ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)

ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)သည် ဒီဇယ်စက်ခေါင်း၊ လူစီးတွဲနှင့် ကုန်တွဲများ မွမ်းမံထိန်းသိမ်းနိုင်ရန် အတွက် မြန်မာ့ မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ ဖွင့်လှစ်ထားသော စက်ရုံကြီး ၃ ရုံအနက်မှ တစ်ခုဖြစ်သည်။ မြန်မာ့မီးရထား၏ လိုအပ်ချက်အရ ဒီဇယ်စက်ခေါင်းစက်ရုံ၊ ရွာထောင် အနေဖြင့် ဒီဇယ်ဟိုက်ဒြောလစ် စက်ခေါင်းများသာမက ဒီဇယ်လျှပ်စစ် စက်ခေါင်းများကိုလည်း ပြုပြင်ပေးလျက်ရှိသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

မြန်မာ့မီးရထားသည် ၁၉၅၈-ခုနှစ်တွင် ဒီဇယ်စက်ခေါင်း(၆)လုံးကို စတင်ဝယ်ယူ၍ အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံ ရထားပို့ဆောင်ရေးသမိုင်းတွင် ဒီဇယ်ရထားကဏ္ဍအသစ်တစ်ရပ် ဖွင့်လှစ် ခဲ့သည်။ ထိုအချိန်မှစ၍ ရေနွေးငွေ့စက်ခေါင်းများနေရာတွင် ဒီဇယ်စက်ခေါင်းများကို ဝယ်ယူ အစားထိုးအသုံးပြုလာခဲ့ရာမှ နောက်ပိုင်း စက်ခေါင်း အရေအတွက် များပြားလာချိန်တွင် အင်းစိန် စက်ခေါင်းစက်ရုံ တစ်ခုတည်းဖြင့် ပြင်ဆင်နိုင်စွမ်း မရှိတော့၍ ဒီဇယ်လျှပ်စစ် စက်ခေါင်းများကို အင်းစိန်စက်ရုံ၌လည်းကောင်း၊ ဒီဇယ်ဟိုက်ဒြောလစ်စက်ခေါင်းများကို ရွာထောင်၌ စက်ခေါင်းစက်ရုံ တည်ဆောက်၍လည်း ကောင်းပြင်ဆင်ရန်စီစစဉ်ခဲ့ပြီးနောက် ၁၉၆၉ ခုနှစ်တွင် ရွာထောင် ဒီဇယ်စက်ခေါင်းပြင်စက်ရုံတည်ဆောက်ရေး စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ခဲ့သည်။ ရွာထောင် ဒီဇယ်စက်ခေါင်းပြင်စက်ရုံကို ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၇၅ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင်ပြီးစီးကာ ၁၉၇၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကနဦးရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အဆောက်အဦတန်ဖိုး ကျပ်ငွေ ၂၄.၈၀ သန်းနှင့် စက်ကိရိယာတန်ဖိုး ကျပ်ငွေ ၂၇.၀၀ သန်း၊ စုစုပေါင်းတန်ဖိုး ကျပ်ငွေ ၅၁.၈၀ သန်းရှိသည်။ [၁]

တည်နေရာနှင့် အကျယ်အဝန်း ပြင်ဆင်ရန်

ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)သည် စစ်ကိုင်းမြို့ မြောက်ဘက်၊ ရွာထောင်ရွာ အရှေ့ဘက်၊ မီးရထားရပ်ကွက်နယ်မြေ မင်းဝံတောင်ခြေတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ အလျား (၂၅၀၀)ပေ၊ အနံ(၇၅၀)ပေ (၄၃.၀၄ ဧက)ရှိပြီး လူနေအိမ်အပါအဝင် စက်ရုံနယ်နိမိတ်မှာ ၂၉၂.၉၀ ဧကရှိသည်။[၁]

