တောင်ဖီလာဆရာတော် (အရှင်ဥပါလိ)(မြန်မာ ၉၄၀ - ၁၀၁၂)သည် ညောင်ရမ်း ၃ ဆက်မြောက်ဖြစ်သော သာလွန်မင်းတရားကြီး ကိုးကွယ်သည့် ဆရာတော် ဖြစ်သည်။ ၉၄၀ ပြည့်နှစ်၌ စလင်းမြို့တွင် မွေးဖွားသည်။ နံတော် ကြာသပတေးသားတည်း။ ၁၂၁၃ ခုနှစ်တွင်ပြုစုသော မင်းလှသီရိသီဟသူ၏ ဆရာတော်များစာရင်းအရ တောင်ဖီလာဆရာတော်မှာ ၉၄၀ ပြည့်နှစ်တွင် ပျံလွန်တော်မူသော ဆီးတောဆရာတော် ဝင်စားသောပုဂ္ဂိုလ် ဖြစ်သည်ဟု ဆိုသည်။ ၁၃ နှစ်အရွယ်တွင် ရှင်ပြု၍ စာသင်ရာ၊ သာမဏေအမည်မှာ မုနိန္ဒာဃောသ ဖြစ်၏။ ငါးဆူဒါယကာ၏ သားတော် သတိုးဓမ္မရာဇာခံ မင်းကြီးနှောင်းပင့်၍ ပြည်မြို့သို့ရောက်လျှင် မင်းကြီးနှောင်းကိုးကွယ်သော အရှင်အဘိသင်္ကေတသာရ ထံတွင် ဆည်းကပ်၍ စာပေပိဋကတ် သင်ကြားသည်။ အသက် ၁၅ နှစ်အရွယ်တွင် ဝေဿန္တရာပျို့ကို စပ်ဆိုစီရင်ရာ လောကဓမ္မ ပြည့်စုံလှသောကြောင့် သာမဏေကျော်ဟု ထင်ရှား လာလေသည်။ ၉၅၉ ခု ရန်နိုင်မှူးမင်းဖြစ်သည့်နှစ်၊ အသက် ၂၀ ပြည့်လျှင် အရှင်အဘိသသင်္ကေတသာရအထံ၌ ရန်နိုင်မှူးက ဒါယကာ ပြု၍ ပဉ္စင်းခံသည်။ ပဉ္စင်းဖြစ်လျှင် သာမဏေကျော်သည် ကျမ်းဂန်အရာ၌ လိမ္မာလှသောကြောင့် ပဉ္စင်းကျော်ဟု ထင်ရှားကျော်စော လေသည်။ ပြည်မြို့ကို အစွဲပြု၍ ပြည်ပဉ္စင်းကျော်ဟုလည်း တွင်၏။ ထို့နောက် စလင်းမြို့သို့ ကြွတော်မူ၍ မြို့အရှေ့မျက်နှာ ဦးရီးတော် မဟာထေရ်ကျောင်း၌ ဥပါလိဟူသော အမည်ကိုခံ၍ နေတော်မူသည်။ ရဟန်းဝါ ဆယ်ဝါရှိသောအခါ ပြည်မြို့သို့ ပြန်လည်ကြွတော်မူ၍ မူလဆရာအထံ၌ပင် နေတော်မူသည်။ ၉၇၀ ပြည့်နှစ်တွင် အနောက်ဘက်လွန်မင်းတရားကြီးသည် ပြည်မြို့ကို လုပ်ကြံပြီးသောအခါ ပြည်ပဉ္စင်းကျော်ကို အင်းဝမြို့သို့ ပင့်ဆောင်၍ ကိုးကွယ်လေသည်။ 'ငါပြည်ကို လုပ်ကြံသည်ကား ရှင်တဆူလူတယောက်သာရသည်' ဟု အနောက်ဘက်လွန်မင်းတရား မိန့်ဆိုကြောင်းကို ယခုတိုင် လူတို့ ပြောဆိုကြသည်။ ရှင်တဆူဆိုသည်မှာ တောင်ဖီလာဆရာတော် ဖြစ်အံ့သော ပြည်ပဉ္စင်းကျော်ပင်တည်း။ ပြည်ပဉ္စင်းကျော်သည်လည်း အင်းဝမြို့တွင် မဟာမုနိအရံအတွင်း သုဓမ္မာစရပ်၌ သီတင်းသုံးတော်မူသည်။ ထိုအခါ သာသနာပိုင် ဆရာတော်ဖြစ်သော လေးထပ်ကျောင်း မဟာသံဃနာထ ဆရာတော်သည် ပြည်ပဉ္စင်းကျော်အား စာပေကျမ်းဂန် တတ်မြောက်လှသည် ဖြစ်၍ အလွန်နှစ်သက်တော်မူသည်။ ထိုအချိန်တွင် အင်းဝမြို့၌ အရှင်အရိယာလင်္ကာရသည်လည်း ကျမ်းဂန် အလွန်တတ်သည်ဖြစ်၍ အဝပဉ္စင်းကျော်ဟု ကျော်စောထင်ရှားသည်။ ပြည်ပဉ္စင်းကျော်ရောက်လာကြောင်းကို အင်းဝပဉ္စင်းကျော်ကြားလျှင် အလွန်တွေ့လို