ထွေးလေး
မင်းသမီးလေး မထွေးလေး၊
ပြင်ဆင်ရန်ဘိုးတော်ဘုရား၏ အဆက်အနွယ်ဖြစ်သော ကသည်း မင်းသားကြီး မင်းသီဟနှင့် ယင်း၏ နှမတော်စပ်သည့် ကြင်ယာတော် မမကြီးတို့မှ ၁၂၂၉ ခုနှစ်၊ ပြာသိုလဆန်း (၅)ရက်၊ အင်္ဂါနေ့တွင်၊ ကျောက်ဆည်ခရိုင်၊ အိုးတုတ်ကုန်းရွာ၌၊ မထွေးလေးကို ဖွားမြင်ခဲ့လေသည်။ ငယ်မည်မှာ ခင်ထွေးဖြစ်၏။ အသားညိုညို အရပ်ပျပ်ပျပ်၊ ကုလားဆင်ရှိသော ခင်ထွေး ငယ်စဉ် ၁၁ နှစ်ကျော်အရွယ်ကပင် ဖခင်က မိမိ၏သမီး အဆိုအက ဝါသနာပါသည်ကို သိရှိသဖြင့်၊ အဆိုအကပညာကို လေ့လာစေခဲ့ရာ၊ ရနောင်မင်းသား ကြားသိတော်မူ၍ အသက် ၁၂ နှစ်အရွယ်၌ စံအိမ်တော် သို့ ခေါ်ဆောင်သွားကာ များမကြာမီ ထိုမင်းသားကြီး ကောက်ယူတော်မူခြင်းကို ခံရလေသည်။
ရနောင်မင်းသားသည် မှုပြစ်မကင်း၍၊ ကြေးတိုက်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းကို ခံရသည်တွင်၊ မိမိကိုယ်ကို ကတ်ကျေးဖြင့်ထိုး၍ အဆုံးစီရင်ပြီးသည့် နောက်၊ ခင်ထွေးသည် ဇာတ်မင်းသား ဦးဘိုးကွန်းနှင့် တွဲဘက်ကပြနေစဉ်၊ ၁၂၄၈-ခုနှစ်လောက်တွင် ဦးဘိုးကွန်းနှင့် လက်ဆက်ထိမ်းမြားခဲ့၏။ နှစ်အနည်းငယ် အတွင်းမှာပင် ဦးဘိုးကွန်း ကွယ်လွန်သွားပြန်သဖြင့်၊ ဇာတ်မင်းသား အီကင်း ဦးမောင်ကြီးနှင့် လက်ဆက်ပြန်ပြီးလျှင် ယင်းနှင့်ပင် တွဲ၍ကပြကာ မြန်မာပြည်တဝန်းလုံး၌ ကျော်ကြားခဲ့လေသည်။
ငယ်စဉ်ကပင် ရနောင်မင်း၏လက်ထဲသို့ ရောက်ရှိခဲ့သဖြင့်၊ မိမိ၏ခင်ပွန်းများနှင့်တကွ အသက်အရွယ်ကြီး ရင့်သူများက ခင်ထွေးအား 'မယ်ခလေး'ဟု ခေါ်ဝေါ်လေ့ရှိကြသည်။ ဒေါ်ထွေး လေးသည် ယင်းနှင့် မရှေးမနှောင်း နာမည်ထင်ရှားခဲ့သော ဇာတ်မင်းသမီးများဖြစ်ကြသည့် ဒေါ်ကွန်းငုံ၊ ယင်းတော်မလေး၊ ဆင်ခိုးမလေး နှင့် ကိန္နရာပျံတို့ကို ကောင်းစွာမှီလိုက်သူ ဖြစ်လေသည်။
ဒေါ်ထွေးလေးသည် စာရေးဖတ်ခြင်း လုံးဝမတတ်သဖြင့်
မြေဝိုင်းခေတ်တွင် သီချင်းများကို အခြားသူက အလွတ်ရအောင်
နှုတ်ဖြင့်ပို့ချပေးခဲ့ရလေရာ၊ ဉာဏ်အလွန်ထက်မြက်လှသည်ဟုဆို၏။ ဇာတ်ခုံပေါ်တွင် ကားလိပ်ဖြင့် ကပြသောခေတ်သို့ ရောက်သောအခါ၌၊ ကားလိပ်ကြားမှ 'စာပိုး'က သီချင်းစာ
များကို ထောက်၍ပေးရသည်ဟု ဆိုလေသည်။ အဆိုအကကိုမူကား ကျွမ်းကျင်လှသဖြင့်၊ နာမည်အလွန် ကျော်ကြားခဲ့လေသည်။ ဒေါ်ထွေးလေးသည် လက်ညှိုးကလေးကို ကိုက်၍မူကာ ကတတ်သည်ဟု ဆိုလေသည်။ ဒေါ်ထွေးလေးငယ်စဉ်က ထူးချွန်ခဲ့သော ကကြိုးမှာ၊ ကိန္နရာကနှင့် အရုပ်ကြိုးကများဖြစ်၏။
