တူးစလန် ပြတိုက်

ကမ္ဘောဒီးယား လူမျိုးတုန်း သတ်ဖြတ်မှု အောက်မေ့ဖွယ် ပြတိုက်

ကမ္ဘောဒီးယားနိုင်ငံရှိ တူးဆလန်ပြတိုက်သည် ခမာနီတို့အုပ်စိုးစဉ်က ပြုခဲ့သမျှသော ရက်စက်မှုများအနက် လူမဆန်ဆုံးသော နှိပ်စက်မှုများအား လူအများတို့အမှတ်ရဖွယ် ပြန်လည်တင်ပြထားသည့် ပြတိုက်ဖြစ်သည်။ မူလက အထက်တန်းကျောင်းတစ်ကျောင်းအဖြစ် ပြင်သစ်ထံမှ လွတ်လပ်ရေးရပြီးချိန်တွင် ပညာရေးဂဏ္ဍအား မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သည်။၁၉၇၀ခုနှစ် ကာကွယ်ရေးဝန်ကြီး လွန်နောမှ အမေရိကန်ကျောထောက်နောက်ခံ ပေးမှုဖြင့် အာဏာသိမ်းယူပြီးနောက်တွင် အဆိုပါကျောင်းအား နာမည်ပြောင်းခဲ့သည်။ ၁၉၇၆ခုနှစ် ခမာနီတို့ အာဏာရလာချိန်တွင် ကျောင်းအဖြစ်မှ စစ်ကြောရေးစခန်းတစ်ခုဖြစ်လာပြီး S.21 ဟု ကျော်ကြားလာတော့သည်။

တူးစလန် ပြတိုက်၏ အပြင်ဘက် မြင်ကွင်း

သုံးနှစ်နီးပါး ကာလအတွင်း အကျဉ်းသား ၁၄၀၀၀ခန့်ကို စစ်ဆေးမေးမြန်းခဲ့ပြီး၊ စစ်ဆေးမေးမြန်းခံရသူ အားလုံးနီးပါးမှာ ရက်စက်စွာ ညဉ်းဆဲခံရသောကြောင့် သေဆုံးခဲ့သည်။ ထိုစဉ်က အာဏာရ ခမာနီအစိုးရပိုင်းမှ S.21 မှ အသက်ရှင်လျက် ပြန်လည်ထွက်သွားသူ မရှိစေရဟုပင် အမိန့်ပေးခဲ့ဖူးကြောင်းကို ထိုစဉ်က စခန်းအုပ်ချုပ်ရေးမှူးမှ ရှင်းပြခဲ့သည်။

၁၉၇၉တွင် ဗီယက်နမ်တပ်များ ကမ္ဘောဒီးယားနိုင်ငံတွင်းသို့ ဝင်ရောက်ကာ ခမာနီတို့အား တိုက်ခိုက်ပြီး အနိုင်ရသည့်နောက်တွင် စခန်းအား ပြတိုက်အဖြစ် လျှင်လျင်မြန်မြန်ပင် ပြောင်းလဲပစ်ခဲ့သည်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၏ အမှတ်တရတို့ကို လေ့လာနိုင်ရန်အတွက် ပြတိုက်မှူးတစ်ဦးအား ပြင်သစ်နိုင်ငံသို့ စေလွှတ်ခဲ့သည်။ ရည်ရွယ်ချက်မှာ ဗီယက်နမ်တို့အနေဖြင့် မိတ်ဆွေ ကမ္ဘောဒီးယားပြည်သူတို့အတွက် မကောင်းဆိုးဝါးဖြစ်သူများအား တိုက်ထုတ်ပေးပြီးကယ်တင်သူများအဖြစ် ကမ္ဘာအနှံ့ထင်ပေါ်စေလိုသောကြောင့် ဖြစ်သည်။ ဗီယက်နမ်တို့၏ ကျူးကျော်ဝင်ရောက်မှုသည် တရားနည်းလမ်းကျကြောင်း ထောက်ခံပေးစေလိုသည့်အနေဖြင့် ပြတိုက်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ခဲ့သည်။ ခမာနီတို့ကျဆုံးပြီး တစ်နှစ်အကြာတွင် တူးစလန်ပြတိုက်ကို ဖွင့်လှစ်ပေးခဲ့သည်။ ယခုအခါတွင် နေ့စဉ်နိုင်ငံခြားသားအများစုပါဝင်သည့် လေ့လာသူ ၅၀ခန့် ပျှမ်းမျှဝင်ရောက်ကြည့်ရှုသည့် ပြတိုက်ဖြစ်နေပေပြီ။ ဝင်ကြေးငွေမှာ ၂ ဒေါ်လာသာဖြစ်သည်။

ဗီယက်နမ်တို့ ထွက်ခွာသွားသည့် နောက်ပိုင်း ၂၀၀၅အရောက်တွင် အဆိုပါလူသတ်စခန်းအား ပုဂ္ဂလိဂ လုပ်ငန်းလွှဲအပ်ပေးခဲ့သည်။ ကမ္ဘောဒီးယားနှင့် ဂျပန် ဖက်စပ်ဖြစ်သည့် (JC Royal) နှင့် ဖနွမ်းပင် မြူနီစပယ်အဖွဲ့တို့ နှစ် ၃၀ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက်တွင် လုပ်ငန်းဖွံဖြိုးလာသည်။ ၂၀၀၇တွင် နိုင်ငံခြားသား ခရီးသွား ၂ သိန်းခန့်လာရောက် လေ့လာခဲ့သည်။ ၁၉၉၉ခုနှစ်တွင် ခမာနီစခန်း အုပ်ချုပ်ရေးမှူးဟောင်း ဒွိုက်အား ထိုင်းနယ်စပ်အနီးတွင် အိုင်ယာလန်သတင်းထောက်တစ်ဦးမှ ရှာဖွေတွေ့ရှိသွားပြီးနောက်တွင် ၎င်းအား ဖမ်းဆီးရုံးတင်စစ်ဆေးခဲ့သည်။ ထိုသို့မတွေ့ရှိမီအချိန်များအတွင်း ဒွိုက်သည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းကာ ဘာသာရေးနောက်ခံ အသင်းတော်တွင် ဝင်ရောက် လုပ်ကိုင်နေခဲ့သည်။ ၂၀၀၉ခုနှစ်၊ ဇူလိုင်လ၊ ၂၄ရက်နေ့တွင် အထူးခုံရုံးမှ ထောင်ဒဏ် ၃၅နှစ်ချမှတ်ခဲ့သည်။ ချုပ်ရက်နှစ်ပေါင်း ၁၆နှစ်နုတ်လျှင် ထောင်သက်မှာ ၁၉နှစ်သာ ကျန်ရှိတော့သဖြင့် ယခင် S.21 အကျဉ်းစခန်းမှ အသက်မသေဘဲ ကျန်ရစ်သူများက သူ၏ပြစ်ဒဏ်မှာ ပေါ့လျော့လွန်းလှသည်ဟု မကျေမနပ်ဖြစ်ကြရသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. Wave မဂ္ဂဇင်း