ထွန်းမြင့် (လင်းခေး)

(ထွန်းမြင့်၊ ဦး (လင်းခေး) မှ ပြန်ညွှန်းထားသည်)

ထွန်းမြင့် (လင်းခေး) (၁၉ဝ၃- ၁၉၇၆ )သည် သမိုင်းဝင် ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များတွင် တစ်ဦး အပါအဝင်ဖြစ်သည်။ ဦးထွန်းမြင့်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရေးတွင် ပြည်နယ် ခေါင်းဆောင် တဦးအဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ တိုင်ပြည်ပြု လွှတ်တော် (ပါလီမန်စနစ်) တွင် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ် အဖြစ် ပါဝင်ခဲ့သည်။ ယင်းအပြင် ရှမ်းပြည်နယ် ဥက္ကဋ္ဌ၊ စက်မှုလက်မှု ဝန်ကြီး၊ သတ္တုတွင်းဌာန ဝန်ကြီး၊ ပြည်ထောင်စုဘဏ် ဒါရိုက်တာ အဖွဲ့ဝင် လူကြီး တဦးအဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ သမဝါယမ လုပ်ငန်းများတွင်၎င်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတွင်၎င်း စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ခဲ့သော သီရိပျံချီဘွဲ့ရ နိုင်ငံတော်ကောင်စီဝင် တစ်ဦးဖြစ်ပြီး နိုင်ငံတာဝန်များ ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံ တိုင်းရင်းသား စည်းရုံးရေး ခေါင်းဆောင် (လင်းခေး) ဦးထွန်းမြင့်

ငယ်ဘဝ ပြင်ဆင်ရန်

(လင်းခေး) ဦးထွန်းမြင့်ကို ၁၉ဝ၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အဘ ဦးကျော်စိန်၊ အမိ ဒေါ်စောလုံ တို့မှ ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ်မြို့နယ်၌ မွေးဖွားသည်။

ဦးထွန်းမြင့်သည် ၁၉၂ဝ ခုနှစ်၊ ပထမ ကျောင်းသား သပိတ် အရေးတွင် သပိတ်မှောက် ကျောင်းသားတဦး ဖြစ်ခဲ့သည်။ မြေပိုင်ရှင်နှင့် ဆန်ကုန်သည် မျိုးရိုးမှ ဆင်းသက်သော်လည်း မိမိပိုင် လယ်ဧက ၃၈၅ ဧကကို လက်ရှိ လုပ်ကိုင်နေသော လုပ်သားများအား လယ်သီးစားခ မယူဘဲ ၁၉၄၂ ခုနှစ်တွင် စွန့်လွှတ်ခဲ့သည်။

ဗာဂျီးနီးယားဆေး ပြင်ဆင်ရန်

ဦးထွန်းမြင့်သည် ပထမဆုံး ဗာဂျီးနီးယားဆေး ကိုယ်ပိုင် စိုက်ပျိုးပြီး ပေါင်းတင်ခြင်း လုပ်ငန်းကို မြန်မာနိုင်ငံတွင် ဦးစွာ တီထွင် လုပ်ကိုင်ခဲ့သော ပုဂ္ဂိုလ်ကြီး တဦး ဖြစ်သည်။ တီထွင်သည့် အလျောက်လည်း အောင်မြင်ခဲ့သည်။ ဘလူးဘင် ဆေးတံ သောက်ဆေး ထုတ်လုပ် ရောင်းချပြီး ယင်းလုပ်ငန်းများကို ဆေးလုပ်ငန်း သမဝါယမ အသင်းအား ဖွဲ့စည်း လုပ်ကိုင်စေရန် လွှဲပြောင်း ပေးခဲ့သည်။

