ထိန်ဝင်း၊ ဗိုလ် (ရဲဘော်သုံးကျိပ်)
ဗိုလ်ထိန်ဝင်း(၁၉၁၄-၁၉၄၅) သည် ရဲဘော်သုံးကျိပ်ဝင် တစ်ယောက် ဖြစ်သည်။ အမည်ရင်းမှာ ကိုဆောင်း ဖြစ်သည်။ ဂျပန် အမည်မှာ မွန်ရဟိရိုရှိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင် များ ဗိုလ်အမည် ခံယူရာ တွင် ဗိုလ်ထိန်ဝင်း ဖြစ်လာခဲ့သည်။
ငယ်စဉ်ဘဝ နှင့် ပညာရေး
ပြင်ဆင်ရန်ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ထိန်ဝင်း ကို ၁၇ မေ ၁၉၁၄ ခုနှစ်တွင် ပဲခူးခရိုင်၊ ရွှေကျင်မြို့ ၌ ညောင်လေးပင် အမတ် ဦးလွန်းမောင်၊ ဒေါ်ပွား တို့မှ ဖွားမြင်သည်။[၁] အမည်ရင်း ကိုဆောင်း ဖြစ်သည်။ သူ့ ဦးလေးတွေထဲက ရွှေကျင်ဦးပုဟာလည်း ဖေပုရှိန် ဆိုပြီး မြန်မာပြည် ကိုယ်ပိုင်အုပ်ချုပ်ရေး ရဖို့ လန်ဒန်မှာ ၁၉၁၉ ကသွားပြီး အရေးဆိုခဲ့တဲ့ ခေါင်းဆောင်တယောက် ဖြစ်သည်။
ကျောင်းသားဘဝ နှင့် ပညာရေးရာ
ပြင်ဆင်ရန်ညောင်လေးပင်မြို့ အမျိုးသား အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ် မြန်မာ ၁၀ တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။ ငယ်စဉ်ကတည်းက ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်ကြွခဲ့ပြီး လူငယ်များကြီးပွားရေးအသင်းမှာလည်း သခင်သန်းထွန်းတို့နဲ့အတူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။
အသက်မွေးမှု ဘဝ
ပြင်ဆင်ရန်အသက် ၂ဝ ကျော်မှာတော့ ရန်ကုန်က သူ့အစ်ကိုဝမ်းကွဲတော်တဲ့ လူထုဦးလှဆီမှာ နေရင်း ဗိုလ်ထိန်ဝင်းဟာ မြန်မာဇာတ်သဘင်ကို ပြည်ပမှာ ကပြနိုင်ဖို့ ကြိုးစားခဲ့သည်။[၂] ၁၉၃၆−၃၇ ခုနှစ်တွင် ခေတ်သစ် သဘင်အဖွဲ့ တည်ထောင်ခဲ့သည်။ မျက်လှည့်ပညာ လည်း ပြသခဲ့သည်။
လွတ်လပ်ရေး ကြိုးပမ်းမှု
ပြင်ဆင်ရန်ဂျပန်နိုင်ငံ တိုကျိုမြို့ လက်မှုပညာ အတတ်သင် တက္ကသိုလ် တွင် တက်ရောက်ပညာ သင်ကြားနေစဉ် ဗိုလ်မှူးကြီး စူဇူကီး နှင့် ဆက်သွယ်မိခဲ့သည်။ ကိုဆောင်းဟာ တိုကျိုက လက်မှုပညာသင် တက္ကသိုလ်မှာ သတင်းစာနဲ့ စာပုံနှိပ်ပညာ၊ ဝါဒဖြန့်ချိရေးပညာတွေ သင်ခဲ့တယ်လို့ သိရပါသည်။[၁] ဗိုလ်မှူးကြီး စူဇူကီး သည် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု တွင် ကိုဆောင်း တက်ကြွစွာ ပါဝင်လိုကြောင်း သိရသောအခါ ဂျပန်နိုင်ငံ ရောက်ရှိနေသည့် သခင်အောင်ဆန်း၊ သခင်လှမြိုင် တို့နှင့် တွေ့ဆုံပေးခဲ့သည်။ ဂျပန် စစ်ဦးစီး ဌာနချုပ် က မြန်မာနိုင်ငံ ကို စည်းရုံးသိမ်းသွင်းရန် မိနာမီ အဖွဲ့ ဖွဲ့စည်းသော အခါ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
