစ် အမှု ထမ်းခဲ့သည်။ မြို့အုပ်အဖြစ် တာဝန် ထမ်းဆောင် နေစဉ်မှာပင် ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းသား အဖြစ် ဝင်ရောက်၍ အမျိုးဘာသာ သာသနာရေးတို့ကို တက်တက်ကြွကြွပါဝင်ခဲ့သည်။ မြို့သစ် မြို့အုပ်အဖြစ် ဆောင်ရွက်ခဲ့စဉ် ပညာရေးကို အားပေးသောအားဖြင့် အစိုးရ၏ လေးတန်း စာမေးပွဲ ပထမရသူကို "ရွှေတံဆိပ်" ဆု ချီးမြှင့်ခဲ့သည်။ ယင်းဆုကို မြို့သစ်မြို့နယ် အစိုးရ၏ လေးတန်း စာမေးပွဲ ပထမရသူ မောင်ဘသောင်း (နောင် တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူ သခင်ဘသောင်း) ရရှိခဲ့သည်။ ဒေးဒရဲမြို့တွင် တရားမ မြို့အုပ်အဖြစ် တာဝန် ထမ်းဆောင်နေစဉ် မျက်နှာဖြူ ခရိုင်ဝန်အား ဖိနပ်ချွတ် ဒူးထောက်ရသည့် ဓလေ့ကို ဆန့်ကျင်ခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် နိုင်ငံရေး ဆောင်ရွက်ရန် မြို့အုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။
၁၉၂ဝ ခုနှစ်မှစ၍ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ အသင်းကြီးတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ ညီလာခံကြီးများတွင် ရန်ကုန် ဝိုင်အမ်ဘီအေ သတင်း ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။ သူရိယ သတင်းစာ အယ်ဒီတာ၊ အုပ်ချုပ်မှု ဒါရိုက်တာ၊ သူရိယမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော "ဘားမားအော့ဗဇားဘား" သတင်းစာ အယ်ဒီတာ၊ သူရိယ သတင်းစာတိုက် ဒါရိုက်တာ အဖွဲ့ဝင် အဖြစ် ၁၉၂၅ တိုင်ဆောင်ရွက်သည်။ ၁၉၂၇ တွင် ဒါရိုက်တာ အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ဂျီစီဘီအေ အသင်းကြီးမှ ၂၁ ဦး အဖွဲ့ ခွဲထွက်သော အခါ "၂၁ ဦး အဖွဲ့ဝင်" အဖြစ် ဆောင်ရွက်သည်။ ၁၉၂၃ တွင် ဗိုလ်တထောင် ရပ်ကွက် ကိုယ်စားလှယ် အဖြစ် ရန်ကုန်မြူနီစပါယ် လူကြီး ဖြစ်လာသည်။ ရန်ကုန်မြို့၌ ပထမဆုံးသော ဓာတ်ရထား သပိတ်မှောက်ကိစ္စ ပေါ်ပေါက်လာရာ ရန်ကုန်ယာဉ် ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၂၄ တွင် အိန္ဒိယ အောက်လွှတ်တော် အမတ် အဖြစ် ရွေးချယ် ခံရသည်။ ၁၉၂၇ တွင် ဒုတိယအကြိမ် ထပ်မံ ရွေးချယ် ခံရသည်။ အိန္ဒိယ အောက်လွှတ်တော် အမတ် ၁၄၄ ဦး အနက် မြန်မာပြည်မှ အမတ် ၄ နေရာ ရသည်။ ဗြိတိသျှ ဝန်ထမ်းတဦး အပါအဝင် မြန်မာအမတ် ၃ နေရာ ရသည်။ အိန္ဒိယ အောက်လွှတ်တော် အမတ် အဖြစ် ဆင်မလားမြို့ လွှတ်တော်သို့ တက်ရောက်ခဲ့ရရာ ရွှေတိဂုံစေတီတော် တည်ရှိရာ ကုန်းတော်မှ အင်္ဂလိပ် စစ်ခံတပ် ပြောင်းရွှေ့ရေး၊ လူခွန်တော်နှင့် သဿမေဓ အခွန် ဖျက်သိမ်းရေး၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီတော်အား ဟိန္ဒူ ဘုန်းတော်ကြီး မဟန့် လက်မှ ပြန်လည် ရရှိရေးတို့ကို ဆောင်ရွက်ခဲ့သည်။ အိန္ဒိယနိုင်ငံလုံး ဆိုင်ရာ စာပို့တိုက် အလုပ်သမား ကွန်ဖရင့်တွင် သဘာပတိ အဖြစ် ရွေးချယ်ခံရသည်။