မြင်လိုလှ၍ သိက္ခာဝါ အသက်အရွယ် မည်မျှ ရှိကြောင်းကို ဂါထာဗန္ဓဖွဲ့၍ ဖြေ၏။ ဤအကြောင်းကို အနောက်ဘက်လွန်မင်းတရားကြီး ကြားတော်မူလျှင် ပဉ္စင်းကျော်နှစ်ပါးနှင့် အခြား ကျမ်းဂန်တတ်ကုန်သော ပုဂ္ဂိုလ်တို့သည် လေးထပ်ကျောင်းတော်၌ စာပေကျမ်းဂန်ဆွေးနွေးတော်မူကြပါဟု ပင့်လျှောက်တော်မူလေ၏။ ထို့ကြောင့် ကျောင်းတော်၌ ဆရာတော်ကြီး၏ ရှေ့တွင်ပဉ္စင်းကျော်နှစ်ပါးသည် ကျမ်းဂန်တို့ကို ဆွေးနွေးကြရာ လေးထပ်ဆရာတော်ကြီးက 'ဂန္ထန္တရနှင့် စပ်သည်ကို ပြည်ပဉ္စင်းကျော်ကိုမေးလျှင် ဝါးခွဲသကဲ့သို့ ရှိပေသည်။ ဝိဂြိုဟ်ဝစနတ္ထနှင့် စပ်သည်ကို အဝပဉ္စင်းကျော်ကို မေးလျှင် မိုးသေးမိုးဖွဲကျသကဲ့သို့ ရှိပေသည်' ဟု ပုဂ္ဂိုလ်နှစ်ပါး၏ သတ္တိအထူးကို ဆိုစမှတ်ပြုတော်မူသည်။ ၉၉၁ ခုနှစ်တွင် အင်းဝမြို့သာလွန်မင်းတရားကြီး အထွတ်အမြတ်သို့ ရောက်သောအခါ ပြည်ပဉ္စင်းကျော်ကို တိပိဋကလင်္ကာရ၊ အဝပဉ္စင်းကျော်ကို အရိယာလင်္ကာရဟူ၍ ဘွဲ့တံဆိပ် အပ်နှင်းလေသည်။ ထိုအခါ ဟံသာဝတီ ပဲခူးတွင် မွန်မှူးမတ်ရဟန်းရှင်လူတို့က မြန်မာရဟန်းများ စာပေကျမ်းဂန်ကို မတတ်မသိဟုဆိုလေသည်ကို သာလွန်မင်းတရားကြီးကြားတော်မူ၍ လေးထပ်ဆရာတော်အား လျှောက်ထားလေရာ လေးထပ်ဆရာတော်လည်း တိပိဋကာလင်္ကာရကို နောက်ပါရဟန်းများနှင့်တကွ ပဲခူးသို့စေလွှတ်တော်မူ၏။ ပဲခူးတွင် ရွှေမောဓောဘုရားအရှေ့ဘက် တဲကျောင်း၌ သီတင်းသုံး၍ စာပေကျမ်းဂန်တို့ကို ပို့ချရ၏။ ရွှေမောဓောသုဓမ္မာဇရပ်တွင် ကျမ်းဂန်တတ်ကုန်သော မွန်ဆရာတို့နှင့် ကျမ်းဂန်ဆွေးနွေးရာ မွန်မှူးမတ်ရဟန်းရှင်လူတို့လည်း မြန်မာရဟန်းတို့ အစွမ်းသတ္တိကို ထင်ရှားသိကြကုန်သည်။ ၉၉၆ ခုနှစ်တွင် အရှင်တိပိဋကာလင်္ကာရပုဂ္ဂိုလ်လည်း ပဲခူးမှပြန်ခဲ့၍ မင်းရဲကျော်စွာဆောက်လုပ်သော စစ်ကိုင်းမြစ်နားလေးထပ် ကျောင်းတွင် သီတင်းသုံးလေသည်။ ဤအတွင်းတွင် အရှင်တိပိဋကလင်္ကာရသည် စက်တော်ရာသို့ ကြွတော်မူ၍ တောချုံဖုံးအုပ်နေသော စက်တော်ရာနှစ်ဆူကို ရှာဖွေရာ တွေ့ရှိတော်မူလေသည်။ ဤသည်မှစ၍ လူဒါယကာတို့သည် စက်တော်ရာဒေသသို့ လူသူအပေါက်အရောက် လွယ်ကူစေရန် ခုတ်ထွင် ရှင်းလင်းကြလေသည်။ ရှင်တိပိဋကလင်္ကာရသည် စက်တော်ရာမှအပြန်တွင် ပုခန်းကြီးရွှေဥမင်ဆရာတော် အရှင်ဇမ္ဗုဓဇထံ ဝင်တော်မူသည်။ ရွှေဥမင်ဆရာတော် ကား အလုပ်အကျွေးလူသူတော် တယောက်နှင့်သာ ခေါင်းခေါင်းပါးပါး နေတော်မူသည်။ ထိုအခါ ပရိသတ်နောက်ပါအများနှင့် မင်းဆရာ အရှင်တိပိဋကလင်္ကာရရောက်လာသည်ကို ဝတ်ပြုရန်မရှိ၍ သုံးတော်မူအပ်သော