မိနာမီ အဖွဲ့ဝင် ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံ တွင် လျှို့ဝှက် တာဝန်ထမ်းဆောင်ရန် အဆာဟိစန်မာရူး သင်္ဘော ဖြင့် ၁ မတ် ၁၉၄၁ ခုနှစ်တွင် ဂျပန်နိုင်ငံ မှ ထိုင်းနိုင်ငံ သို့ ထွက်ခွာခဲ့ရာ ၁၂ မတ် ၁၉၄၁ ခုနှစ် တွင် ၂၉ ဇူလိုင် ၁၉၄၁ ခုနှစ် ထိ ၅ လခန့် ထိုင်းနိုင်ငံ ဇင်းမယ်မြို့ တွင် မြန်မာနိုင်ငံ အတွင်း သူပုန်ထရေး အတွက် လက်နက်များ သွင်းရန် နှင့် မြန်မာနိုင်ငံ မှ လျှို့ဝှက်စွာ ထွက်ခွာလာသော မျိုးချစ်လူငယ်များ အား စောင့်ကြိုရန် တာဝန်များ ကို ထမ်းဆောင်ခဲ့သည်။
ကိုဆောင်းသည် သခင်သန်းတင် ကို ဂျပန်နိုင်ငံ သို့ ပို့ပေးရန် ၁၅ ဩဂုတ် ၁၉၄၁ ခုနှစ်တွင် ဒေလီမာရူး သင်္ဘော ဖြင့် ဂျပန်နိုင်ငံ သို့ ထွက်ခွာခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင်များ စစ်ပညာ သင်တန်းများ ပြီးဆုံးပြီးနောက် ထိုင်းနိုင်ငံ ဗန်ကောက် သို့ ရောက်ရှိခဲ့ရာ ကိုဆောင်းသည် ဗန်ကောက်မြို့ ဝါဒဖြန့်ဖြူးရေး ဌာန မှ နေ၍ မြန်မာဘာသာ ဖြင့် အသံလွှင့် ဝါဒဖြန့်ခဲ့သည်။ ၉ မေ ၁၉၄၂ ခုနှစ်တွင် ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့ ပြီး ပြန်ကြားရေး အရာရှိ အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး စတင်ပြီးနောက် ဂျပန်တပ်မတော် ရန်ကုန်မြို့ မှ ဆုတ်ခွာသွားသည့် အခါ ဗိုလ်ထိန်ဝင်း သည် ဂျပန်တပ်မတော် နှင့် အတူ မော်လမြိုင် သို့ လိုက်ပါသွားခဲ့သည်။ မော်လမြိုင် တွင် ဂျပန်တပ်မတော် နှင့် ပူးပေါင်းဆောင်ရွက် နေရသော်လည်း ဗိုလ်ထိန်ဝင်း သည် ဖက်ဆစ်ဂျပန် တို့ က မသင်္ကာ ၍ ဖမ်းဆီးထားသည့် မြန်မာ့ တော်လှန်ရေး သမားများ လွတ်မြောက်ရေး အတွက် အကူအညီများ ပေးခဲ့သည်။
ဂုဏ်ပြုခြင်း
ပြင်ဆင်ရန်၂၇ မတ် ၁၉၅၉ ခုနှစ်တွင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု နောက်ဆုံးကဏ္ဍ ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည် နှင့် လူမျိုး လွတ်လပ်ရေး အတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက် ခဲ့မှုကြောင့် နိုင်ငံတော် က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ် အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင် (တတိယဆင့်) တံဆိပ် ချီးမြှင့် ဂုဏ်ပြုခြင်း ခံရသည်။
ဘဝနိဂုံး
ပြင်ဆင်ရန်၁၉၄၅-ခု၊ နိုဝင်ဘာလ(၂၀)ရက်နေ့၌ ထိုင်းနိုင်ငံ လန်ပန်မြို့၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်။ [၃]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ https://www.bbc.com/burmese/in-depth-47698244
- ↑ https://www.bbc.com/burmese/in-depth-47698244
- ↑ ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။
ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈)။ ရဲဘော်သုံးကျိပ်။ ပထမ အကြိမ်။ အင်းဝ စာအုပ်တိုက်။