တေဇန်လူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ချင်းပြည်နယ်တီးတိန်မြို့နယ်အတွင်း နေထိုင်ကြပြီး တီးတိန် (တဲဒင်မ်)စကားပြောသော မျိုးနွယ်စုဖြစ်သည်။ တေဇန်ချင်းအမျိုးသားများတွင် ရှေးက အရွယ်ရောက်သည့် အချိန်မှစ၍ ကာလသား သတ်သတ် နေထိုင်ကြသော လူပျိုဆောင်၊ အပျိုဆောင်များ ရှိခဲ့ကြသည်။ ယခုကား မရှိတော့ပေ။ လူပျိုဂေဟာနှင့် အပျိုဂေဟာမှာ သီးခြားဖြစ်သည်။ နေ့ဘက်တွင် မိမိတို့၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ကြပြီးနောက် ညဘက်တွင် လူပျို၊ အပျိုဂေဟာများ၌ စုပေါင်းအိပ်ကြခြင်း ဖြစ်သည်။

လူပျို အပျိုတွေ့ဆုံကြရာတွင် ဝါးပုလွေ မှုတ်၍၊သီချင်းဆို၍ သို့မဟုတ် စောင်းပါးရိပ်ခြည် ပြော၍ လူပျိုလှည့်ကြသည်။ မိန်းကလေးက မေတ္တာတုံ့ပြန်ကြောင်း သိရလျှင် မိဘထံပြောရသည်။ မိဘသဘောတူလျှင် တောင်းရမ်းပေးသည်။

တေဇန်ချင်းတို့သည် မင်္ဂလာဆောင်သည့်နေ့တွင် သတို့သမီးဘက်မှ ပုဆိန်၊ ခြင်းတောင်း၊ ပုတီးနှင့် စောင်များကို သတို့သားဘက်သို့ လက်ဆောင်ပေးရသည်။ မင်္ဂလာကြေးမှာ နွားနောက်မကြီး တစ်ကောင်နှင့် အလတ်တစ်ကောင် ဖြစ်သည်။ သတို့သမီး ဘက်မှ မင်္ဂလာဆောင်သည့်နေ့တွင် ၁၀ ပိဿခန့် ရှိသော ဝက်တစ်ကောင်ကို သတ်ပေးရသည်။ မင်္ဂလာဆောင်ပြီးနောက် သုံးလကြာမှ သတို့သမီးကို သတို့သားအိမ်သို့ ပို့သည်။ ထိုအခါမှ ပေါင်းသင်းနေထိုင်ရသည်။

တေဇန်ချင်းတို့သည် လူတစ်ယောက် သေဆုံးလျင် ရေချိုး၊ အဝတ်လဲပြီး ရုပ်အလောင်းကို ပျဉ်ပြားပေါ်တွင် တင်ထားသည်။ သင်္ဂြိုဟ်လျှင် မြေမြှုပ်သင်္ဂြိုဟ်သည်။ မြေမြှုပ်ရာတွင် ရုပ်အလောင်း၏ ခေါင်းကို တောင်ဘက်သို့ လှည့်ထားသည်။ []

  1. မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသားလူမျိုးများ အဘိဓာန်