‌တောက်ရပ်ပင်သည် ‘ယူ‌ဖောဗီးယားစီအီး’မျိုးစဉ်တွင် ပါဝင် ၍၊ ယင်း၏ ရုက္ခ‌ဗေဒအမည် မှာ ‘ပူတြန်ဂျီဗာ ‌ရော့ကစဗာဂိုင် အီ’ဖြစ်သည်။ ‌တောက်ရပ်ပင်ကို ပုတီးဖြူဟူ၍လည်း‌ခေါ်သည်။ အမြဲစိမ်း‌သောအပင်ဖြစ်သည်။ အမြင့်‌ပေ ၅၀ ရှိ၍၊ အကိုင်း များမှာ ‌အောက်သို့တွဲကျ‌နေတတ်သည်။ အရွက်များသည် အုပ် အုပ်ဆိုင်းဆိုင်း ‌ပေါက်တတ်သဖြင့် အရိပ်‌ကောင်းရ၏။ အ‌ခေါက်မှာ မွဲပြာ‌ရောင်ရှိ၍ ပြားလိုက်အ‌ရေး‌ကြောင်းများနှင့် ရှည်လျားလျား အကွက်များပါရှိသည်။ အပင်နုမှ အ‌ခေါက်မှာ ဖြူဖပ်ဖြူ‌ရော်ရှိသည်။ အသားမာ၍ သိပ်သည်းသည်။

အရွက်တို့မှာ ရွက်လွှဲဖြစ်၍ ငှက်‌ပျောဖူး ပုံသဏ္ဌာန်ရှိသည်။ အရွက်၏အရွယ်မှာ အလျား ၃ လက်မခန့်ရှိ၍၊ ရွက်နားတွင် ‌ခွေးသွားစိတ်အနည်း ငယ်ပါရှိသည်။ အပွင့်‌သေးငယ်၍ အဝါ ‌ရောင်ရှိသည်။ ပွင့်ဖိုနှင့် ပွင့်မနှစ်မျိုးပွင့်သည်။ ပွင့်မသည် ပွင့်ဖို ထက် အရွယ်ကြီး၏။ ‌တောက်ရပ်သီးသည် ချယ်ရီသီးအရွယ် ရှိ၍ အတွင်းအခွံမာသီးမျိုးဖြစ်သည်။ ပုံသဏ္ဌာန်မှာ ဝိုင်း၍ အဖြူ‌ရောင်ရှိသည်။ အ‌မွေးအမှင်ပါရှိသည်။

‌တောက်ရပ်ပင်ကို အများအားဖြင့် နုံး‌မြေ‌ပေါရာ‌ဒေသတွင် ‌တွေ့ရသည်။ လှပတင့်တယ်‌သော အပင်ဖြစ်သည်။ အချိန် အတန်ကြာမှာ အပင်ရင့်သန်သည်။ ‌ခြောက်‌သွေ့‌သော‌ဒေသများ၌ ‌ပေါက်‌ရောက်‌သော ‌တောက်ရပ်ပင်မှာ ပုကွကွဖြစ်၍ ချုံပင်နှင့် တူ၏။ မြန်မာနိုင်ငံတွင် ‌တောက်ရပ်ပင်ကို စွတ်စို‌သော‌ဒေသရှိ လမ်း‌ဘေး၌ စိုက်ပျိုးရန်သင့်‌တော်သည်။ အပင်ကို အ‌စေ့များမှ မျိုးပွားယူရသည်။ အ‌စေ့များသည် မိုး‌နှောင်းတွင်မှည့်လာသည်။ ထိုအ‌စေ့များကို ရက်‌ပေါင်းများစွာ ‌ရေတွင်စိမ်ထားပြီးမှ ခြင်း၊ ‌တောင်း သို့မဟုတ် ပျိုးခင်းများတွင် တစ်‌ပေစီခြား၍ ပျိုးရ သည်။ ‌ရွှေ့‌ပြောင်းစိုက်ပျိုး‌သောအခါ ပထမနှစ် ‌နွေရာသီတွင် ‌ရေလောင်း‌ပေးရန်လိုသည်။ လမ်း‌ဘေးတွင် စိုက်ပျိုး‌သောအခါ တစ်ပင်နှင့်တစ်ပင်ကို ‌ပေ ၃၀ စီ ခြားရသည်။ ‌တောက်ရပ်ပင်သည် ဟိမဝန္တာ အနိမ့်ပိုင်းနှင့် မြန်မာနိုင်ငံ တွင် ‌ပေါက်‌ရောက်သည်။ အိန္ဒိယနိုင်ငံ၌လည်း စိုက်ပျိုး‌လေ့ရှိ သည်။

‌တောက်ရပ်သားကို ကရိယာတန်ဆာပလာ ပြုလုပ်ရန် အသုံးပြုကြသည်။ အသီးကို စိပ်ပုတီး သို့မဟုတ် လည်ဆွဲပုတီး များ ပြုလုပ်ရသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)