ဓမ္မခဏ်ကိုခါ၍ နေရာခင်းပေးသည်။ အရှင်တိပိဋက လင်္ကာရ သည် ပရိသတ်ခြွေရံနည်းပါးလှ၍ ကြောက်တော်မမူလောဟု မေးတော်မူလျှင် ရွှေဥမင်ဆရာတော်က ကြောက်၍ပင် ပရိသတ်အနည်းနှင့် နေပါသည်ဟု မိန့်တော်မူသည်။ ဤတွင် အရှင်တိပိဋကလင်္ကာရသည် ရွှေဥမင်ဆရာတော်အား သင်္ကန်း၊ ဒုကုဋ်စသော လှူဖွယ် အသီးသီးတို့ကို ကပ်လှူရာ လှူတိုင်းလှူတိုင်း ရွှေဥမင်ဆရာတော်က ရွှေစည်းခုံအား လှူပါ၏ ဆို၍ ချထားလေသည်။ ရွှေဥမင်ဆရာတော်ကား ရဟန်း အဖြစ်ကိုရပါလျှက် မင်းဆရာပြုနေခြင်းသည် အကျိုးမရှိကြောင်း ပြလို၍ ဤသို့ဆိုသတည်း။ ထို့နောက် အရှင်တိပိဋကလင်္ကာရက ရွှေဥမင်ဆရာတော်အား မည်သည့်ကျမ်းများကို ပြုစုနေကြောင်း မေးမြန်းရာ ရွှေဥမင်ဆရာတော်က ဝိနည်းပါဠိတော်ငါးကျမ်း နိသျကို စီရင်ပြီးစီးကြောင်း မိန့်တော်မူသည်။ မင်းဆရာပုဂ္ဂိုလ်ကျော်လည်း ရွှေဥမင်ဆရာတော်နိသျ၏ ကျမ်းပြုသက္ကရာဇ်ကို ကြည့်၍ ရွှေဥမင်ဆရာတော်၏ နိသျက သက္ကရာဇ်ဦးသောကြောင့် မိမိစီရင်ပြီးသား နိသျကို ဌာပနာသွင်း၍ စေတီတည်သည်ဟု အတ္ထုပ္ပတ္တိကထာ ၌ ဆိုသည်။ အချို့စာတမ်းတို့၌ကား မင်းဆရာသည် ရွှေဥမင်ဆရာတော်၏နိသျက သက္ကရာဇ်ဦးသောကြောင့် မိမိစီရင်သော နိသျကို ယှဉ်ကြည့်၍ နိသျနှစ်စောင်ကြောင့် နှစ်နည်းရှိသဖြင့် ဘုရားနှစ်ဆူပြိုင်၍ ပွင့်သော် သူ့ဘုရားသာသည်၊ ငါ့ဘုရားသာသည်ဟု အငြင်းအခုံဖြစ်ကြ၍ အကျိုးမရှိလေ သကဲ့သို့ ဖြစ်တော့မည်ဟု ဆင်ခြင်၍ မိမိစီရင်အပ်သော နိသျကို စေတီယင်ပြင်မှာ မီးပူဇော်သည်ဟု ဆိုသည်။ အရှင်တိပိဋကလင်္ကာရပြန်လျှင် အလုပ်အကျွေးသူတော်သည် ရွှေဥမင်ဆရာတော်အား 'အရှင်ဘုရား၊ သူသဒ္ဓါ၍ လှူအပ်သောပစ္စည်းကို မိမိမသုံးဆောင်ဘဲ သူတပါးအား ပေးသည်မှာ သူ့သဒ္ဓါကို ဖျက်သည်မမည်ပါလော' ဟု မေး၏။ ရွှေဥမင်ဆရာတော်လည်း သူတပါး၏ သဒ္ဓါကို ဖျက်ခြင်းမဟုတ် မင်းဆရာကို ဆုံးမလိုက်ခြင်းမျှသာ ဖြစ်ကြောင်း၊ မင်းဆရာသည် အပြန်တွင် စစ်ကိုင်းမြစ်နားလေးထပ်ကျောင်းသို့ ဝင်ဝံ့ပေတော့မည်မဟုတ်၊ ဝင်ဝံ့ပေလျှင် လောကဝယ် အလွန့် ယောက်ျားတည်းဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသည့်အတိုင်းပင် အရှင်တိပိဋကာလင်္ကာရသည် စစ်ကိုင်းသို့ရောက်လျှင် လေးထပ်ကျောင်းသို့ မဝင်ဘဲ မင်းဝံတောင်ရိုး အရှေ့ချောက်ကြား၌ တောဝင်တော်မူလေသည်။ ဤသို့ တောဝင်သည်ကား ၁၀၀၀ ပြည့်နှစ် တပေါင်းလပြည့်နေ့ သက်တော် ၆၀ ပြည့်သောအခါတည်း။ ဤအကြောင်းကိုကြားလျှင် သာလွန်မင်းတရားနှင့် ညီတော်စလင်းစား မင်းရဲကျော်စွာတို့သည် ဆရာတော်ကို