တေလပတ္တဇာတ်
ဧကကနိပါတ် - ၁၀။ လိတ္တဝဂ် -(၉၆) တေလပတ္တဇာတ် ဘီလူးများ လှည့်ဖြား၍ ဣန္ဒြေများ မဖောက်ပြားသဖြင့် အသက်ဘေးလွတ်ကာ မင်းအဖြစ်ရောက်သော တက္ကသိုလ်မင်း အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်ဆီခွက်ကိုင်ဘိ ကာယသတိ
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသုမ္ဘဒေသနိဂုံးကို အမှီပြု၍ တော်အုပ်တစ်ခု၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့အား ဇနပဒကလျာဏီ မိန်းမမြတ်အနားတွင် နှုတ်ခမ်းနှင့်အညီ ပြည့်လျှံနေသော ဆီခွက်ကို မဖိတ်ရအောင် ဆောင်ယူသွားနိုင်သည့် ယောကျ်ားပမာ ကာယဂတာသတိကို ပွားများ၍ ဣန္ဒြေစောင်းစည်းအပ်ကြောင်းကို ဆုံးမတော်မူ၏။
ဇနပဒကလျာဏီ ဆိုသည်မှာ အပြစ်ခြောက်ပါးကင်း၍ ကောင်းခြင်းငါးပါးနှင့် ပြည့်စုံကာ အလွန်လှပ ပြေပြစ်သဖြင့် ဇနပုဒ်တစ်ခုလုံး ကျော်ကြားသည် မြတ်စွာဘုရား နှမတော် မိန်းမမြတ်တစ်ဦးကို ဆိုလိုသည်။
အပြစ်ခြောက်ပါးကင်းခြင်း
ပြင်ဆင်ရန်ထိုဇနပဒကလျာဏီကား -
(၁) မမြင့်လွန်း၊
(၂) မနိမ့်လွန်း၊
(၃) မပိန်လွန်း၊
(၄) မဝလွန်း၊
(၅) မမည်းလွန်း၊
(၆) မဖြူလွန်း။
ဟူ၍ အပြစ်ခြောက်ပါး ကင်း၏။ လူတို့ အဆင်းကိုလွန်ကာ နတ်တို့အဆင်းသို့လည်း မရောက်၊ ရှုကြည့်၍ မဝနိုင်လောက်အောင် လှပပြေပြစ်၏။
ကောင်းခြင်းငါးပါးနှင့် ပြည့်စုံခြင်း
ပြင်ဆင်ရန်(၁) အရေ၏ ကောင်းခြင်း၊
(၂) အသား၏ ကောင်းခြင်း၊
(၃) အကြော၏ ကောင်းခြင်း၊
(၄) အရိုး၏ ကောင်းခြင်း၊
(၅) အရွယ်၏ ကောင်းခြင်း။
ဤကောင်းခြင်းငါးပါးနှင့် ပြည့်စုံ၏။
အရေ၏ ကောင်းခြင်း … နေသော နေရာဝယ် မီးထွန်းဖွယ် ကိစ္စမရှိ၊ ဆယ့်နှစ်တောင် အတွင်း၌ ကိုယ်ရောင်ဖြင့် လင်းသည်၊ ပျဉ်းပွင့်ကဲ့သို့ ဝါရွှေသော အဆင်းရှိ။
အသား၏ ကောင်းခြင်း … လက်ဖဝါး၊ ခြေဖဝါး၊ နှုတ်ခမ်းနှစ်ဖက်တွင် အသားတို့မှာ ချိပ်ရည်ဖြင့် ဆိုးထားသည့်အလား နီမြန်းလျက်ရှိသည်။
အကြော၏ ကောင်းခြင်း … ခြေသည်း လက်သည်းတို့မှာ အသားမလွတ်သောနေရာဝယ် ချိပ်ရည်ပြည့်သကဲ့သို့ နီမြန်းလျက် လွတ်သော နေရာဝယ် နို့ရည်အဆင်းကဲ့သို့ ဖြူဖွေးလျက်ရှိသည်။
အရိုး၏ ကောင်းခြင်း … သုံးဆယ့်နှစ်ချောင်းသော သွားတို့သည် မခေါ၊ မကြဲ ကောင်းစွာ စေ့စပ်ပြေပြစ်လျက် သွေးပြီး ဝရဇိန်ကို စီထားသကဲ့သို့ အရောက်ထွက်၍ ဖြူဖွေးလျက်ရှိ၏။
