ဒကိုးတားပြည်နယ်များ ပြင်ဆင်ရန်

အမေရိကန်ပြည်ထောင်စု အလယ်ပိုင်း၏ အနောက်မြောက် ဒေသဖြစ်သော မိဇူးရီမြစ်ဝှမ်းကို မြောက်ဒကိုးတားနှင့် တောင် ဒကိုးတားဟူ၍ ပြည်နယ်နှစ်နယ် ခွဲခြားထားသည်။ မြောက် ဒကိုးတားပြည်နယ်မှာ အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၇ဝ၆၆၅ ကျော်ရှိ၍ ၁၉၅ဝ ပြည့်နှစ်တွင် လူဦးရေ ၆၁၉၆၃၆ ယောက်ရှိသည်။ ထိုနယ်သည် မြေဩဇာကောင်းမွန်သဖြင့်၊ စိမ်း စိုသော မြက်ခင်းပြင်ကြီးများနှင့် ဂျုံခင်းများရှိသည်။ မြောက် ဒကိုးတားပြည်နယ်၏ မြို့တော်မှာ ဗစ်ဇမတ်မြို့ဖြစ်၍ လူဦးရေ ၁၈၆၄ဝ ရှိသည်။

တောင်ဒကိုးတားပြည်နယ်မှာ အကျယ်အဝန်း ၇၇ဝ၄၇ စတုရန်းမိုင်ရှိ၍၊ မြောက်ဒကိုးတားပြည်နယ်ထက် ပိုမိုကျယ်ဝန်း လေသည်။ လူဦးရေမှာ ၁၉၅ဝ ပြည့်နှစ်တွင် ၆၅၂၇၄ဝ ခန့် ဖြစ်သည်။ မြောက်ဒကိုးတားနယ်မှ ဂျုံခင်း မြက်ခင်းကြီးများ သည် တောင်ဘက်နယ်အထိ ဆက်လက်ကျယ်ပြန့် တည်ရှိကြ ၏။ ထိုနယ်တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပြင်၊ သတ္တု တူးဖော်သော လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြ၏။ ရွှေတွင်း လုပ်ငန်းမှာ အရေးပါအရာရောက်ဆုံးသော လုပ်ငန်းဖြစ်သည်။ တောင်ဒကိုးတားပြည်နယ်၏ မြို့တော်မှာ ပီးယာဖြစ်၍ လူဦးရေ ၄၃၂၂ ယောက်ရှိသည်။ ထိုနယ်တွင် အကြီးဆုံးမြို့မှာ ဆူးဖော ဖြစ်၍၊ လူဦးရေ ၅၂၆၉၆ ရှိလေသည်။

ဒကိုးတားပြည်နယ်ကို ဦးစွာရှာဖွေရောက်ရှိသော ဥရောပ တိုက်သားတို့ကား ပြင်သစ်လူမျိုး သားအဖသုံးဦး ဖြစ်သည်။ ယင်းတို့သည် မြောက်အမေရိကမှ ပစိဖိတ်သမုဒ္ဒရာသို့ သွားရာ လမ်းကြောင်းကို ရှာဖွေရန်အလို့ငှာ ခရီးထွက်ခဲ့ရာ၊ ဒကိုးတား မြောက်ပိုင်းနယ်သို့ ရောက်ရှိခဲ့ကြသည်။ ထိုနယ်သို့ ရောက် သောအခါ အဖဖြစ်သူသည် သားနှစ်ဦးအား ခရီးဆက်လက်၍ နယ်သစ်ရှာဖွေစေရာ၊ သားနှစ်ဦးသည် တောင်ဒကိုးတားနယ်သို့ ရောက်ခဲ့၍၊ ထိုနယ်ကို ပြင်သစ်တို့ပိုင်ကြောင်းဖြင့် ခဲပြားပေါ် တွင် စာတမ်းထိုးကာ ထားရစ်ခဲ့ကြသည်။ ထိုစာတမ်းကို ၁၉၁၃ ခုနှစ်ကျမှ တွေ့ရှိ၍၊ ဒကိုးတားနယ်သမိုင်းကို ကောင်း စွာသိကြရသည်။ ထိုနယ်တွင် မူလက မှီတင်းနေထိုင်ကြသူတို့ မှာ ဆူးလူမျိုးဖြစ်ကြသည်။ နယ်သစ်ရှာသူတို့သည် ထိုလူမျိုး တို့နှင့် အကြိမ်ကြိမ် စစ်ခင်းပြီးမှသာ နောက်ဆုံး ၁၈၆၁ ခုနှစ် တွင် ဒကိုးတားနယ်ကြီးကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၈၈၉ ခုနှစ် တွင် ဒကိုးတားနယ်ကြီးကို တောင်ဒကိုးတားပြည်နယ်နှင့် မြောက်ဒကိုးတားပြည်နယ်ဟူ၍ ခွဲခြားပြီးလျှင်၊ အမေရိကန် ပြည်ထောင်စုထဲသို့ သွတ်သွင်းခဲ့ကြလေသည်။ ဒုတိယကမ္ဘာ စစ်အတွင်းတွင် ဒကိုးတားနှစ်နယ်စလုံးသည် စိုက်ပျိုးရေးနှင့် သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းတို့ကို စစ်အတွက် ပိုမိုလုပ်ကိုင်ခဲ့ ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)