တေဝိဇ္ဇသုတ်
(၂)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံအတွင်း ဒေသစာရီ ကြွချီတော်မူစဉ် မနသာကတ ဗြာဟ္မဏရွာ၏မြောက်ဖက် အစိရဝတီမြစ်ကမ်း သရက်တော၌ သီတင်းသုံးနေတော်မူစဉ် မနသာကတရွာ၌ ဩပါသာဒရွာစား စင်္ကီပုဏ္ဏား၊ ဣစ္ဆာနင်္ဂလရွာစား တာရုက္ခ ပုဏ္ဏား၊ ဥက္ကဋ္ဌရွာစား ပေါက္ခရသာတိပုဏ္ဏား၊ သာဝတ္ထိမြို့တော်နေ ဇာဏုဿောဏိ ပုဏ္ဏား၊ တုဒိရွာစား တောဒေယျပုဏ္ဏားတို့ အမှူးရှိသော အဘိညာတ မဟာသာလ ဗြာဟ္မဏကြီးတို့သည်လည်း မိမိ မိမိတို့၏နေရာအရပ်တို့မှ အသီးအသီး ရောက်ရှိလာကြပြီး မန္တ(ဒေဝ)ကျမ်းတို့ကို ရွတ်ဖတ်ကြရန် ရောက်ရှိနေထိုင်ကြပါသည်။
ပေါက္ခရသာတိပုဏ္ဏား၏ အနီးနေတပည့် ဝါသေဋ္ဌနှင့် တာရုက္ခပုဏ္ဏား၏ အနီးနေတပည့် ဘာရဒွါဇတို့ အစိရဝတီမြစ်ကမ်း၌ လမ်းလျှောက်ကြရင်း မိမိတို့ဆရာကြီးများ၏ ဗြဟ္မာပြည်သို့ သွားရောက်နိုင်ရန် ခရီးစဉ်များကို ဆွေးနွေးကြပါသည်။ တစ်ဦးကိုတစ်ဦး အပြီးသတ်ဆုံးဖြတ်ချက်ချရန် လမ်းစဉ်ကို အတည်မပြုနိုင်ကြပါ။ ထိုအခါ နှစ်ဦးသားတို့ အနီးအနား သရက်တောအုပ်၌ သီတင်းသုံးနေတော်မူသော ဘုရားရှင်ထံ ရောက်ရှိလာကြပြီး မိမိတို့ဗြာဟ္မဏဆရာကြီးများ၏ ဗြဟ္မာဘုံသို့ ရောက်ကြောင်း လမ်းကြောင်းများကို လျှောက်ထားကြပါသည်။ ဘုရားရှင်က ထိုလမ်း စဉ်များ၌ ဝိဂ္ဂဟ, ဝိဝါဒ, နာနာဝါဒများ ရှိပါကြောင်း။ အဒ္ဓရိယဗြာဟ္မဏများ၊ တိတ္ထိရိယ ဗြာဟ္မဏများ၊ ဆန္ဒေါကဗြာဟ္မဏများ၊ ဗဝှါရိဇ္ဈဗြာဟ္မဏများတို့ ဗြဟ္မပြည်သွားရောက်ကြောင်း လမ်းကြောင်းအသီးသီး သတ်မှတ်ထားကြပါသည်။ ရွာ၊ နိဂုံး အနီးအနားတို့၌ များစွာသော လမ်းကြောင်းအသီးသီး ရှိကြကုန်သော်လည်း လမ်းကြောင်းအားလုံးတို့သည် ရွာအတွင်းရောက်ကုန်သကဲ့သို့၊ ထို့အတူ ဗြာဟ္မဏဆရာကြီးများ၏ လမ်းကြောင်းများသည်လည်း ဗြဟ္မာပြည်သို့ ရောက်ရှိကြသည်ချည်းဖြစ်ကြောင်း ဝါသေဋ္ဌ လုလင်က လျှောက်ထားပါသည်။