အရွယ်၏ ကောင်းခြင်း … အသက် တစ်ရာ့နှစ်ဆယ်ပင် ရှိသော်လည်း အသားအရည် မတွန့်လိမ်ဘဲ တစ်ဆယ့်ခြောက်နှစ် အရွယ်ကဲ့သို့ ဖြစ်သည်။
ဇနပဒကလျာဏီသည် ကခြင်း၊ သီခြင်းတို့၌ အလွန်လိမ္မာသည်။ “ရဟန်းတို့ … ဤသို့ မိန်းမမြတ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံ၍ လူတိုင်းပင် မကြည့်ရှုဘဲ မနေနိုင်လောက်အောင် လှပသော ဇနပဒကလျာဏီ အနီးဝယ် မေ့လျော့ကာ ကြည့်ရှုမိ၍ ဆီခွက်ဖိတ်သွားလျှင် ဓားသန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်၍ သတ်မည်” ဟု ဓားသန်လျက် မိုးကာ လိုက်နေသော နှုတ်ခမ်းရေးနှင့် ညီမျှအောင် ဆီပြည့်သော ဆီခွက်ကို ကိုင်၍ သွားသည့် ယောကျ်ား၏ သတ္တိကဲ့သို့ ကာယဂတာသတိကို ပွားများကာ ဣန္ဒြေကို စောင့်စည်း ကြရမည်။
အာရုံခြောက်ဖြာ ရှောင်ကြည်ရာ
ပြင်ဆင်ရန်ရှေးပညာရှိတို့သည် မမေ့မလျော့ သတိကို မလွတ်စေဘဲ ဘီလူးမတို့ ဖန်ဆင်း၍ ပြအပ်သော နတ်၌ ဖြစ်သည့် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဤအာရုံငါးပါးတို့ကို ဣန္ဒြေက ဖျက်ဆီးကာ ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ နမ်းရှုခြင်း၊ လျက်မျိုစားသောက်ခြင်း၊ တွေ့ထိခြင်း တို့ကို မပြုလုပ် မသာယာဘဲ သွားသောကြောင့် မင်းအဖြစ်ကို ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်ပစ္စေကဗုဒ္ဓါ လျှောက်ထားရာ
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္ဒမင်း၏ သားတစ်ထောင်တို့အနက် အငယ်ဆုံးသား ဖြစ်လေ၏။ အစဉ် သဖြင့် ကြီးပြင်းကာ လိမ္မာသောအရွယ်သို့ ရောက်လျက်ရှိ၏။ ထိုအခါ မင်းကြီး၏ နန်းတော်ဝယ် ရှင်ပစ္စေက ဗုဒ္ဓါတို့လည်း ဆွမ်းဘုဉ်ေးပးကြကုန်၏။ ထိုမင်းသားငယ်သည် ရှင်ပစ္စေကဗုဒ္ဓါတို့ အမှုကြီးငယ်ကို ပြုလုပ်လေ့ရှိ၏။
တစ်နေ့သ၌ ထိုမင်းသားငယ်သည် ငါ့အး အစ်ကိုများစွာရှိ၏။ ဤဗာရာဏသီပြည်ဝယ် မင်းအဖြစ်ကို ရအံ့လော၊ မရအံ့လော၊ ရှင်ပစ္စေကဗုဒ္ဓါတို့ကို လျှောက်ထားကာ သိရလတ္တံ့ဟု ကြံစည်၍ နှစ်ရက်မြောက်သောနေ့ဝယ် ရှင်ပေစ္စကဗုဒ္ဓါတို့ ကြွလာသည်ရှိသော် ဝတ်ကြီး ဝတ်ငယ်ပြုကာ ဆွမ်းမစားမီ ခဲဖွယ်စားနေခိုက် ရှင်ပေစ္စကဗုဒ္ဓါ တို့အား မိမိ ကြံစည်ထားသည့်အတိုင်း လျှောက်ထားလေ၏။