နိုင်ငံတာဝန်များထမ်းဆောင်ခဲ့ပုံ ပြင်ဆင်ရန်

ဦးထွန်းမြင့်သည် စိုက်ပျိုးရေးနှင့် စီးပွားရေး လုပ်ငန်းများတွင်သာ မကဘဲ၊ လူမှုရေး ကိစ္စရပ်များတွင်လည်း စာမတတ်သူ ပပျောက်ရေး အတွက် သက်ကြီး သင်တန်း ဖွင့်လှစ်ပေးခြင်း၊ ၁၉၄၂ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း မောက်မယ်နယ် ကျေးရွာများတွင် ပြည်သူ့ ကောင်စီနှင့် အုပ်ချုပ်မှု စနစ်များကို တီထွင် ဖွဲ့စည်းပေးခြင်း၊ လုပ်ငန်းများဖြင့် ဖွဲ့စည်း အုပ်ချုပ် စေခဲ့သည်။ ဂျပန်ခေတ်တွင် အာရှ လူငယ် ဥက္ကဋ္ဌ ဖြစ်ပြီး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ရပလ) ဒုဥက္ကဋ္ဌနှင့် ရပလ၏ တာဝန် ပေးချက်အရ ပင်လုံစာချုပ်ကို ဖြစ်မြောက်အောင် ဦးစီးဆောင်ရွက် လက်မှတ်ထိုးခဲ့သူ ပုဂ္ဂိုလ်များတွင် တဦးအပါဝင် ဖြစ်ခဲ့သည်။

ဦးထွန်းမြင့်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရေးတွင် ပြည်နယ် ခေါင်းဆောင် တဦးအဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ တိုင်ပြည်ပြု လွှတ်တော် (ပါလီမန်စနစ်) တွင် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ် အဖြစ် ပါဝင်ခဲ့သည်။ ယင်းအပြင် ရှမ်းပြည်နယ် ဥက္ကဋ္ဌ၊ စက်မှုလက်မှု ဝန်ကြီး၊ သတ္တုတွင်းဌာန ဝန်ကြီး၊ ပြည်ထောင်စုဘဏ် ဒါရိုက်တာ အဖွဲ့ဝင် လူကြီး တဦးအဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ဦးမြနှင့် သားများ ကုမ္ပဏီ၏ လင်ကွန်းဆေးတံ သောက်ဆေး လုပ်ငန်း ကျွမ်းကျင်မှု အကြံပေး ပုဂ္ဂိုလ် အဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ် လင်းခေး သမဝါယမ ဆေးလုပ်ငန်း အသင်း၏ အကြံပေး တာဝန်ခံ အဖြစ် လည်းကောင်း ဆောင်ရွက် လုပ်ကိုင်ခဲ့သည်။

ဦးထွန်းမြင့်သည် လူမှုရေး၊ နိုင်ငံရေး၊ စီပွားရေး အုပ်ချုပ်ရေး စသော ကိစ္စရပ်များတွင်လည်း အရေးအသား ကောင်းသူတဦး ဖြစ်ခဲ့သည်။ ဗာဂျီနီယားဆေး ပေါင်းတင်ခြင်း ပညာရပ်နှင့် စပ်လျဉ်းသည့် စာစောင်ကို ဦးစီး ထုတ်ဝေ ပေးခဲ့ဖြင့်လည်း သီရိပျံချီဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။

ဦးထွန်းမြင့်သည် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ပထမ အကြိမ် ပါတီ ညီလာခံမှ ပါတီ လုပ်ငန်း စိစစ်ရေး ကော်မတီဝင် အဖြစ် လည်းကောင်း၊ ဒုတိယအကြိမ် ပါတီ ညီလာခံတွင်လည်း ပါတီ လုပ်ငန်း စိစစ်ရေး ကော်မတီဝင် အဖြစ် လည်းကောင်း၊ ဆက်လက် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ယင်းအပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မရှင်၊ အရေးပေါ် ပါတီ ညီလာခံနှင့် ဒုတိအကြိမ် ပါတီ ညီလာခံ ကျင်းပရေး ကော်မရှင်၊ ပြည်လုံးကျွတ် ဆန္ဒယူပွဲ ကျင်းပရေး ကော်မရှင် အဖြစ်လည်း ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သည်။

ထိုနောက် ဦးထွန်းမြင့်သည် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ရွေးချယ် တင်မြှောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့ပြီး ပထမအကြိမ် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲတွင် လင်းခေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရသည်။ ယင်းနောက် ဗဟို နိုင်ငံတော် ကောင်စီဝင် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ဦးထွန်းမြင့်တွင် ဇနီး ဒေါ်သန်းခင်နှင့် သား ၃ ယောက်၊ သမီး ၇ ယောက် ထွန်းကားခဲ့သည်။ ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ အသက် ၇၃ နှစ် အရွယ်တွင် မိမိ နေအိမ်၌ ကွယ်လွန် သွားရှာသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် (စပယ်ဦး စာပေ)၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ(တတိယ အကြိမ်)