ထင်၊ နိုင်၊ မွန်ပြည်သစ် ပါတီ

ကောဇာ သက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တပေါင်း လပြည့်ကျော် ၉ ရက်နေ့၌ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက် ကျေးရွာတွင် အဖ နိုင်ထွန်းဝင်း၊ အမိ မိမယ်တို့က သားဦးရတနာ နိုင်ထင်ကို ဖွားမြင်ခဲ့သည်။ မွေးချင်း မောင်နှစ်မ ၅ ဦး ရှိသည်။ အဖိုး၊ အဖွားတို့ ကျွေးမွေး စောင့်ရှောက်မှုဖြင့် မူလတန်း ပညာ သင်ယူခဲ့ပြီးနောက် ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းသား ဘဝနှင့် ပရိပတ္တိ စာပေများ သင်ယူခဲ့သည်။

နိုင်ထင် (ကွယ်လွန်)၊ မွန်ပြည်သစ် ပါတီ (New Mon State Party) ဥက္ကဋ္ဌ။ (ဓာတ်ပုံ - ခေတ်ပြိုင်)။)

အသက် ၁၆ နှစ်တွင် ရှင်သာမဏေ အဖြစ် ခံယူပြီး ၁၈ နှစ်တွင် အဖိုး အဖွားတို့ ဆုံးပါးကုန်သဖြင့် ရှင်သာမဏေမှ ထွက်ကာ မိဘထံတွင် လယ်ယာ လုပ်ငန်းများ ဝင်ရောက် ကူညီသည်။ အသက် ၂ဝ တွင် မိခင်ညွှန့်နှင့် လက်ထပ်ကာ သားသမီး ၈ ဦး ထွန်းကားခဲ့သည်။ မိခင်ညွန့် ကွယ်လွန်သော အခါ မိလင်းနှင့် ထပ်မံ အိမ်ထောင်ပြုခဲ့သည်။

၁၉၄၆ခု၊ နိုင်ဖိုးချို ဦးဆောင်၍ မွန် တိုင်းရင်းသား အစည်းအရုံးအား စတင် ဖွဲ့စည်းရာမှ မွန်လူငယ်များ နိုင်ငံရေး အသိ ပိုမို နိုးကြား လာခဲ့ကြသည်။ နိုင်ထင်သည်လည်း မွန်လူငယ် အဖွဲ့တွင် တက်တက်ကြွကြွ ပါဝင် လူပ်ရှား လာခဲ့သည်။

၁၉၄၈ ခု၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် မွန်ပြည်သူများ ဖဆပလ အစိုးရကို လက်နက်ကိုင် တိုက်ပွဲ စတင် ဆင်နွှဲသည်နှင့် နိုင်ထင်သည်လည်း မွန်ပြည်သူ့ တပ်ဦးတွင် ပါဝင် လာခဲ့သည်။ ၁၉၅၃ တွင် MNDO - မွန် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့တွင် ရုံးထိုင်မှူး အဆင့် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၄ တွင် နိုင်ငံရေးဘက်သို့ ပြောင်းလဲ တာဝန် ထမ်းဆောင်ခဲ့သည်။

မွန်ပြည်သူ့ တပ်ဦးက ဦးနု အစိုးရထံ ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက် 'လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်ရေး' တွင် ပါဝင်ခဲ့သည်။ ဥပဒေဘောင် အတွင်း မွန်ပြည်သူ့ တပ်ဦး ပါဝင် လူပ်ရှားစဉ် ဖားအံခရိုင် အလုပ်အမှုဆောင် တာဝန် ထမ်းဆောင်ခဲ့သည်။

ဗိုလ်နေဝင်း စစ်အစိုးရ အဏာသိမ်းပြီး ၁၉၆၂ ဇူလိုင်လတွင် နိုင်ရွှေကျင် ဦးဆောင်နေသည့် မွန်ပြည်သစ် ပါတီနှင့် ပြန်လည် ပူးပေါင်းခဲ့သည်။ ထို့နောက် မကြာမီတွင် မော်လမြိုင်ခရိုင် ဥက္ကဋ္ဌ အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။

၁၉၆၃ ခု၊ တော်လှန်ရေး ကောင်စီနှင့် မဒညတ သုံးပါတီ တပ်ပေါင်းစု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ် အဖြစ် ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်နှင့် အတူ တက်ရောက်ခဲ့သည်။

၁၉၆၅ တွင် မွန်ပြည်သစ် ပါတီ ဗဟို ကော်မတီဝင် ဖြစ်ခဲ့ပြီး မော်လမြိုင်ခရိုင်ဥက္ကဋ္ဌ အဖြစ် ဆက်လက် တာဝန် ပေးအပ်ခြင်း ခံရသည်။ ၁၉၇၁ တွင် မွန်ပြည်သစ် ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပြီး မော်လမြိုင် ခရိုင် ဥက္ကဋ္ဌ တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့သည်။

၁၉၈၁ ခုနှစ်၊ မွန်ပြည်သစ် ပါတီ နှစ်ခြမ်း ကွဲခဲ့ရာတွင် နိုင်နွန်လာ ဦးဆောင်သော မွန်ပြည်သစ် ပါတီတွင် ဒု-ဥက္ကဋ္ဌ အဖြစ် ၁၉၈၇ ခုနှစ်ထိ တိုင်အောင် ထမ်းဆောင်ခဲ့သည်။