ဘုရားရှင်က ဝါသေဋ္ဌလုလင်အား “ဗြာဟ္မဏဆရာကြီးများ ချမှတ်ထားသော လမ်းစဉ်များ ဗြဟ္မာပြည်သို့ တကယ်ရောက်နိုင်သလား?ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူပါသည်။ ဝါသေဋ္ဌလုလင်ကလည်း သုံးကြိမ်တိုင်တိုင်ပင် တကယ်ရောက် နိုင်ကြောင်း လျှောက်ထားပါသည်။ ထိုဗြဟ္မာပြည်ရောက်ကြောင်း လမ်းစဉ်များချမှတ်ထားကြသော တေဝိဇ္ဇ ဗြာဟ္မဏဆရာကြီးများ၊ ထိုဆရာကြီးများ၏ ဆရာများ၊ ဆရာ့ဆရာကြီးများ၊ ထိုဆရာကြီးများ၏ဆရာ ဝေဒကျမ်းပြု ရသေ့ကြီးများတို့သည် ဗြဟ္မာရှိရာအရပ်၊ ဗြဟ္မာ လာရာလမ်းကြောင်း ဗြဟ္မာလာရာအချိန်အခါကို ကိုယ်တိုင်မြင်ဖူးသူရှိသလော? ကိုယ်တိုင်မြင်ဖူး၏။ သိ၏ဟု ပြောဖူးသလောဟု သုံးကြိမ်တိုင်တိုင် မေးတော်မူပါသည်။ ဝါသေဋ္ဌလုလင်က တွေ့မြင်ဖူးသူမရှိပါ။ တွေ့မြင်ဖူး၏ဟု ပြောကြားခဲ့သူ မရှိပါကြောင်း လျှောက်ထားပါသည်။
ထိုအခါ ဘုရားရှင်က “အန္ဓဝေဏူပမာဖြင့် တေဝိဇ္ဇ(ဗေဒင်သုံးပုံဆောင်) ဗြာဟ္မဏဆရာကြီးများ၏ ဗြဟ္မာပြည်သို့ သွားရောက်ကြောင်း လမ်းစဉ်သည် အပ္ပါဋိဟီရကတ၊ ဟဿက၊ ရိတ္တက၊ တုစ္ဆကဖြစ်ကြောင်း မိန့်ကြားတော်မူပါသည်။
တေဝိဇ္ဇဗြာဟ္မဏဆရာကြီးများနှင့် လူအများတို့သည် နေ့စဉ် လ, နေတို့ထွက် ရာအရပ်၊ ဝင်ရာအရပ်တို့ကို တွေ့မြင်ကြ၊ လိုရာဆုတောင်းကြ၊ ချီးမွမ်းကြ၊ လက်အုပ် ချီမိုး ရှိခိုးလျက် လ, နေတို့သို့ ရောက်ရှိနိုင်သော လမ်းစဉ်ကို မချမှတ်နိုင်ကြပုံ၊ တေဝိဇ္ဇပုဏ္ဏားတို့၏ ဗြဟ္မာပြည်သို့ သွားရောက်ကြောင်းလမ်းစဉ်သည် ဗြဟ္မာပြည် သို့မရောက်နိုင်ပုံ၊ ဇနပဒကလျာဏီဥပမာ၊ ပြသာဒ်ပေါ်သို့တက်ရန် လှေကားပြုလုပ်သူ ဥပမာတို့ဖြင့် ရှင်းလင်းမိန့်ကြားတော်မူပြီး အပ္ပါဋိဟီရကဖြစ်ပုံကို မိန့်ကြားတော် မူပါသည်။
အစိရဝတီမြစ်ဥပမာဖြင့် ဗြဟ္မဏကာရကတရားတို့ကို ပယ်စွန့်၍ အဗြာဟ္မဏ ကာရကဓမ္မတို့ကို ဆောက်တည်ကျင့်သုံးကြပြီး ခေါ်ဝေါ်ခြင်း၊ ဆုတောင်းခြင်း၊ တောင့်တခြင်း၊ အလွန်နှစ်သက် လိုလားခြင်းတို့ဖြင့် ဗြဟ္မာပြည်သို့ မရောက်နိုင်ပုံ၊
