ထုပ်စည်းတိုး
ထုပ်စည်းတိုး ( ထုပ်ဆီးတမ်း ) ကစားနည်းကိုလည်း မြန်မာနိုင်ငံ၌ လူကြိုက်များသည်။ ကစားရာတွင် ယောက်ျား ကလေးနှင့် မိန်းကလေးတွဲ၍ ကစားနိုင်သည်။ ခြောက်ယောက်၊ ရှစ်ယောက်၊ ၁ဝ ယောက်နှင့် ၁၂ ယောက် စသည်လည်း ကစားနိုင်သည်။ ခြောက်ယောက် ကစားလျှင် တစ်ဘက်တွင် သုံးယောက်စီကျ ခွဲ၍ကစားကြသည်။ ရှစ်ယောက်၊ သို့မဟုတ် ၁ဝ ယောက်၊ သို့မဟုတ် ၁၂ ယောက် ကစားလျှင် လေးယောက်စီ သို့မဟုတ် ငါးယောက်စိ သို့မဟုတ် ခြောက်ယောက်စီ အသီးသီး အညီအမျှခွဲ၍ ကစားကြရသည်။ ကစားရာတွင် မြေကြီးပေါ်တွင် တုတ်တစ်ချောင်းဖြင့် ဖြစ်စေ၊ ရေဖြင့်လောင်းချ၍ဖြစ်စေ၊ ပြာဖြူး၍ဖြစ်စေ ကစားသော မြေ၏ အနေအထားကို လိုက်၍စည်းများတားပြီးလျှင် ကစားကြ လေသည်။ ထုပ်စည်းကို ကစားသူများလျှင် များသလို စည်းပိုတား၍ ကစားကြလေသည်။ ကလေး ၁ဝ ယောက် ( ယောက်ျား ကလေးနှင့် မိန်းကလေး ရော၍လည်း ) တစ်ဘက်လျှင် ငါးယောက်စီခွဲ၍ ကစားနိုင်လေသည်။ ကစားကြသောအခါတွင် အကြီးဆုံး ကလေးများက ထိပ်စည်းဖြစ်သော ကတွင် ကစားလေ့ရှိကြသည်။ ထိုထိပ်စည်း က တွင် ကစားသူသည် များသောအားဖြင့် စ နှင့် ဆ စည်းများကိုလည်း ထိန်းသိမ်းပေးရ သည်။ စတင်ကစားရာတွင် ပထမဦးစွာ တိုးရသည့်ဘက်မှစ၍ က စည်းကိုလွန်ကာ ခ စည်းသို့ရောက်အောင် ကြိုးစားရသည်။ ခ၊ ဂ၊ ဃ နှင့် င အထိ ဘေးစည်းနှင့် ဇ မှ စ အထိ ဘေးစည်းကို ကျော်၍ မထွက်စေရချေ။ ကျော်မိလျှင် ထမင်းရည်ပူ လောင်သည်ဟု ဆိုပြီးလျှင် အရှုံးပေးရလေသည်။ အရှုံးပေးရသည် ဆိုသည်မှာ ထုပ်စည်းများကို စောင့်ရခြင်းဖြစ်သည်။ င စည်းကို လွန်အောင်တိုးပြီးသောအခါတွင် ထိုစည်းကိုပင် ပြန်၍တိုးပြီးလျှင် တစ်ဖန် ဃ ဂ ခ နှင့် က စည်းများကိုလည်း ကျော်လွန်အောင် တိုးထွက်ရလေသည်။ ကျော် လွန်အောင် ဆိုသည်မှာ ထိုစည်များ၌ စောင့်နေသူများ၏ အထိကို မခံရဘဲ ကျော်လွန်အောင် တိုးနိုင်ခြင်းကို ဆိုလိုသည်။ ကစားသူများလျှင် စ စည်းတွင် ကစားသူတစ်ယောက် သီးခြားစောင့်ပေးရလေသည်။ မြန်မာနိုင်ငံတွင် လသာသော ညဉ့်များ၌ ထိုထုပ်ဆီးတမ်း ကစားနည်းမျိုးကို ကစားလေ့ ရှိကြသည်။ တိုးရသည့်ဘက်မှ တစ်ယောက်ယောက်သည် က စည်းမှ င စည်းကို ကျော်၍တစ်ဖန် င စည်းမှ ဃ ဂ ခ နှင့် က စည်းများ ကို ဦးစွာကျော်လွန်အောင် တိုးနိုင်သော် အောင်ထူပြီဟု အော်ပြောပြီးလျှင် ထိုပွဲတွင် အနိုင်ရသဖြင့် တစ်ဖန်ပြန်၍ ထုပ်များကို တိုးနိုင်ခွင့် ရရှိပြန်သည်။
အောင်ထူခါနီးတွင် မိမိဘက်မှ တဦးဦးသည် စည်းကိုတိုးသွားစဉ် စည်းကို ထိန်းသိမ်းနေသူ၏ အထိကို ခံရလျှင် ရှုံးသဖြင့် စည်းများကို စောင့်ပေးရသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)