နည်းလမ်းညွှန်ပြ သတိရှိမှ
ပြင်ဆင်ရန်ရှင်ပေစ္စကဗုဒ္ဓါတို့လည်း “မင်းသားငယ် … သင် ဤဗာရာဏသီပြည်မှာ မင်းဖြစ်မည် မဟုတ်၊ ယူဇနာ တစ်ရာ့နှစ်ဆယ် ဝေးကွာသော ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ဝယ် ရောက်အောင်သွားနိုင်ပါလျှင် ဤနေ့မှစ၍ ခုနစ်ရက်မြောက်သောနေ့၌ မင်းဖြစ်လတ္တံ့။ ခရီးအကြား တောအုပ်ကြီးဝယ် ဘေးရန်များရှိသည်။ ဘေးရန်ကို ကွင်း၍ သွားလျှင် ယူဇနာတစ်ရာ ရှိသည်။ တောနက်ကြီးကား အဖြောင့်သွားလျှင် ယူဇနာငါးဆယ်သာ ရှိသည်။ ဤယူဇနာငါးဆယ်မှာ ဘီလူးတို့နေရာ ဘီလူးစောင့်သော အမနုဿကန္တာရ ဖြစ်သည်။
ဘီလူးတို့မှာ မိမိတို့နေရာဝယ် မြို့ရွာကို လည်းကောင်း၊ ဇရပ် တန်ဆောင်းကို လည်းကောင်း ဖန်ဆင်းကြသည်။ လာလာသမျှ ခရီးသွားတို့ကို အဆင်ဖြင့် လည်းကောင်း၊ အသံဖြင့် လည်းကောင်း၊ အထိအတွေ့ဖြင့် လည်းကောင်း သွေးဆောင် ဖြားယောင်းကာ မိမိတို့နှင့် မွေ့လျော် ကျူးလွန်သောအခါ သွေးစက်စက်ယိုစေလျက် အသက်ကိုသတ်လျက် စားကြကုန်၏။ ထို့ကြောင့် ငါးပါးသော ဣန္ဒြေကိုဖျက်ဆီးကာ ဘီလူးမတို့ အလိုသို့ မလိုက်ဘဲ သတိကြီးစွာနှင့် သွားနိုင်လျှင် မုချ မင်းဖြစ်မည်” ဟု မိန့်တော်မူကြကုန်၏။
မင်းပြုသွားလေ တက္ကသိုလ်ပြည်
ပြင်ဆင်ရန်မင်းသားငယ်လည်း “အရှင်ဘုရားတို့ … ဘေးရန်များသည် ဖြစ်ပါစေ၊ ဘီလူးမတို့ကို ဂရုမစိုက်ပါ၊ အကျွန်ုပ်သွားပါအံ့” လျှောက်ထား၍ အရှင်ပစ္စေကဗုဒ္ဓါတို့ထံမှ ပရိတ်တရားတော်ကို နာယူပြီးလျှင် ပရိတ်သဲ၊ ပရိတ်ချည်၊ ပရိတ်ပန်းတို့ကို ယူဆောင်လျက် အရှင်ပစ္စေကဗုဒ္ဓါတို့ကို လည်းကောင်း၊ အမိအဖတို့ကို လည်းကောင်း ရှိခိုးကန်တော့ပြီးလဆင် မိမိအိမ်သို့သွား၍ မင်းချင်းယောကျ်ားတို့အား “အမောင်တို့ … ငါ တက္ကသိုလ်ပြည်သွား၍ မင်းပြုမည်၊ နေရစ်ကြကုန်လော့” ဟု မှာကြားလေ၏။ “အရှင်မင်းသား … အကျွန်ုပ်တို့လည်း နောက်တော်က မကွာလိုက်ပါမည် လျှောက်ထားသောအခါ “အမောင်တို့ … အတူသွား၍ မဖြစ်နိုင်၊ လမ်းခရီးမှာ ဘီးလူးမတို့သည် အာရုံငါးပါးဖြင့် ဖြားယောင်းသွေးဆောင်ကာ သတ်၍ စားကြသည်၊ ဘေးရန် အလွန်များသည်၊ ငါမူကား သည်အာရုံတွေကို ဂရုမစိုက်၊ မလိုက်စား” ဟု ပြေပေ၏။ “အရှင်မင်းသား … ကျွန်ုပ်တို့လည်း ဂရုမစိုက် မလိုက်စားကြပါ၊ လိုက်ပါရစေ” ဟု တစဖန် လျှောက်ကြပြန်၏။ “ကောင်းပြီ ငါလိုနေနိုင်လျှင် လိုက်ခဲ့ကြ၊ မမေ့မလျော့ကြနှင့်” ဟု ပြောဆိုခွင့်ပြုပြီးလျှင် ခေါ်ငင်ကာ နောက်ပါ ငါးယောက်တို့နှင့်တကွ စားနပ်ရိက္ခာ အပြည့်အစုံ စီမံ၍ တက္ကသိုလ်ပြည်သို့ သွားကြကုန်၏။
