အရှင်သခင်ကို (တော်)ဟု ခေါ်ဆိုသုံးစွဲသည်။ ထိုအရှင်သခင်ကို ပြန်လှန်ခြင်းကိုပင် တော်လှန်ခြင်းဟု ဆိုသည်။ လောက၌ အစိုးရသူ အရှင်တို့၏အမိန့်ကို မနာခံပဲ ခုခံပြန်လှန်နေသူများကို တော်လှန်သူများဟု ခေါ်လျက်ရှိသည်။[၁]

တော်ဆိုတာ ရှေးသုံး ပြင်ဆင်ရန်

ရှေးအခါက သုံးစွဲခဲ့သည့် အရှင်သခင်ဟူသော အနက်ကို ဖော်ပြသည့် (တော်)ဟူသော စကား၏အစား နောက်ကာလ ရောက်သောအခါ (အရှင်)ဟု သုံးစွဲ ခေါ်ဆိုလာကြသည်။ မိန်းမများ စကားပြောရာမှာလည်း ယောက်ျားများကို ရိုသေသောအားဖြင့် ရှေးအခါက (တော်)ဟူ၍ စကားတုံ့ ပေးကြသည်။ အရှင်သခင်ဟူ၍ ရိုသေစွာ ပြန်၍ခေါ်လိုက်သော စကားတုံ့ပင် ဖြစ်၏။ နောက်ကာလ၌ကား အရှင်ဟူ၍ တိုက်ရိုက်သုံးလိုလျက် (အ)ကို ဖျောက်ကာ (ရှင်)ဟူ၍ သုံးစွဲကြသည်။ အဓိပ္ပါယ်အားဖြင့် အရိုအသေ စကားတုံ့ပြန်လိုက်မှုချည်းပင် ဖြစ်၏။[၁]

အသုံးပြုပုံ မှတ်ချက် ပြင်ဆင်ရန်

အရှင်ရှိသောအရာကိုသာ (တော်)တပ်၍ သုံးစွဲရိုး ဖြစ်သည်။ အရှင်မရှိသော အရာတို့ကိုကား (တော်)တပ်၍ မသုံးစွဲပေ၊ (ဥပမာ) ရတနာသုံးပါးရှိသည့်အနက် တရားကို တရားတော်၊ သံဃာကို သံဃာတော်ဟူ၍ သုံးစွဲသော်လည်း ဘုရားကို ဘုရားတော်ဟူ၍ မသုံးစွဲကြ။ လောကကြောင်းဖက်၌လည်း ခမည်းတော် မယ်တော် သားတော် သမီးတော် ဆွေတော် မျိုးတော် စသည်ဖြင့် ဘုရင်နှင့် ဆက်သွယ်သမျှ ဆွေမျိုးများကို (တော်)တပ်၍ သုံးသော်လည်း ဘုရင်နှင့် မိဖုရားကိုကား ဘုရင်တော် မိဖုရားတော်ဟု (တော်)တပ်၍ မသုံးစွဲကြ။ အကြောင်းကိုရှာသော်.... တရား သံဃာတို့မှာ ဘုရားတည်းဟူသော အရှင်ရှိသဖြင့် တရားတော် (ဗုဒ္ဓအရှင်၏ တရား)၊ သံဃာတော် (ဗုဒ္ဓအရှင်၏ တပည့်သံဃာ)ဟူ၍ အရှင်ရှိသော အရာမှာသာ ထိုအရှင်ဟူသော အနက်ကို ဖော်ပြသည့် (တော်)ဟူသော စကားကို သုံးစွဲသည်။ ဘုရားအပေါ်မှာကား မည်သူကမျှ အရှင်သခင် မဖြစ်တော့ သောကြောင့် တော်တပ်ကာ ဘုရားတော်ဟူ၍ မသုံးစွဲကြပေ။ လောကကြောင်းဖက်၌လည်း အရှင်သခင်ဖြစ်သော ဘုရင်မိဖုရားတို့နှင့်စပ်၍ အမိအဖ သားသမီး ဆွေမျိုးတို့ကို မယ်တော် ခမည်းတော် သားတော် သမီးတော် ဆွေတော် မျိုးတော်ဟူ၍ သုံးစွဲသည်။ အရှင်ဖြစ်သော မင်းမိဖုရားတို့၏ မယ်တော်စသည်ဟု ဆိုလိုရင်းဖြစ်သည်။ ဘုရင်နှင့် မိဖုရားတို့ အပေါ်ကအုပ်စိုးသည့် အရှင်မရှိတော့သောကြောင့် ဘုရင်တော် မိဖုရားတော်ဟူ၍ (တော်)တပ်ကာ မသုံးကြသည်ကိုလည်း မှတ်သားရာ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်