သူ့ထက်ငါဦးရှာကြလေသည်။ စလင်းစားသည် ဆရာတော်အား အလျင်တွေ့သဖြင့် တောင်ဖီလာချောင်၌ ဇေတဝန်ရွှေကျောင်းဆောက်၍ လှူသည်။ သာလွန်မင်းတရားကြီးကား မဟာတိပိဋကလင်္ကာရဟူသော တံဆိပ်တော်ကို လှူတော်မူသည်။ ထိုအခါမှစ၍ တောင်ဖီလာ ပုဂ္ဂိုလ်ကျော်ဟု တွင်ပြန်လေသည်။ သာလွန်မင်းတရားကြီးသည် မိမိဆရာ တောင်ဖီလာပုဂ္ဂိုလ်ကျော်၏ သီလသမာဓိကို အထူးထင်ရှားစေလိုသော စေတနာဖြင့် နန်းတွင်းသူ တဦးကို ဆရာတော်ကျောင်းသို့ ဝင်စေပြီးလျှင် ဆရာတော်အား ဖြားယောင်းစေ၏။ သို့သော် ဆရာတော်သည် မာတုဂါမက တစ်ညလုံးဖြားယောင်းပါသော်လည်း သိက္ခာပုဒ်ကို ထိန်းသိမ်း၍ တစ်ညလုံး မအိပ်စက်ဘဲ ရူပါရုံ သဒ္ဒါရုံတို့၌ အာရုံမပြုမူ၍ ဓားမဖြင့် ခြေသလုံးသားကို လှီးပြီးလျှင် ထိုမှဖြစ်လာသော ဒုက္ခဝေဒနာကိုသာ ခံစားလျက် တရားမလွတ် မချွတ်မယွင်း မိုးလင်းအောင် နေတော်မူသည်။ သို့သော်နံနက်၌ ဆရာတော်ဘုရားသည် ခရီးသွားမိန်းမနှင့် ညကမှားယွင်းလေသည်ဟု အင်းဝမြို့တမြို့လုံး၌ ကောလဟလဖြစ်လေ၏။ ထိုအခါ ဆရာတော်ဘုရားသည် သူ၏ခြေသလုံးသားကို လှီးသောဓားမကို သက်သေထူ၍ အဓိဋ္ဌာန်ဖြင့် ရေကန်တွင် မျှောလေရာ ထိုဓားမသည် ရေ၌ကူးလေသည်ဟု ဆိုရိုးကားရှိ၏။ ဤအကြောင်းကို ရည်၍လည်း ဓားမကူးဆရာတော်ဟု တွင်သည်။ ရှင်ဖြစ်လျှင် သာမဏေကျော်၊ ရဟန်းဖြစ်လျှင် ပဉ္စင်းကျော်၊ တံဆိပ်ရလျှင် တိပိဋကာလင်္ကာရအကျော်၊ တောဝင်လျှင်တောင်ဖီလာ ပုဂ္ဂိုလ်ကျော်ဟု အကျော်လေးပါးဖြင့် ထင်ရှားခဲ့သော ဆရာတော်ကြီးသည် ၁၀၁၂ ခုနှစ် သက်တော် ၇၂ နှစ်တွင် ပျံလွန်တော်မူလေသည်။ ထိုဆရာတော်ဘုရားကြီးကား အဋ္ဌသာလိနီကျမ်းဦးဂါထာ ၂၀ အဖွင့်ကျမ်းရိုး ဝီသတိဝဏ္ဏနာကျမ်းကိုလည်းကောင်း၊ မင်းရဲကျော်စွာ တောင်းပန်သောကြောင့် ယသဝဍ္ဎနဝတ္ထုကိုလည်းကောင်း၊ တောင်ဖီလာကျောင်း၌ သီတင်းသုံးစဉ် ဝိနယာလင်္ကာရဋီကာကိုလည်းကောင်း၊ သာလွန်မင်းတရားမေးသည်ကို ဖြေရာဖြစ်သော အမေးတော်ပုံအဖြေလည်းကောင်း၊ ဓာတုကထာအကောက်၊ ယမိုက်အကောင်၊ ပဋ္ဌာန်းအကောက်ကျမ်း တို့ကိုလည်းကောင်း၊ မနုသာရဓမ္မသတ်၊ ရွှေမျဉ်းဓမ္မသတ်တို့ကိုလည်းကောင်း၊ ကွန်ခြာဓာတ်ကျမ်း၊ ကွန်ခြာကျမ်း၊ ကမ္မဇရုပ်ကျမ်းတို့ကို လည်းကောင်း ရေးသားစီရင်တော်မူသည်။ ဆရာတော်ဘုရားကြီး၏ လက်ထက်တွင် နေပြည်တော်၌ ကျောက်ရောဂါ ကျရောက်သည်နှင့် ဆရာတော်ဘုရားသည် ကျောက်ရောဂါကျမ်းတစောင်ကိုလည်း စီရင်ခဲ့သည်ဟု အမှတ်အသား ရှိလေသည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော် ပြုစုခဲ့သည့် ကျမ်းများမှာ အောက်ပါတို့ ဖြစ်သည် −