အဗြာဟ္မဏကာရကဓမ္မဖြစ်သော အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ချစ်အပ်သောသဘော တပ်မက်စွဲလမ်းဖွယ်ဖြစ်ကုန်သော ငါးဖြာအာရုံ ကာမဂုဏ်တို့ကို စွဲမက်တွေဝေ သက်ဝင်ကြပြီး အပြစ်ဟုမမြင်ကြပဲ ကာမမှထွက်မြောက်နိုင်သော ဉာဏ်ပညာမရှိကြဘဲ သုံးဆောင်ခံစားနေကြသော တေဝိဇ္ဇဗြာဟ္မဏတို့သည် ကွယ်လွန်ပြီးနောက် ဗြဟ္မာပြည်သို့ မရောက်နိုင်ကြ။ အာဝရဏ နီဝရဏ ဩနာဟန ပရိယောနာဟန ဖြစ်ကုန်သော နီဝရဏတရားငါးပါးတို့ဖြင့် ဖုံးလွှမ်းထား ပိတ်ပင်ထားနှောင်ဖွဲ့ထား မြှေးယှက်ထားအပ်ကုန်သော ဗြာဟ္မဏကာရကဓမ္မတို့ကို ပယ်ရှားပြီး အဗြာဟ္မဏကာရကဓမ္မတို့ကို ဆောက်တည်ကျင့်သုံးနေကြကုန်သော တေဝိဇ္ဇ ဗြာဟ္မဏတို့သည် ကွယ်လွန်ပြီးနောက် ဗြဟ္မာပြည်သို့ မရောက်နိုင်ကြကုန်။
ဗြဟ္မာကြီးသည် အပရိဂ္ဂဟ၊ အဝေရစိတ္တ၊ အဗျာပဇ္ဇစိတ္တ၊ အသံကိလိဋ္ဌစိတ္တ၊ ဝသဝတ္တီဖြစ်ပြီး တေဝိဇ္ဇဗြာဟ္မဏတို့သည် ပရိဂ္ဂဟ၊ ဝေရစိတ္တ၊ ဗျာပဇ္ဇစိတ္တ၊ သံကိလိဋ္ဌ စိတ္တ၊ အဝသဝတ္တီဟူသော သဘာဝချင်းမတူကြပဲ ဗြဟ္မာ့ပြည်သို့ တေဝိဇ္ဇဗြာဟ္မဏများ မရောက်နိုင်ကြပုံ၊
တေဝိဇ္ဇဗြာဟ္မဏတို့သည် ဗေဒင်သုံးပုံကို ကိုးစားကပ်ရောက်၍ နစ်မြုပ်ပျက်စီး နေပုံ၊ တံလျပ်ကိုရေထင်၍ အခြောက်တိုက် ကူးသည်နှင့်တူပုံ၊ ဗေဒင်သုံးပုံတို့ကို ရွာမနီးသော တောအုပ်ကြီး၊ အစာရေစာမရှိသော တောနက်ကြီး၊ ပျက်စီးရာ ပျက်စီး ကြောင်းဟု ဆိုအပ်ပုံကို ဘုရားရှင် မိန့်ကြားတော်မူပါသည်။
ဝါသေဋ္ဌမနသာကတရွာ၌ မွေးဖွားကြီးပြင်းသော မနသာကတရွာမှ ထွက်သွားသောယောက်ျားအား မနသာကတရွာသို့သွားသည့်လမ်းကို မေးမြန်းသည်ရှိသော် နုံ့နှေးကြန့်ကြာခြင်းမရှိပဲ ဖြေကြားနိုင်သကဲ့သို့ မြတ်စွာဘုရားသည် ဗြဟ္မာကိုလည်း သိ၏။ ဗြဟ္မာပြည်ကိုလည်းသိ၍ ဗြဟ္မာပြည်သို့ သွားရောက်ကြောင်းအကျင့်ကိုလည်း သိတော်မူ၏ဟု မိန့်ကြားတော်မူပါသည်။