၁၉၂၅ တွင် ၂၁ ဦး အဖွဲ့နှင့် လမ်းခွဲ၍ "သရာဇပါတီ" ကို ဦးဆောင် တည်ထောင်သည်။ သရာဇပါတီမှာ အိန္ဒိယ နိုင်ငံရေး ခေါင်းဆောင် ပန်ဒစ်မိုတီလာ နေရူး (အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင် ဂျရဝါလာ နေရူး၏ ဖခင်) နှင့် ဘင်္ဂလားပြန်နယ် ဝတ်လုံတော်ရ စီအာဒတ်စ်တို့၏ ဆာရတ်ပါတီနှင့် သဘောတူသည်။ သရာဇ၏ အဓိပ္ပာယ်မှာ "ကိုယ့်တိုင်းပြည် ကိုယ့်စိတ်ကြိုက် အုပ်ချုပ်ခွင့်" ဟူ၍ ဖြစ်သည်။ သရာဇပါတီ (Burma Swart Party) ကို ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း)၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ လစ်ဘာတီ သတင်းစာ အယ်ဒီတာ ဦးထွန်းသန်း၊ ဝတ်လုံတော်ရ ဦပေါ်ထွန်း (ဆာပေါ်ထွန်း)၊ ဒေါက်တာ ဘမော်၊ ဝတ်လုံဦးနီ၊ အင်ဒီပင်းဒင့် သတင်းစာပိုင်ရှင် ဦးဘသန်း၊ ရမ်းဗြဲ ဦးမောင်မောင်တို့ ပါဝင်၍ ၁၉၂၅ ဩဂုတ် ၂ တွင် ဖွဲ့စည်းခဲ့သည်။ ဆရာလွန်းသည် ဇေယျ သတင်းစာမှ ဆွာရတ်ဋီကာ (၂၄ - ၈ - ၁၉၂၅) ကို ခန်းဆက်ရေး၍ အားပေးခဲ့သည်။ ဇေယျ သတင်းစာမှာ သရာဇ၏ အာဘော်ဖြစ်၍ ဒီးဒုတ် ဂျာနယ်ကလည်း ထောက်ခံခဲ့သည်။
၁၉၂၅ စက်တင်ဘာလ ၁၃ တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသည့် သရာဇပါတီ အစည်းအဝေးကြီးသည် မြန်မာနိုင်ငံရေး၌ ထင်ရှားသည်။ ထိုအစည်းအဝေးတွင် ဒိုင်အာခီ အုပ်ချုပ်ရေး ရာထူး လက်ခံမည့် ၂၁ ဦး အဖွဲ့၏ ဖျက်လိုဖျက်ဆီး နှောင့်ယှက်မှုများကြောင့် ထိုစဉ်က ၂၁ ဦး အဖွဲ့ဝင် ဝတ်လုံတော်ရ ဦးသိမ်းမောင်အား ပုဇွန်တောင် ညောင်တုန်း ကျောင်းတိုက်မှ ရဟန်းတော် ဦးရေဝတက ကုလားထိုင်ဖြင့် ရိုက်ခဲ့ရာ သမိုင်းတွင်ခဲ့သည်။ သရာဇ ပါတီသည် ဥပဒေပြု လွှတ်တော်သို့ ဝင်ရောက်၍ အင်္ဂလိပ် အစိုးရအား ပူးသတ်မည်ဟု ကြွေးကြော် လှုပ်ရှား ခဲ့သော်လည်း ဥပဒေပြု လွှတ်တော် အတွင်း ရောက်သောအခါ မူလကတိကို ပယ်ဖျက်ခဲ့သည်။ ထို့ကြောင့် ပြည်သူများ၏ ထောက်ခံမှု မရတော့ဘဲ မကြာမီ ပျက်စီး သွားခဲ့ရသည်။
