ထွန်းညို၊ ဦး၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ

တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညို ပြင်ဆင်ရန်

ဦးထွန်းညိုသည် ၁ဝ၈၈ ခုနှစ်တွင် မောင်းထောင်ကြီး ရွာ၌ ဖွားမြင်သည်။ စိန္တကျော်သူဦးဩ၏မိခင် ဒေါ်ပုနှင့် မောင်နှမ တော်သည်။ ဟံသာဝတီရောက် မင်းတရားကြီး လက်ထက်တွင် သာသနာ့ဘောင်၌ ရဟန်းအဖြစ်ဖြင့် ထမ်းရွက်နေခဲ့ရာ၊ ရတနာ သိင်္ဃကုန်းဘောင်မြို့ကို အလောင်းမင်းတရား တည်ထောင်သော အခါ၌ ရဟန်းဝါ များစွာရင့်လျက်ရှိလေပြီ။ သို့သော် အလောင်းမင်းတရားထံ ဝင်ရောက်အမှုထမ်းရန်အတွက် ရဟန်း ဘောင်မှထွက်ခဲ့သည်။ အလောင်းမင်းတရားလည်း ဦးထွန်းညို ကို သားတော် ဗဒုံမြို့စားထံတွင် ဆရာအဖြစ်ဖြင့် ထမ်းရွက်စေ သည်။ ဗဒုံမြို့စား ဘိုးတော်မင်းတရားကြီး အထွတ်အမြတ် သို့ရောက်သောအခါ ဦးထွန်းညိုကို မဟာသိင်္ခယာဘွဲ့ ပေးအပ် ၍၊ ကျီဝန်ရာထူးဖြင့် ခြီးမြှောက် တော်မူသည်။ ထိုအခါ၌ ငရံ့ မင်းပျို့၊ မုဒုလက္ခဏပျို့၊ မဟော်ကျေးစေခန်းပျို့၊ ဥမင်ခန်းပျို့၊ ဇယဒိသပျို့၊ ဝိဓူရပျို့၊ ဝေဿန္တရာပျို့၊ ဘလ္လာတိယပျို့နှင့် ဇနက ပျို့ဟူသော ပျို့အစောင်စောင်ကို ရေးသားလေသည်။ မနုဝဏ္ဏနာ ဓမ္မသတ်လင်္ကာ၊ ပုဏ္ဍရိက ဆင်တော်မော်ကွန်း၊ မင်းကွန်းဖွဲ့ မော်ကွန်း၊ အမရပူရမြို့ဖွဲ့ မော်ကွန်းများကိုလည်း ရေးသည်။ များမကြာမီပင် မဟာစည်သူဘွဲ့နှင့် တွင်းသင်းတိုက်ဝန် ခန့် ထားခြင်းခံရလေသည်။ ပုခန်းမင်းကြီး မရှိသောအခါ ပုခန်းမင်း ကြီးနေရာကိုရ၍၊ ပတ္တမြားသုံးရစ်စီသော တောင်ဝှေးများကို ပေး သနားတော်မူခြင်းခံရ၏။

အထက်ပါ ပျို့လင်္ကာမော်ကွန်းများအပြင် မဟာရာဇဝင်သစ် ကြီး၊ သတ်ညွှန်းကြီး၊ ဝိဘဇ္ဇဌပိတိ ခွဲထားသတ်ပုံ၊ လူးတားများ၊ ရတုများကိုလည်း ရေးသားလေသည်။ ဝိဓူရပျို့မှာ စာဆိုတော် ဝန်ကြီးရေးသားသော ပျို့များတွင် ထင်ရှားကျော်စောသော ပျို့ တစ်စောင်ဖြစ်သည်။ ထိုပျို့တွင် မှူးကြီးမတ်ရာ သေနာ ပတိတည်းဟူသော မင်းမှုထမ်းတို့၏ ကျင့်ဝတ်တို့ကို ရာဇ ဝသတီခန်းဖြင့် ဖွင့်ဆိုပြခဲ့လေသည်။ ထိုပျို့ကို ၁၁၅၄ ခုနှစ် တွင် အပြီးရေးသားသည်။ ထိုပျို့သည် ဝိဓူရပျို့ကဲ့သို့ ရာဇ ကြောင်းဘက်ကို မနွှယ်ဘဲ၊ လောကကြောင်းဘက်ကို နွှယ်၍ ရေးသားထား၏။ ဝန်ကြီးသည် ဆိုလိုသည့်အကြောင်းအရာ များကို အနက်အဓိပ္ပာယ်ပေါ်အောင် စပ်ဆိုနိုင်သဖြင့် သူရေး သားသောစာများသည် အတ္ထဗျတ္တိဂုဏ်မြောက်ပေသည်။

ဘလ္လာတိယပျို့ကို စပ်ဆိုပြီးနောက် ၁၁၆ဝ ပြည့်နှစ်တွင် ဝေဿန္တရာပျို့ကို စပ်ဆိုပြန်သည်။ ထိုအချိန်၌ကား ဝန်ကြီး သည် အသက် ၇၂ နှစ်ရှိနေလေပြီ။ အသက်အရွယ်ကြီးရင့်မှ ရေးသားသောပျို့ဖြစ်၍၊ ဗဟုသုတ စုံလင်ပြည့်ဝသည့်ပြင်၊ ဓမ္မ ကြောင်းဘက်ကို များစွာနွှယ်၍ ရေးလေသည်။ ၁၁၆၈ ခု အသက် ၈ဝ ပြည့်သည့် နှစ်တွင် မဟာဇနကပျို့ကို ရေးသား လေသည်။ ထိုပျို့သည် ဝိဓူရပျို့ထက်ပင် ဗဟုသုတ ပြည့်ဝစုံ လင်သည့်ပြင် လောက၊ ဓမ္မ၊ ရာဇ သုံးကြောင်းစလုံးပါအောင် ဖွဲ့ဆိုထား၏။ တရားခန်းကို အမွှန်းတင်၍ ရေးသားထားသဖြင့် ဤပျို့မှာ ဝန်ကြီးရေးသားသော ပျို့များတွင် အကောင်းဆုံးပျို့ဟု မှတ်တမ်းတင်ကြ၏။ တွင်းသင်းတိုက်ဝန် မဟာစည်သူသည် သက်ရွယ်အိုမင်း၍ မစွမ်းမသန်ဖြစ်သောအခါ၊ ဘိုးတော် မင်းတရားကြီးသည် ယင်းပုဂ္ဂိုလ်ကြီးအား နန်းတော်ရာအတွင်း တံခါးနီအထိ ပေါင်းယာဉ်စီး၍ဝင်နိုင်ရန် အခွင့်ပေးတော်မူလေ သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)