အာရုံလှည့်ဖြား ဘီလူးစား
ပြင်ဆင်ရန်ဘီလူးတို့နေရာ အမနုဿကန္တာရသို့ ရောက်လျှင် ဘီလူးမတို့သည် မြို့ရွာ ဇရပ် တန်ဆောင်း စသည် ဖန်ဆင်း၍ ရုပ်အချောဆုံး ရူပါရုံကို ဖန်ဆင်းကာ နေနှင့်ကြ၏။ ထိုအခါ ရူပါရုံကို နှစ်သက်သော ယောကျ်ားသည် ဘီလူးမတို့ကို မြင်လျှင် မခွဲနိုင် မခွာရက်တော့ဘဲ နောက်အနည်းငယ် ချန်၍ နေရစ်၏။ မင်းသားက “အမောင် … ဘာကြောင့် နောက်ချန်၍ နေသနည်း” ဟု မေးလျှင် ခြေနာလို့ပါ၊ ခဏဇရပ်တွင် နားပါရစေ၊ “အမောင် … ဘီလူးမတို့ကို မတောင့်တနှင့်”၊ “အရှင်မင်းသား … ဖြစ်လိုရာ ဖြစ်ပါစေတော့၊ မရလျှင် မနေနိုင်တော့ပါ” ဟု ပြောလေ၏။ “အမောင် … သည်လိုဖြစ်လျှင် မကြာမီ သိရလိမ့်မည်” ဟု ဆို၍ ကြွင်းလေးယောက်တို့ကို ခေါ်၍ သွားလေ၏။
ဘီလူးမတို့လည်း ကျန်ရစ်သော ယောကျ်ားကို ရူပါရုံနှင့် ဖြားယောင်းကာ မိမိအလိုပါ၍ လွန်ကြူးသောအခါ သတ်၍ စားသောက်ကြကုန်၏။
ရှေ့သို့သွားမိလျှင် တစ်ဖန် ဇရပ်တစ်ခုတွင် သီချင်းဆိုကာ အတီးအမှုတ်မျိုးစုံ သဒ္ဒါရုံကို ဖန်ဆင်းကာ နေနှင့်ကြကုန်၏။ သဒ္ဒါရုံကို နှစ်သက်သော ယောကျ်ား ကျန်ရစ်ခဲ့ပြန်၏။ တစ်ဖန် ရသာရုံနှင့် တွေ့ပြန်လျှင် ရသာရုံကို နှစ်သက်သော ယောကျ်ားကျန်ရစ်ခဲ့ပြန်၏။ တစ်ဖန် ဖောဋ္ဌဗ္ဗာရုံနှင့် တွေ့ပြန်လျှင် ဖောဋ္ဌဗ္ဗာရုံကို နှစ်သက်သော ယောကျ်ား ကျန်ရစ်ခဲ့ပြန်၏။ မင်းသားလည်း နောက်ပါ ငါးယောက်လုံး ကျန်ရစ်ခဲ့၍ ပျက်စီးသောအခါ တစ်ယောက်တည်းသာ သတိဝီရိယဖြင့် သွားရလေ၏။
အမျိုးမျိုးလှည့်ကြံ ဘီလူးမဉာဏ်
ပြင်ဆင်ရန်ထိုအခါ ဘီလူးမတစ်ယောက်သည် ဤယောကျ်ားကား အမှန်အားဖြင့် အလွန်ထက်မြက်သော ပညာရှိ၏။ ငါသည် ထိုယောကျ်ားကို စားပြီးမှ ပြန်မည်ဟု မင်းသား၏နောက်မှ တကောက်ကောက် လိုက်လေ၏။ တောအုပ်၌ အမှုလုပ် စသော သူတို့သည် အကြောင်းကို မသိကြသဖြင့် ဘီလူးမအား “သူငယ်မ … ရှေ့ကသွားသူသည် သင်နှင့် ဘယ်လိုတော်သနည်း” ဟု မေး၏။ “အမောင်တို့ … ကျွန်ုပ်ငယ်လင်ယောကျ်ား ဖြစ်ပါသည်” ဟု ပြောသောအခါ “အချင်းယောကျ်ား … ဤသတို့သမီးငယ်ကား သိမ့်မွေ့နူးညံ့လှ၏၊ ရွှေအဆင်းကဲ့သို့ ဝါဝင်းလှပ၏၊ လင်ကို ချစ်၍ မိဘကိုပစ်ကာ လိုက်လာပါလျက် အဘယ်ကြောင့် မပင်ပန်းရအောင် ဆောင်ယူမသွားဘိသနည်း” ဟု ပြောကြသောအခါ “အမောင်တို့ … ဤမိန်းမကား ငါ့မယား မဟုတ်၊ လူယောင်ဆောင် လိုက်လာသော ဘီလူးမ ဖြစ်သည်၊ ငါ့တပည့် ငါးယောက်ကို သူပင် သတ်၍ စားချေပြီ” ဟု ပြောလေ၏။ ထိုအခါ ဘီလူးမက “အမောင်တို့ … လင်ယောကျ်ားတို့ မည်သည်ကား အမျက်ထွက်သောအခါ မိမိမယားကိုပင် ဘီလူးမ၊ ပြိတ္တာမဟု ပြောဆိုရေရွတ်လေ့ ရှိပါသည်” ဟု ပြောလေ၏။
မင်းသားလှည့်မရ လိုင်မှိုင်ချ
ပြင်ဆင်ရန်ထိုဘီလူးမသည် တစ်ခါတစ်ရံ ကိုယ်ဝန်ဆောင်မိန်းမ အသွင်၊ တစ်ခါတစ်ရံ သားငယ်ကို ရင်ခွင်ပိုက်သော မိန်းမ အသွင်၊ ဤသို့ အသွင်းအမျိုးမျိုး ဖန်ဆင်းကာ မင်းသားနောက်မှ လိုက်လေ၏။ မြင်တိုင်း၊ မြင်တိုင်း သူတို့ မေးလျှင် ရှေးနည်းအတိုင်းသာ ပြောလေ၏။
တဖြည်းဖြည်း သွားလတ်သော် မင်းသားသည် တက္ကသိုလ်ပြည်သို့ရောက်၍ မြို့တံခါးရှိ ဇရပ်တစ်ခုတွင် နားနေလေ၏။ ဘီလူးမလည်း မင်းသား၏ တန်ခိုးကြောင့် ဇရပ်တွင်းသို့ မဝင်နိုင်ဘဲ ဇရပ်တံခါးတွင် နတ်သမီးအသွင် ဖန်ဆင်းကာ နေလေ၏။
ဘုရင်ကောက်ကာ မိဖုရားအရာ
ပြင်ဆင်ရန်တက္ကသိုလ်မင်းသားလည်း ဥယျာဉ်ကစားသွားရာ ဇရပ်တံခါးတွင်နေသော ဘီးလူးမကိုမြင်ရာ အလွန်တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ လင်ရှိ၊ မရှိကို သိရအောင် စုံစမ်းချေဟု မင်းချင်းတစ်ယောက်ကို ခိုင်းလေ၏။ မင်းချင်းလည်း အနားသို့ကပ်ကာ “အို သူငယ်မ … လင်ရှိသလော” ဟု မေး၏။ “အမောင် … ရှိပါသည်၊ ဇရပ်၌ နေသူမှာ ကျွန်မလင် ဖြစ်ပါသည်” ဟု ပြော၏။ ထိုအခါ မင်းသားသည် “အမောင် … ဤမိန်းမကား ငါ့မယား မဟုတ်ပါ၊ ဘီလူးမ ဖြစ်ပါသည်၊ ငါ့တပည့် ငါးယောက်ကို သူပင် သတ်၍ စားချေပြီ” ဟု ပြောလေ၏။ ထိုအခါ ဘီလူးမက “အမောင် … အမျက်ထွက်၍ ပြောခြင်းဖြစ်ပါသည်” ဟု ဆိုလေ၏။
မင်းကြီးလည်း ထိုသူနှစ်ယောက်တို့စကားကို ကြားလျှင် အရှင်မရှိသော ပစ္စည်းကား မင်းဘဏ္ဍာဖြစ်သည်ဟု ဆိုကာ ဘီလူးမကို ယူပြီးလျှင် ဆင်တစ်စီးမှာ တင်စေလျက် မြို့ကို လက်ယာရစ်လှည့်၍ နန်းတော်သို့ ရောက်လျှင် မိဖုရား အရာ၌ ထားလေ၏။
ဘီလူးမလှည့်ဖြား နန်းလုံးစား