ဝါသေဋ္ဌလုလင်က ဟောကြားတော်မူပါဟု လျှောက်ထားသဖြင့် ဘုရားဖြစ်တော်မူသည်မှ အစပြု၍ သီလနှင့်ပြည့်စုံခဲ့ပုံ၊ နီဝရဏငါးပါးကိုပယ်သတ်ပြီး ပါမောဇ္ဇ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ သမာဓိဖြစ်ပုံတို့ကို ဟောကြားတော်မူပါသည်။ အရပ်ဆယ်မျက်နှာတို့၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဓမ္မတို့ကို ဝိပုလ၊ မဟဂ္ဂတ၊ အပ္ပမာဏ၊ အဝေရ၊ အဗျာပဇ္ဇဖြစ်အောင် ပြန့်နှံ့နေအောင် ပွားများနေပုံကို ခရုသင်းမှုတ်သော ယောက်ျားဥပမာဖြင့် အပ္ပမာဏစေတောဝိမုတ္တိဖြင့် ပမာဏကတဖြစ်သော ကာမာဝစရ ကံသည် ထိုစေတောဝိမုတ္တိ၌ မတည်နိုင်တော့ပုံ၊ ဤဗြဟ္မဝိဟာရတရားလေးပါးတို့တွင် တစ်ပါးပါးသည်သာ ဗြဟ္မာပြည်ရောက်ကြောင်း လမ်းစဉ်ဖြစ်ပုံ။
ဤသို့ဗြဟ္မဝိဟာရဖြင့်နေသော ရဟန်းတော်သည် အပရိဂ္ဂဟ၊ အဝေရစိတ္တ၊ အဗျာပဇ္ဇစိတ္တ၊ အသံကိလိဋ္ဌစိတ္တ၊ ဝသဝတ္တီဖြစ်ပုံ၊ ဗြဟ္မသဟဗျဖြစ်ပုံကို မိန့်ကြားတော်မူသည့်အခါ ဝါသေဋ္ဌလုလင်က ဖြစ်နိုင်ပါကြောင်း ဖြေကြားလျှောက်ထားပြီး ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့ ဥပါသကာအဖြစ် ခံယူသွားပုံကို ပြဆိုသည့်သုတ်။
ဤသုတ်၌ဘုရားရှင်က တေဝိဇ္ဇဗြာဟ္မဏတို့ ပညတ်ထားသော ဗြဟ္မမဂ္ဂသည် နီဝရဏငါးပါးကို ပယ်နိုင်သော အပ္ပမာဏစေတောဝိမုတ္တိ လမ်းစဉ်မဟုတ်သောကြောင့် ဗြဟ္မာပြည်သို့မရောက်နိုင်။ သီလနှင့်ပြည့်စုံပြီး နီဝရဏတရားငါးပါးကို ပယ်ပြီးသော ဗြဟ္မဝိဟာရတရားလေးပါးကို အပ္ပမာဏစေတောဝိမုတ္တိဖြစ်အောင် ပွားများနိုင် ခြင်းသည်သာ ဗြဟ္မာပြည်သို့ သွားရောက်နိုင်သော လမ်းစဉ်ဖြစ်ပုံကို အကျယ်တဝင့် ဟောကြားတော်မူပါသည်။
အဋ္ဌကထာ, ဋီကာတို့၌ သိသင့်သည်များကို ပြည့်ပြည့်စုံစုံ ဖွင့်ပြထားပါသည်။
