[၁] ထင်ရှားကျော်ကြား, အခြံရံများ, လူအပေါင်းက သူတော်ကောင်းဟု သမုတ် ထားကြသော တိတ္ထိဆရာကြီး (၆)ဦးက “အနုတ္တရသမ္မာသမ္ဗောဓိကို သိသူဟု ဝန်မခံကြပဲ ရဟန်းပြုသစ်စ ရဟန်းငယ်မျှသာဖြစ်သော အရှင်ဂေါတမက “အနုတ္တရ သမ္မာသမ္ဗောဓိ”ကို ထိုးထွင်းသိမြင်သူဟု ဝန်ခံမှုနှင့်စပ်လျဉ်း၍ ကောသလဘုရင်၏ မေးမြန်းလျှောက်ထားမှုနှင့်ဆက်စပ်၍ မင်းသား, မြွေ, မီး, သီလရှိသော ရဟန်း ဟူသည် ငယ်သည် (အနည်းငယ်)ဟု အထင်မသေးသင့်ပုံ၊ မထေမဲ့မြင် မပြုသင့်ပုံ၊ အပြစ်လုပ်လျှင် အပြစ်ရနိုင်ပုံတို့ကို အကျယ်တဝင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ သမ္မောဒနီယ, သာရဏီယအဖွင့်၊ တိတ္ထိဆရာကြီးများ၏ ဂုဏ်ပုဒ်အဖွင့်များ၊ ကပ္ပ, ဗုဒ္ဓ, စက္ကဝတ္တိဟူသော ကောလာဟလသုံးမျိုး အဓိပ္ပါယ်, ဆသတ္တာရတို့ကို ကောသလဘုရင်တွေ့ဆုံပြီး နန်းတော်မှနှင်ထုတ်ခဲ့ပုံ၊ ဗုဒ္ဓဟု ဝန်မခံ ရဲကြပုံ၊ အထင်အမြင်မသေးသင့် မထေမဲ့မြင် မပြုသင့်သော အရာလေးမျိုးနှင့် ဆက်စပ်၍ အကျိုးအပြစ်အစရှိသော ဖွင့်ဆိုချက်အပြည့်အစုံ၊ သရဏဂုံဆောက် တည်ခြင်းဆိုင်ရာ အကျဉ်းဖွင့်ဆို ချက်တို့ကို ဖွင့်ဆိုထားပါသည်။

ဋီကာ၌ ကောသလဘုရင်သည် ဘုရားရှင်၏ ဂုဏ်တော်တို့ကို မသိပဲ မိမိ၏ ခတ္တိယမာန်ဖြင့် ဘုရားရှင်အား ပြောဆိုခဲ့ပုံ၊ သမ္မောဒနီယ, သာရဏီယ ပုဒ်များဖွင့်ဆိုချက်၊ ပီတိနှင့် ပါမောဇ္ဇအထူး ကောသလဘုရင်၏ တိတ္ထိ ဆရာကြီးနှင့် တွေ့ဆုံစဉ် အဖြစ်အပျက်ကြောင့် သမ္မာသမ္ဗောဓိဉာဏ်ကို အယုံအကြည်မရှိမှု အစရှိသော ဖွင့်သင့်သောပုဒ်တို့ကို ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၆၈-၇၀။ သံ၊မြန်၊၁၊၆၇-၉။ သံ၊ဋ္ဌ၊၁၊၁၁၉-၁၂၅။ သံ၊ဋီ၊၁၊၁၆၉-၁၇၄။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၃-ကောသလသံယုတ္တ၊ ပဌမဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