ထီးဖြူသည် မြန်မာလူမျိုးတို့အတွက် မြင့်မြတ်သည့် တော်ဝင်အသုံးအဆောင် ပြယုဂ်တစ်ခုဖြစ်ပေသည်။ ဘာသာရေးအားဖြင့် ဗုဒ္ဓရုပ်ပွားတော်များအား အရိုအသေအလေးအမြတ်ထားသည်ကို ဖွင့်ဆိုသည့်အနေဖြင့် ထီးဖြူအုပ်မိုးလေ့ရှိသည်။ နိုင်ငံရေးအရ အုပ်ချုပ်သူရှင်ဘုရင်က သီးသန့်သုံးစွဲကာ ကြီးကျယ်မြင့်မြတ်မှု၊ အာဏာပိုင်စိုးမှုတို့ကို ပြသသည်။ ထီးဖြူကား ဘုရင်ဧကရာဇ်တို့ စံပယ်ရာ၌ မပြတ်စိုက်တည်ထားသော မင်းမြှောက်တန်ဆာ ငါးပါးတွင် ထီးဖြူသည်လည်း တစ်ပါးအပါအဝင်ဖြစ်သည်။


ထိုကြောင့် ထီးဖြူအောက်၌၊ တောက်သားမီးနှယ်၊ လျှပ်စစ် နွယ်သို့၊ စလွယ်သင်းကျစ်၊ ဦးရစ်ရွှေပေါင်း၊ နတ်ရုပ်ဆောင်း လျက် ဟု ပညာရှိတို့ စပ်ဆိုကြခြင်းဖြစ်သည်။ အင်းဝမင်း နရပတိကို အမှတ်မဲ့ လုပ်ကြံသည်တွင် ထီးရိုးကို ဓားချက်ကျ၍ မင်းနရပတိကို ထီးဖြူအုပ်မိသည်။ ငသောကြာနှင့် ရေနံ့သာစား တို့ ထွေးလုံးကြသည် ဆိုသည့်စကားကို ထောက်၍လည်း မင်းတို့သည် ထီးဖြူအောက်၌ မပြတ်စံပယ်ကြောင်း သိရသည်။ ထီးဖြူ ၄ ပါး အပြားရှိသည်။ ထီးရွက်ကိုးဆင့်၊ ထီးရိုး ဆယ်တောင်ရှိသော နဝဒဏ္ဍထီး၊ ထီးရွက် အမှတ်မရှိ၊ ထီးရိုး ၆ တောင်ရှိသော မနောဟရထီး၊ ထီးရွက် အမှတ်မရှိ၊ ထီးရိုး ၅ တောင်ရှိသော အာတပတ္တထီး၊ ထီးရွက် အမှတ်မရှိ၊ ထီးရိုး ၄ တောင် ရှိသော ဗီဇယတြထီး ဟူ၍ ဖြစ်သည်။ ထိုထီး ၄ မျိုးတွင် ပထမ ၃ မျိုးသည် ရာဇပလ္လင်တွင်ဆောင်းသော ထီး ဖြစ်၍ နောက်ဆုံးထီးမျိုးသည် သွားလေရာရာဆောင်းသော ထီး ဖြစ်သည်။ ထီးကို စီရင်ရာ၌ ထီးရိုးကို ရွှေဖြင့် အလုံးစုံမွမ်းမံ ပြုလုပ်ရ၏။ ထီးခရိုင်ကို ၃ လွန်းတင်၊ ၆ လွန်းတင်၊ ၉ လွန်းတင် ကျစ်အပ်သောကြိုးဖြင့် ဖွဲ့ရသည်။ ထီးချက်ပမာဏ ကိုကား ၁၂၈ လက်သစ်ပမာဏ အထူးကို ပြုစီရင်ရသည်။ ထီးထွတ် ငှက်မြတ်နား၌မူ မင်းတို့၏ ချမ်းသာကို ဆောင်တတ် သော ဟင်္သာငှက်ရုပ်ကိုဖြစ်စေ၊ နွားမြီးဆွဲရုပ်ကိုဖြစ်စေ၊ ကျေး ငှက်ရုပ်ကိုဖြစ်စေ တစ်ခုခုကို စီရင် တပ်ဆင်ရသည်။ ထီး၏ အချင်းသည် ၅ တောင်တစ်မိုက်ဖြစ်သည်။ နဝဒဏ္ဍထီးမှာမူ အဆင့် ၉ ဆင့်ရှိသဖြင့် အောက်ဆင့်ကို အချင်း ၅ တောင် တစ်မိုက်ထား၍ ထက်ဝန်းကျင်၌ ရွှေညောင်ရွက် ၁ဝ၈ ခုကို လည်းကောင်း၊ ရွှေညောင်ရွက်တို့၏အကြား၌ မြ၊ ပတ္တမြား၊ သန္တာစသော ပန်းပွားတို့ကိုလည်းကောင်း စီရင်ချိတ်ဆွဲရသည်။ ကြွင်းသော ထီး ၃ မျိုး၌မူ အရေအတွက် ကန့်သတ်ချက်မရှိ၊ လျောက်ပတ်တင့်တယ်အောင်လုပ်ဆောင်ရသည်။ လောကဗျူဟာ ကျမ်း၌ ထီး ၄ စင်း ဟူသည်မှာ ကနက္ကဒဏ်ထီး ၂ စင်း၊ တမွတ်ထီး ၂ စင်း၊ ပေါင်း ၄ စင်းဟုဆိုသည်။ ဒိသာဇေယ

စာတမ်း၌မူ ကမ္ဗုထီး၊ စန္ဒထီး၊ ပဒုမထီး၊ သမုဒ္ဒဇာထီး ဟူ၍ လက်ယာ ၄ စင်း၊ ကနကဒဏ်ထီး၊ သူရိယထီး၊ ဝိသုကမ္မထီး၊ သမုက္ခထီးဟူ၍ လက်ဝဲ ၄ စင်း၊ ပေါင်း ၈ စင်းရှိကြောင်းဖြင့် ဆိုပြန်သည်။ ရတနာပူရ စတုတ္ထမြို့တည် နန်းတည် မင်းတရား ကြီး ဘိသေကစာတမ်းတွင် ထီးဖြူတော်ကိုမင်းတရား ကြီး လက်တော်နှင့် အချင်း ၄ တောင် ၆ သစ်၊ အချင်းအဝန်း မုတ်ပေါင်း ၄၉ ခု၊ ယင်းကို ၈ ခုစား တစ်ခုကြွင်းရကား နေခြည်ကာသော ထီးဟူ၍ အကြောင်းကြံလျက် စွန်သုတ်နား ထောင့် ၁၂ ပေါက်၊ ထီးတံ ၃၆ ခု၊ ကြာယပ် ၃ ဆင့်၊ ညောင်ရွက် ၁ဝ၈ ခု၊ ပုလဲဆိုင်း သန္တာဆိုင်း ၁ဝ၈ သွယ်၊ ထီးချက်အချင်း တစ်တောင်၊ စောက် တစ်တောင်တစ်မိုက်၊ ထီးရိုးထီးဝန်းနှင့်အမျှ လုပ်ကြောင်းဆိုသည်။[]


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)