၁။ ဝေဿန္တရာပျို့ဟောင်း (၉၅၄)၊

၂။ မာတိကာအကောက်၊

၃။ ယသဝဍ္ဎနဝတ္ထု၊

၄။ သမ္ပန္နဓာတ်ကျမ်း၊

၅။ ကမ္မဇရုပ်ကျမ်း၊

၆။ ကွန်ခြာဓာတ်ကျမ်း၊

၇။ အဋ္ဌဓာတုကိန်း၊

၈။ မဟာနာရီဓာတ်ကျမ်း၊

၉။ ဝိနည်းငါးကျမ်းပါဠိတော်နိသျ၊

၁၀။ ရာဇိန္ဒရာဇနာမာဘိဓေယျဝိသောဓနီ၊

၁၁။ လောကဝိဒူကျမ်း၊

၁၂။ ဝီသတိဝဏ္ဏနာ၊

၁၃။ ဓာတုဝိတ္ထာရကျမ်း၊

၁၄။ ဝိနယာလင်္ကာရဋီကာ၊

၁၅။ အဓိမာသ်ဋီကာ၊

၁၆။ ဓာတုကထာပါဠိတော်နိသျ၊

၁၇။ ကထိနဝိနိစ္ဆယကျမ်း၊

၁၈။ ယမိုက်အကောက်၊

၁၉။ ပဋ္ဌာန်းအကောက်၊

၂၀။ မနုသာရဓမ္မသတ်၊

၂၁။ ရွှေမျဉ်းဓမ္မသတ်၊

၂၂။ အမေးတော်ပုံအဖြေ၊

၂၃။ ရတုများ။[၂]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း - အတွဲ ၅ အပိုင်း (က)
  2. လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၂၊ ၁၃၊ ၁၄။