၁၉၂၇ တွင် သူရိယ သတင်းစာတိုက် ဒါရိုက်တာ အဖွဲ့ဝင်မှ နုတ်ထွက်ပြီး မော်လမြိုင်သို့ ပြောင်းရွှေ့ နေထိုင်သည်။ ၁၉၂၉ တွင် မော်လမြိုင်မြို့မှ အပတ်စဉ် အင်္ဂါနေ့တိုင်း "ကေသရသတင်းစာ" (၁၆ ဧပြီ ၁၉၂၉) ကို စတင် ထုတ်ဝေသည်။ ဦးအောင်ဘုံ (ဘီအေ) က တိုက်အုပ်၊ ဆရာစိန်က အယ်ဒီတာ အဖြစ် ဆောင်ရွက်သည်။ သတင်းစာ၏ ရည်ရွယ်ချက်မှာ မြန်မာပြည်သူပြည်သားများ "အမျိုး"၊ "သာသနာ"၊ "ပညာ"၊ "ဘဝ" လေးဌာန အကျိုး တိုးတက် မြှင့်တင်ရေး အတွက် ဖြစ်သည်။ ဦးတုတ်ကြီး ကိုယ်တိုင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်းပါးများ ရေးသားခဲ့သည်။ "သရာဇ" ကျမ်းကိုလည်း သတင်းစာတွင် အပတ်စဉ် ရေး၍ နှစ်တွဲခွဲ ထုတ်ဝေခဲ့သည်။
၁၉၃ဝ ခုနှစ်တွင် ရွှေတိဂုံ စေတီတော် အနောက်ဘက်မုခ်စောင်းတန်း ဖွင့်လှစ်ရေး အတွက် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်နေစဉ် လေဖြတ်ခံရကာ ရက် ၂ဝ ခန့် သတိမေ့နေသည်။ ထိုအကြောင်းကို ထိုစဉ်က ဆင်းမလားမြို့တွင် တာဝန် ထမ်းဆောင်နေသော အတွင်းဝန် အိုင်စီအက်စ် ဦးတင်ထွတ်က မောင်လမြိုင်ရှိ ဦးတုတ်ကြီး၏ ဇနီး ဒေါ်ဖွားမေထံ သံကြိုးရိုက် အကြောင်း ကြားသည်။ ဒေါ်ဖွားမေ ကိုယ်တိုင် ဆင်းမလားမြို့သို့ လိုက်ပါ၍ ဦးတုတ်ကြီးကို ပြုစုစောင့်ရှောက်ကာ မော်လမြိုင်သို့ ပြန်ခေါ်ခဲ့သည်။
မော်လမြိုင် ပြန်ရောက်ပြီး ၆ လခန့် အကြာ လေဖြတ်သည့် ရောဂါနှင့်ပင် ၁၉၃၁ မေ ၁ဝ ရက်နေ့ (အသက် ၄၇ နှစ် အရွယ်) တွင် ကွယ်လွန်ခဲ့သည်။
မောင်ဇေယျာ
ကိုးကား
ပြင်ဆင်ရန်"ကိုလိုနီခေတ် မြန်မာနိုင်ငံရေးနှင့် စာနယ်ဇင်း လောကတွင် ထင်ရှားသည်။ မြို့အုပ် ဘဝတွင် ဒေးဒရဲမြို့၌ ဗြိတိသျှ အရေးပိုင်ကို ဒူးထောက်ရှိခိုး ကြိုဆိုရသည့် ဓလေ့ကို ဆန့်ကျင်ခဲ့သူ။ ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း၏ လိုအပ်ချက်အရ မြို့အုပ် ဘဝကို စွန့်၍ နိုင်ငံရေး ဆောင်ရွက်ခဲ့သူ။ သရာဇ ပါတီ တည်ထောင်သူ၊ အိန္ဒိယ အောက်လွှတ်တော် အမတ်၊ ကေသရ သတင်းစာ တည်ထောင်သူ၊ ဘားမား အော့ဗ်ဆားဗား အင်္ဂလိပ် သတင်းစာ အယ်ဒီတာ၊ သူရိယ သတင်းစာ အယ်ဒီတာ၊ ဒါရိုက်တာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ အိန္ဒိယ အောက်လွှတ်တော် အမတ် အဖြစ် ဆောင်ရွက်စဉ် ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီအား ဟိန္ဒူ ဘုန်းတော်ကြီး မဟန့်လက်မှ ပြန်လည် ရရှိရေး အတွက် 'မဟာဗောဓိ ဥပဒေကြမ်း' ကိုရေး၍ အိန္ဒိယ လွှတ်တော်သို့ တင်သွင်းခဲ့ရာ သမိုင်း တွင်ရစ်ခဲ့သည်။" . . . [စပယ်ဖြူ မဂ္ဂဇင်း အမှတ် (၁ဝ)၊ အောက်တိုဘာလ၊ ၂ဝဝ၃ ကနေ မောင်ဇေယျာရဲ့ "သရာဇ ဦးတုတ်ကြီး (၁၈၈၄ - ၁၉၃၁)" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။]