တံဟူသော ဝေါဟာရကို ပေါရာဏအဘိဓာန်ကျမ်းများက ခိုင်မြဲသည်၊ ဖြောင့်မှန်သည်၊ သစ္စာဆိုသည်ဟူသောအနက်ကို ဖွင့် ထားပေသည်။ တံတစ်ဟူသော ဝေါဟာရအနက်ကို ကြံဆကြည့်ပါက တံ-တစ်လုံး၊ တစ်-တစ်လုံး စကားနှစ်လုံးကို တွဲထားဟန်တူသည်။ မြန်မာစကားဟူသည် ဧကဝဏ္ဏ တစ်လုံးချင်း အဓိပ္ပာယ်ရှိ သော စကားဖြစ်သည်။


တံ-ဟူသည် အတံအလက်၊ စကားနက်တံ၊ တံ-ရေ၊ တံလျှပ် စသဖြင့် အနက်သည်လည်းရရှိသည်။ သို့သော် ပုဂံခေတ်အခါကပင် စတင်၍ ကျောက်စာအချို့၌ သုံးထားသည်ကို တွေ့ရှိကြရာ၌ တံ-ဟူ သည် သစ္စာဆိုခြင်း၊ မှန်ကန်ခြင်း၊ ခိုင်မြဲခြင်းကို ပြသည်ကိုတွေ့ရသည်။ သက္ကရာဇ် ၄၇၅-ခုနှစ် အလောင်းစည်သူမင်းကြီးလက်ထက် ရေးထိုးသည်ဟုယူဆကြရသော လောကထိပ်ပန်'မင်စာမဟာဇနက ဇာတ်တော်အမှတ်(၅၃၉)တွင် မိတ္ထီလာပြည် အရိတ္တဇနကနှင့်ပေါလ ဇနကညီနောင်တို့ စစ်ဖြစ်ကြရာ နောင်တော် အရိတ္တဇနကသည် ညီ တော် ပေါလဇနကအား သံခြေချင်းခတ်၍ ထောင်တွင် အကျဉ်းထား ရာ ညီတော်ပေါလဇနကသည် သစ္စာအဓိဋ္ဌာန်ကိုပြုပြီး အကျဉ်းမှလွှတ် သည်ကို ယင်းကျောက်စာကြောင်းရေ (၄)တွင် အောက်ပါအတိုင်းရေး ထိုးထားသည်။


ညီအား သံခြိချေင် နှောင်ထားအိ၊ ထွန်တံ မူရုယျေအိသံခြိ ချေင်မှာ လောတ်ခရကာ ရွာတစ်ပါနီယ်ရုယျေအိ ဤတွင်ထွန်တံဟူသော စကား၏အနက်အဓိပ္ပာယ်မှာ- ထွန်- ထွန်ကျူးသည်။ ကျူးရင့်သည်။ တံ-မှာ သစ္စာအဓိဋ္ဌာန်ကို ဆိုလိုကြောင်းသိရ၏။ ထို့ကြောင့် ရှေးအခါက တွံဟူသောစကား၏အရင်းအမြစ် မှာသစ္စာမူသည်သစ္စာပြုသည်ဟူသော သဘောရပေသည်။ တံတစ်ဟူသော စကား၊ တံတစ်ချသည်ဟူသောစကားများမှာ လက်သမားများ သုံးစွဲနေသော စကားရပ်လည်းဖြစ်ပေသည်။ လက် သမားသည် ပျဉ်ကိုဖြတ်ရာ၌ သို့မဟုတ် စရွေးကို ထွင်းရာ၌ ဖြောင့်မှန် ရလေအောင်ရှေးဦးစွာ တံတစ်ချမှတ်ရလေသည်။ ဆိုလိုသည်မှာ မျဉ်း တံဖြင့် သေချာစွာတိုင်း၍ တံတစ်ချမှတ်သည်။ တံ-ဟူသည် ဖြောင့် မတ်ခြင်းအနက်ဖြစ်၍ တစ်(ထစ်)ဟူသည်မှာ ထွင်းတားခြင်း၊ ထစ်ထား ခြင်း၊ မှတ်သားထားခြင်းအမှုပင်ဖြစ်သည်။ ဤသို့ တံတစ်ချမှတ်ပြီးမှ သာ လွှဖြင့်သော်လည်းကောင်း၊ ဆောက်ဖြင့်သော်လည်းကောင်း ဖြတ် တောက်ရသည်ကို ဆိုလိုသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြကေတု ရေးသားတဲ့ မြန်မာ ဝေါဟာရအသွင်နှင့် စာပေအမြင်မှ