သီချင်းဆိုရာ၌ မေးဝဲ မေးရိုက်တို့တွင် ဒေါ်ထွေးလေးကို မှီအောင်လိုက်နိုင်သူ မရှိသလောက်ပင် ဖြစ်တော့သည်။ ထို့ပြင် အသံနေအသံထား၊ ဆိုပုံ ပြောပုံ၊ လေယူလေသိမ်းမှာ၊ မဒီကိုင် ဆရာပုနှင့် ခွဲခြားမရလောက်အောင်ပင် တူလှသည်ဟု ဆိုလေသည်။ နောက်ပေါက် ဇာတ်မင်းသမီးများထဲတွင် ဒေါ်ထွေးလေးထံမှ ပညာဆည်းပူး တပည့်ခံသူများ၍၊ နိုင်ငံကျော် ဇာတ်မင်းသမီးများ ဖြစ်လာကြသည်။ အမေထွေးတပည့်မဟုတ်လျှင်၊ မင်းသမီးရာ မဝင်သလောက် အထင်သေးကြလေသည်။ ဒေါ်ထွေးလေး ကပြသောဇာတ်များအနက်၊ လူကြိုက်အများဆုံးမှာ 'မယ်ပဋာ မောင်ဒါသဇာတ်'ဖြစ်၏။ သားသေလင်ဆုံး၊ လူလုံးမလှ အပူလုံးကြွ၍၊ အရူးမဖြစ်သွားသော အခန်းမှာ၊ သူမတူအောင် သရုပ်ပါလှသည်။ ဒေါ်ထွေးလေး၏ လူကြိုက် များသော အခြားဇာတ်ထုပ်တစ်ခုမှာ 'သုဓနု ဒွေးမယ်နော်' သို့မဟုတ် 'မယ်ရတ္ထငွေတောင်ပြည်ပျံခန်း'ဖြစ်ရာ ကိန္နရာက ကောင်းလှသော ဒေါ်ထွေးလေးနှင့် မယ်ရတ္ထငွေတောင်ပြည် ပျံခန်းမှာ ကြည့်မငြီးစေသည့် စခန်းတွင်၊ အလွမ်းနှင့် ဖိထောင်း ပြန်လေသည်။
ခင်ပွန်းသည် အီကင်းဦးမောင်ကြီးသည် ဒေါ်ထွေးလေးနှင့် ၁၅ နှစ်မျှ ပေါင်းသင်းရပြီးနောက်၊ ကွယ်လွန် အနိစ္စရောက် သွားပြန်သဖြင့်၊ လင်သည် အီကင်းဦးမောင်ကြီးအား ရည်စူး၍၊ မန္တလေးတောင်ခြေရှိ မဟာခေမိကာရာမသစ်ဆိမ့်တိုက် အတွင်း၌ သီတင်းသုံးတော်မူသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘုရားအား ခုနစ်ဆောင်ရှိ ကျောင်းကို ဆောက်လုပ်လှူဒါန်း၍ ဉာဏ်တော် ၃၇ တောင်ရှိသော လောကတန်ဆောင်စေတီကို တည်ထားပူဇော်ခဲ့လေသည်။ အီကင်း ဦးမောင်ကြီးရှိစဉ်က မလွန်းမယ်အမည်ရှိ မိန်းမငယ်တစ်ဦးကို မွေးစားခဲ့ရာ၊ ငယ်ရွယ်စဉ်ကပင် အနိစ္စရောက် ခဲ့လေသည်။
အီကင်းဦးမောင်ကြီး ကွယ်လွန်အနိစ္စရောက်သွားသည့်နောက် ဒေါ်ထွေးလေးသည် အင်းဝ၊ ဇီးကန်တောင်ပြုံးသူကြီး ဦးကြာညိုနှင့် လက်ဆက်ပေါင်းသင်းပြန်ရာ အသက် ၆၁ နှစ်အရွယ်လောက်တွင်၊ ဦးကြာညို၏ လက်တွင်း၌ပင် အနိစ္စရောက်သွားလေသည်။
ဒေါ်ထွေးလေးသည် အဆိုအကတွင်သာ အထူးကျွမ်းကျင်သည်မဟုတ်၊ တူရိယာအတီးအမှုတ်၌လည်း ပတ္တလား၊ စောင်း၊ မိကျောင်းနှင့် ဘာဂျာတို့ကို အနည်းငယ်စီ တီးနိုင်သည်ဟု ဆိုလေသည်။ ယင်းနှင့်တွဲခဲ့သော ဆိုင်းအဖွဲ့များမှာ ဆရာညိုနှင့် ဆရာစိမ့်တို့ ဖြစ်ပြီးလျှင်၊ လူရွှင်တော်များမှာ ဦးစကားဝါ၊ ဦးပိန်ညှောင်နှင့် ကျားဦးဘတုတ်တို့ဖြစ်လေသည်။ ဒေါ်ထွေးလေး နှင့် တခေတ်တည်း ပေါ်ထွက်ခဲ့သော ဇာတ်မင်းသမီးများမှာ မစိန်ဝေ၊ မစံရှား၊ မပိုးယုနှင့် မဇော်ရိုက်တို့ ဖြစ်ကြလေသည်။ မြေဝိုင်းခေတ်မှကူးပြောင်း၍ ဇာတ်ခုံနှင့် ကပြခြင်းကို ဦးဘိုးကွန်းနှင့် ဒေါ်ထွေးလေးတို့ပင် ရှေးဦးပထမဇာတ်ပွဲကို ရုံတင်သွင်း ကပြခဲ့ကြလေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)