၁၉၈၇ ခုနှစ်၊ ပါတီနှစ်ခြမ်း ပြန်လည် ပေါင်းစည်းသော အခါ ပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ဆက်လက် တာဝန် ယူခဲ့ရသည်။ နိုင်နွန်လာ ကွယ်လွန်ပြီးနောက် ၁၉၈၉ တွင် ပါတီ ဗဟို ဒု-ဥက္ကဋ္ဌ ဖြစ်လာသည်။ ၂ဝဝ၃ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင် ကွယ်လွန် ခဲ့ပြီးနောက်၊ ထိုနှစ် မတ်လတွင် ကျင်းပသော မွန်ပြည်သစ် ပါတီ ဗဟို ကော်မတီ အစည်းအဝေးမှ နိုင်ထင်ကို ပါတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခဲ့သည်။

မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထင်သည် ၂ဝဝ၅ ခုနှစ်၊ မတ်လ ၁၄ ရက်၊ ကောဇာ သက္ကရာဇ် ၁၃၆၆ ခု၊ တပေါင်း လဆန်း ၅ ရက်နေ့တွင် မော်လမြိုင်မြို့ မွန်ပြည်သစ် ပါတီ စုပေါင်းရုံးတွင် သွေးကင်ဆာ ရောဂါ အပါအဝင် လူကြီး ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ထိုအခါ လစ်လပ်သွားသော မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ တာဝန်ကို ဒု-ဥက္ကဋ္ဌ (၁) ဖြစ်သူ ဗိုလ်ချုပ် ထောမွန်က ဆက်လက် တာဝန် ယူခဲ့ပြီး၊ ဒု-ဥက္ကဋ္ဌ တာဝန်ကို ဒု-ဥက္ကဋ္ဌ ဖြစ်သူ (၂) နိုင်ရဿက ပခုံးပြောင်း တာဝန် ယူခဲ့ကြသည်။

ကာယံရှင်၏ မှာကြားချက် အရ ကြွင်းကျန်သော ရုပ်အလောင်းကို တော်လှန်ရေး နယ်မြေသို့ သယ်ဆောင် သင်္ဂြိုဟ်ခဲ့ကြသည်။ နိုင်ထင်၏ ရုပ်အလောင်းကို မော်လမြိုင်မြို့မှ မီးသဂြိုဟ်မည့် နေရာသို့ အဆင့်ဆင့် သယ်ဆောင်လာစဉ် ဖြတ်သန်း လာသော မြို့ရွာတိုင်းတွင် မွန်ပြည်သူများက လွမ်းသူ့ ပန်းခွေ ချခြင်း၊ အလေးပြုခြင်း၊ ရှိခိုး ကန်တော့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကွယ်လွန်ခဲ့ပြီး (၇) ရက် ပြည့်မြောက်သော နေ့တွင် ရေးမြို့ အရှေ့ဘက်ခြမ်း၊ ဝယ်ဇင်ကျေးရွာ၊ မွန်ပြည်သစ် ပါတီ ထားဝယ် ခရိုင် ရုံးခွဲ၌ စစ်အခမ်းအနားဖြင့် မီးသဂြိုဟ်ပွဲ ပြုလုပ်ခဲ့ရာ လူထု ပရိသတ် တသောင်းကျော် တက်ရောက် ဂါရဝ ပြုခဲ့ကြသည်။

ယခုအခါ ကြွင်းကျန်သော အရိုးပြာအိုးကို နိုင်ထင်၏ ငယ်သူငယ်ချင်း ဖြစ်သူ ကျောက်တလုံး ဆရာတော်၏ မိန့်ကြားချက် အရ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်၏ အုတ်ဂူနှင့်အတူ မုဒုံမြို့နယ်ရှိ အထင်ကရ ဝင်းစိန်တောရ(ကျောက်တလုံး ဆရာတော် သီတင်း သုံးတော်မူရာ) ကျောင်းဝင်းတွင် အမှတ်တရ အုတ်ဂူ တည်ထားသည်။

ကိုးကား ပြင်ဆင်ရန်

၂ဝဝ၉ မတ်လ ၁၄ ရက်နေ့တွင် မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထင် ကွယ်လွန်ခြင်း (၄) နှစ်ပြည့် အမှတ်တရ အဖြစ် Kaowao Newsgroup သတင်း ဌာနရဲ့ ကွန်ရက် စာမျက်နှာ [kaowao.org/b/art09-mar.14.php] မှာ လွှင့်တင်ထားတဲ့ "နိုင်ထင် (ကွယ်လွန်)၊ မွန်ပြည်သစ် ပါတီ (New Mon State Party) ဥက္ကဋ္ဌ၏ အတ္ထုပ္ပတ္တိအကျဉ်း" ကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ခေတ်ပြိုင်ရဲ့ 'မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထင် ကွယ်လွန်' သတင်းမှနေ အချက်အလက် အချို့ ထပ်မံ ဖြည့်စွက် ထားပါတယ်။