[၂] သမ္မာပဋိပတ္တိကိုကျင့်သော သင့်မြတ်အကြောင်းအားဖြင့် ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်ဟူသော ဝိဇ္ဇာသုံးပါးကို ရရှိသောရဟန်းကိုသာ “တေဝိဇ္ဇဟု ပညတ်ကြောင်း၊ ဗေဒင်သုံးပုံကို ရွတ်ဆိုကာမျှဖြင့် ဇာတိဗြာဟ္မဏကို တေဝိဇ္ဇဟု ဘုရားရှင်ပညတ်တော်မမူကြောင်း ဘုရားရှင်က ရဟန်းတော်များကို ဟောကြားတော်မူသည့် တရားတော်ကို နာယူခဲ့ရပါကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီ အမှူးရှိသော မိဖုရားတို့အား ပြန်လည်ဟောကြားသည့်သုတ်။ [၃]
တေဝိဇ္ဇသုတ်။ ။ ဤသုတ်တွင် ဘုရားမြတ်စွာ သည် အသက်သတ်ကာ ယဇ်ပူဇော်ပသလေ့ရှိသော ပုဏ္ဏားတို့၏ အယူဝါဒကို ရှုတ်ချကာ ဗြဟ္မာနှင့်တွေ့ဆုံရန် ဗေဒသုံးပုံကို ကြိုးစား အားထုတ်ကြသော ပုဏ္ဏားတို့၏ အကျိုးမဲ့ပုံကိုလည်း အတိအလင်း ရှင်းပြတော်မူသည်။ ဗေဒသုံးပုံကို တတ်ကျွမ်းရုံမျှဖြင့် ဗြဟ္မာနှင့်မတွေ့ ဆုံနိုင်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ် တရားလေးပါးကို ကျင့်သုံးဆောက်တည်မှသာလျှင် ဗြဟ္မာကြီးနှင့် တွေ့ဆုံနိုင်မည်ဖြစ်ကြောင်းကို ဝါသေဋ္ဌဘာရဒွါဇပုဏ္ဏားအား ဘုရားမြတ်စွာက ရှင်းလင်းမြွက်ကြားတော်မူခဲ့သည်။ ဘာသာဟောင်းဖြစ်သော ဗေဒအယူနှင့် ဘာသာသစ်ဖြစ်သည့် ဗုဒ္ဓအယူတို့၏ ဆက်သွယ်ပုံကို လည်း ဤသုတ်တွင် ရှင်းလင်းစွာဖော်ပြထားသည်။ ဗုဒ္ဓအလိုအားဖြင့် ဝိဇ္ဇာသုံးပါသည် ပု၊ဒိ၊အာ ဖြစ်သည်။ ဗြာဟ္မာဏအလိုအားဖြင့် ဝိဇ္ဇာသုံးပါသည် သာမ၊ယဇု၊ဣရု ဤသုံးပါးဖြစ်သည်။[၄]
အကိုးအကား
ပြင်ဆင်ရန်- ↑ -ဒီ၊၁၊၂၂၂-၂၃၆။ ဒီ၊မြန်၊၁၊၂၇၇-၂၉၄။ ဒီ၊ဋီ၊၁၊၃၉၉-၄၀၅။ သီ၊ဋီ၊သစ်၊၁။၄၂၅-၄၃၅။ -ဒီဃနိကာယ၊ သီလက္ခန္ဓဝဂ္ဂ၊ တေရသမသုတ်။
- ↑ -ဣတိဝုတ်၊၂၆၁-၃။ ဣတိဝုတ်၊မြန်၊၂၇၇-၉။ ဣတိဝုတ်၊ဋ္ဌ၊၂၉၆-၃၀၂။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ တိကနိပါတ၊ ပဉ္စမဝဂ္ဂ၊ ဒသမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
- ↑ ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။