ပြင်ဆင်ရန်ဘီလူးမလည်း ညဉ့်အခါ မင်းကြီးနှင့်အတူ မွေ့လျော်ကာ အိပ်လတ်သော် အနည်းငယ် အိပ်ချင်ယောင်ဆောင်ကာ ထ၍ ငိုလေ၏။ မင်းကြီး နိုးလတ်၍ “အရှင်မ … အဘယ်ကြောင့် ငိုသနည်း” ဟု မေး၏။ “အရှင်မင်းကြီး … နန်းတွင်းသူတို့သည် အကျွန်ုပ်ကို ဤမိန်းမမှာ လမ်းခရီးမှ ကောက်ယူထားသော မိန်းမဖြစ်သည်၊ သူ့မိဘ ဆွေမျိုးဉာတိကို ဘယ်သူမျှ မသိဟု စကားဖြစ်ကာ နှိပ်စက်ကြပါလိမ့်မည်၊ သို့အတွက် ဘယ်သူမျှ မော်၍ မကြည့်ဝံ့အောင် တစ်ပြည်လုံးစိုးပိုင်သည့် အာဏာကို ပေးတော်မူပါ” ဟု တောင်းလေ၏။ “အရှင်မ … တစ်ပြည်လုံး စိုးပိုင်းသည့် အာဏာကို မပေးနိုင်ပါ” ဟု ပြောသောအခါ “အရှင်မင်းကြိး … ထိုသို့ဖြစ်လျှင် နန်းတွင်းသူ နန်းတွင်းသားတို့ကို စိုးပိုင်သည့်အာဏာကို ပေးပါ” ဟု တောင်းပြန်၏။ မင်းကြီးလည်း နတ်အတွေ့ကို တွေ့သည့်အတွက် ဘီလူးမစကားကို မလွန်ဆန်နိုင်တော့ဘဲ “အရှင်မ … ယူပါ” ဟု ပေးလိုက်လေ၏။
ဘီလူးမလည်း မင်းကြီး အိပ်ပျော်သောအခါ ဘီလူးမြိုသို့သွားကာ ဘီလူးတို့ကို ခေါ်ခဲ့၍ မင်းကြီးနှင့်တကွ နန်းတွင်းသူ နန်းတွင်းသား ခွေး ကြက်တို့မကျန် အလုံးစုံတို့ကို သတ်၍ စားပြီးလျှင် အရိုးတို့ကို ကြွင်းကျန်စေလျက် ဘီလူးတို့နှင့်အတူ ဘီလူးမြို့ကို ပြန်လေ၏။ တစ်နန်းတော်လုံး ဆိတ်ငြိမ်ကာ သုသာန်တစပြင်ကဲ့သို့ နေလေတော့၏။
နန်းတော်တစ်ခုလုံး ကြေပျက်ပြုန်း
ပြင်ဆင်ရန်နံနက်လင်းသောအခါ မြို့သူမြို့သားတို့သည် ဘာသံမျှမကြား၊ တစ်နန်းတော်လုံး တိတ်ဆိတ်၍ တံခါးတွေ ပိတ်မြဲတိုင်း ပိတ်နေသည်ကို မြင်ကြသောအခါ ဓား၊ ပုဆိန်တို့ဖြင့် နန်းတော်တံခါးတို့ကို အတင်းချိုးဖြတ်ကာ ဝင်ကြလေကုန်၏။ အရိုးစုတို့ကို တွေ့မြင်ကြရသောအခါ “ညနေက မြို့တံခါး ဇရပ်တွင်နေသော ယောကျ်ားက ဘီလူးမဟု ပြောသည့်စကား မှန်ပေသည်၊ အလွန်ပရှိသော ယောကျ်ားကောင်း ဖြစ်သည်၊ ငါတို့မင်းကြီးမှာ ထိုယောကျ်ားစကားကို မနာယူဘဲ ဘီလူးမကို မိဖုရားမြှောက်မိသည့်အတွက် ညဉ့်အခါ အဖော်ဘီလူးများခေါ်ကာ တစ်နန်းတော်လုံး ခွေး၊ ကြက်မကျန် ပြုတ်ပြုတ်ပြုန်းအောင် သတ်၍ စားသွားချေပြီ” ဟု ပြောဆိုလျက် မကောင်းသော အညစ်အကြေး အရိုးတို့ကို ယူငင် သုတ်သင်ရှင်းလင်း၍ တစ်နန်းတော်လုံး ပန်းနံ့သာ အခိုးအထုံတို့ဖြင့် မွမ်းမံခြယ်လှယ်ကြကုန်၏။
