တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်

တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင် ဆိုသကဲ့သို့ နှစ်ဖက်စလုံး သူ့နည်းနှင့်သူ လွန်ကြသည်ချည်းဖြစ်သည်။ နှစ်ဖက်စလုံးမှားယွင်းနေသည်ကို ဖျန်ဖြေထောက်ပြသည့် အခါမျိုးတွင်လည်း ဤစကားကို သုံးလေ့ရှိသည်။

ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်တွင် ပထမ မောင်းထောင်ဆရာတော်သည် အလွန်နာမည်ကြီး၏။ ကျမ်းပေါင်းများစွာကို ပြုစုရေးသားခဲ့သည့် အပြင် ဆေးပညာ၊နက္ခဗေဒင်ပညာ၊ တက်ကျမ်း(လော့ဂျစ်) ပညာရပ်များကိုလည်း ကျွမ်းကျင်သည်။ အလွန်တော်သည့်အတွက် ငယ်ငယ်ရွယ်ရွယ် နှင့် အထွဋ်အထိပ် သာသနာပိုင် ဖြစ်လာခဲ့သည်။

ပထမ မောင်းထောင်ဆရာတော် လက်ထက်မှာပင် ဘိုးတော်ဘုရား၏ သားတော်တစ်ပါး ဖြစ်သူ တောင်ငူမင်းသားသည်လည်း ထင်ရှားသည်။ ဘိုးတော်ဘုရား၏ သားတော်များတွင် အိမ်ရှေ့မင်း နှင့် ပြိုင်ဆိုင်နိုင်လောက်အောင် သတ္တိရှိသူဖြစ်သည်။ ဘိုးတော်ဘုရား၏ အချစ်ဆုံး၊ အလိုလိုက်ဆုံး သားတော်တစ်ပါးလည်း ဖြစ်သည်။ မယ်တော်မှာ ဟံသာဝတီရောက်မင်း ၏ သမီးတော်ဖြစ်သည်။ ထို့ကြောင့်လည်း ကုန်းဘောင်မင်းသားများထက် မဟာသွေးစစ်သူ ဟု မိမိကိုယ်ကိုယုံကြည်တက်ကြွနေ သူလည်း ဖြစ်သည်။ မျက်နှာ ပုံပန်း နှင့် စိတ်နေစိတ်ထား အထူးသွက်လက်ပြီး အရာရာတွင် ပွင့်လင်းစွာပြောဆို လုပ်ကိုင်တတ်၏။

တစ်နေ့တွင် သာသနာပိုင်က တောင်ငူမင်းသား၏ ဆရာဦးတေဇကို ဆင့်ခေါ်၍ ပိဋကတ်ကျမ်းများကို အလွတ်အာဂုံနှုတ်တက်ပြန်ခိုင်းသည်။ ဦးတေဇမှာ အာဂုံမရမချင်း အကြိမ်ကြိမ်ကျက်မှတ် ကြိုးစားရသည်။ နောက်ဆုံးတွင် သာသနာပိုင်က ဦးတေဇအား သဲဒဏ် ရေဒဏ်ပေးလိုက်သည်။ ထိုအကြောင်းကို တောင်ငူမင်းသား ကြားသိပြီး မိမိဆရာကို ဤသို့လုပ်ရပါမလား ဟုဆိုကာ သာသနာပိုင် နှင့် အချင်းများသည်။ များရင်းများရင်း ဖြင့် နောက်ဆုံးတွင် မောင်းထောင် သာသနာပိုင်က တောင်ငူမင်းသားအား ထွေးခံဖြင့် ပစ်ပေါက်သည်။ တောင်ငူမင်းသားကလည်း ထွေးခံ ဖြင့် ပြန်ပစ်ပေါက်သည်။ နောက်တစ်ဆင့်တက်ကာ လုံးထွေးသတ်ပုတ်ကြသည့် အဆင့်သို့ ရောက်သွား လေသည်။ မည်သူမျှ မဆွဲရဲ။ နောက်ဆုံးမဟာဒါန်ဝန် လာရောက်ဖျန်ဖြေမှ ပြေလည်သွားခဲ့သည်။ ထိုအကြောင်းကို ဘိုးတော်ဘုရား ကြားသိသောအခါ "တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်"ဟုညည်းတွား မိန့်တော်မူလေသည်။

ဘိုးတော်ဘုရားက တောင်ငူမင်းသားအား သာသနာပိုင်ကို ပြန်လည်တောင်းပန် ခိုင်းစေချင်သော်လည်း မိမိစကားကို နားမထောင်ရင် မိမိသိက္ခာကြရချည်ရဲ့ ဟု ဆိုကာ ရန်ကုန်ဝန်ကြီး ဦးကျော်ရွေးကို လှမ်းခေါ်ခဲ့သည်။ ဦးကျော်ရွေးသည် ဘိုးတော်ဘုရားအိမ်နိမ့်စံဘဝက မင်းသားများကိုထိန်းသိမ်းရသူ ဖြစ်သဖြင့် အားလုံးက ချစ် ကြောက်ရိုသေရသည်။ ဦးကျော်ရွေးခိုင်းသည့် အတွက် တောင်ငူမင်းသားက မိမိအမှားအတွက် မောင်းထောင်ဆရာတော်အား ပြန်လည်တောင်းပန် ခဲ့ပြီး မောင်းထောင် ဆရာတော်ကလည်း သူလည်း မှားသည်ဟု ကြေအေးခဲ့သည်။

မူလရင်းမြစ် ပြင်ဆင်ရန်

  • "ဟာ-မပြောပါနဲ့တော့ဦးရယ်။ မောင်းထောင်ကလည်း မောင်းထောင်၊ တောင်ငူကလည်း တောင်ငူပဲ...တစ်ယောက်က မယားငယ်နေတယ်လို့ထင်၊ တစ်ယောက်ကလည်း လင်ငယ်နေတယ်လို့ထင်ပြီး ကွဲကြတာပဲ။" [၁၃၀၃] ဂျာနယ်ကျော်၊ ၉၊ ၇။ ၂၉။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၈၉
  2. မောင်ကြည်သန့်၊ မြန်မာ့သမိုင်းထဲက အထင်ကရ ဇာတ်ကောင်များ
  3. မှော်ဘီဆရာသိန်း၊ ပါးစပ်ရာဇဝင်

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်