ချင်းချင်းတိုင်ပင် မင်းမြှောက်တင်
ပြင်ဆင်ရန်မင်းသားလည်း ထိုဇရပ်မှာပင် ပရိတ်သဲကို ဦးခေါင်း၌ ထား၍ ပရိတ်ချည်ကို ကာရံလျက် မိုးလင်းသည့်တိုင်အောင် မအိပ်တော့ဘဲ သန်လျက်ကို စွဲကိုင်ကာ သတိကြီးစွာဖြင့် နေရလေ၏။
နန်းတော်ကို ပြင်ဆင်ပြီးသောအခါ တိုင်းသူပြည်သားတို့သည် အညီအညွတ် စည်းဝေးကြလျက် “အမောင်တို့ … ငါတို့မင်းကြီး နတ်ရွာစံချေပြီ၊ နန်းမွေဆက်ခံသူလည်း မရှိတော့ပြီ၊ မြို့တံခါးဇရပ်တွင် တည်းခိုနေသော ယောကျ်ားကား ပညာရှိ ယောကျ်ားမြတ် ဖြစ်သည်၊ ဘီလူးမဟု သူပင်ပြောပေသည်၊ နတ်သမီးအသွင်း ဖန်ဆင်းကာ နောက်က လိုက်လာသော ဘီလူးမကို ဣန္ဒြေတို့ကို ဖျက်ကာ ကြည့်ရှုခြင်းမျှပင် မပြုလေ၊ အလွန် စိတ်တည်ကြည်၏။ အမြော် အမြင် ဉာဏ်ပညာနှင့် ပြည့်စုံ၏၊ တိုင်းပြည်ကို မင်းပြုစေကာ အဆုံးအမကို ခံယူရမူ တစ်ပြည်လုံး ချမ်းသာကြီးပွားလတ္တံ့” ဟု တစ်ပြည်လုံး သဘောတူကာ မင်းသားထံသွား၍ မင်းပြုရန် တောင်းပန်ပြီးလျှင် နန်းတော်သို့ပင့်၍ ရတနာအစု၌ ထားကာ အဘိသိက်သွန်း၍ မင်းမြှောက်ကြကုန်၏။
ဝိပဿနာအရာ ဥပမာ
ပြင်ဆင်ရန်မင်းသားလည်း ရှင်ပေစ္စကဗုဒ္ဓါတို့ ဆုံးမသောအတိုင်း လိုက်နာသဖြင့် တက္ကသိုလ်ပြည် မင်းအဖြစ်ကိုရ၍ အဂတိလေးပါး မလိုက်စားဘဲ တရားနှင့်အညီ မင်းပြုလျက် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြုကာ သေလွန်သောအခါ ကံအားလျော်စွာ လားရလေ၏။
မြတ်စွာဘုရားလည်း ဘုရားဖြစ်တော်မူသောအခါ ၌ -
“ရဟန်းတို့ … နှုတ်ခမ်းရေးနှင့် ညီမျှနေအောင် ပြည့်သော ဆီခွက်ကို ဆောင်ယူသွားသော သူသည် မဖိတ်အောင် သတိရှိရသကဲ့သို့ ထို့အတူ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသော နိဗ္ဗာန်သို့ ရောက်လိုသော သူသည် သတိကြီးစွာထား၍ စိတ်ကို စောင့်ရှောက်ရမည်” ဟု နိဗ္ဗာန်ကို အထွက်တပ်ကာ တရားဟောတော်မူ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ တက္ကသိုလ်မင်း ပရိသတ်သည် - ယခုအခါ ငါဘုရားပရိသတ်။
တက္ကသိုလ်မင်းသည် - ယခု ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) သတိကိုဆောင်၊ မဖိတ်အောင်၊ ဆောင်ယူဆီခွက်လို။
(၂) နိဗ္ဗာန်သို့သွား၊ သတိထား၊ စောင့်ငြားစိတ်ထိုထို။
တေလပတ္တဇာတ်ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။