စက်ရုံတွင်ပါဝင်သော အဆောက်အဦများ ပြင်ဆင်ရန်

အုပ်ချုပ်မှုပိုင်းဆိုင်ရာ အဆောက်အဦများ

  • စက်ရုံမန်နေဂျာရုံး
  • အချိန်မှတ်ရုံး
  • ရထားစက်မှုသင်တန်းကျောင်း

ပြုပြင်မှုပိုင်းဆိုင်ရာ အဆောက်အဦများ

  • ရေဆေးရုံ
  • ဆေးသုတ်ရုံ
  • ဘီးခုတ်ရုံ
  • ပင်မစက်ရုံကြီး
    • ဖြုတ်ဆင်ရုံ
    • ဒီဇယ်လျှပ်စစ်ရုံ
    • အရန်စက်ငယ်ရုံ
    • ကိုယ်ထည်ရုံ
    • အအေးပြုရုံ
    • ဘိုဂီရုံ
    • အင်ဂျင်ရုံ
    • ထရန်စမစ်ရှင်းရုံ
  • လျှပ်စစ်ဓာတ်အားပေးရုံ
  • အင်ဂျင်စမ်းသပ်ရုံ
  • မော်တော်ယာဉ်ရုံ

ထုတ်လုပ်မှုပိုင်းဆိုင်ရာ အဆောက်အဦများ

  • တွင်ရုံ
  • ပန်းပဲနှင့်သံဖြူရုံ
  • ပုံသွန်းရုံနှင့်စက်တည်စက်ပြင်ရုံ
  • လျှပ်စစ်ရုံ
  • ပင်မပစ္စည်းသိုလှောင်ရုံ
  • ကုန်ကြမ်းသိုလှောင်ရုံ

ရည်မှန်းချက်တာဝန် ပြင်ဆင်ရန်

ဒီဇယ်စက်ခေါင်းစက်ရုံ၊ ရွာထောင်၏ ရည်မှန်းချက်တာဝန်များမှာ

  • ဒီဇယ်စက်ခေါင်းများအား အကြီးတန်း(M-8)မွမ်းမံပြင်ဆင်ရန်၊
  • ဒီဇယ်စက်ခေါင်းများအား အကြီးတန်းတစ်ဝက် (M-7)မွမ်းမံပြင်ဆင်ရန်၊
  • ဒီဇယ်စက်ခေါင်းများအား အလတ်တန်း(NR) ပြုပြင်ရန်၊
  • စက်ခေါင်းနှင့်တွဲအရန်ပစ္စည်းများထုတ်လုပ်ရန်၊
  • မြန်မာ့မီးရထား၊ စက်မှုနှင့်လျှပ်စစ်ဝန်ထမ်းများအား အခြေခံ နှင့် အဆင့်မြင့် စက်မှု နည်းပညာများ၊ လျှပ်စစ်နည်းပညာများနှင့် ဂဟေသင်တန်းများကို စနစ်တကျ လေ့ကျင့် သင်ကြားပေးရန်၊
  • သံလမ်းပြေးယာဉ်များ၊ စက်ခေါင်းများ တည်ဆောက်ရန် တို့ဖြစ်သည်။[၁]

စက်ရုံဖွဲ့စည်းမှု ပြင်ဆင်ရန်

စက်ရုံ အထွေထွေမန်နေဂျာတစ်ဦး ပါဝင်သော အရာရှိ၊ ကြီးကြပ်ရေးဝန်ထမ်း၊ အခြားဝန်ထမ်းများကို ခန့်ထား၍ လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဖွဲ့စည်းပုံအင်အားနှင့် လက်ရှိခန့်အပ်ပြီး ဝန်ထမ်း အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

ရာထူး ခွင့်ပြု ခန့်အပ် လို
အရာထမ်း ၁၆ ၁၀
ကြီးကြပ်ရေးဝန်ထမ်း ၈၃ ၈၀
အခြားအဆင့်ဝန်ထမ်း ၇၈၆ ၅၁၉ ၂၆၇
စုစုပေါင်း ၈၈၅ ၆၀၉ ၂၇၆

စက်ခေါင်းများပြည်တွင်း၌တည်ဆောက်ခြင်း ပြင်ဆင်ရန်

ဒီဇယ်စက်ခေါင်းစက်ရုံ၊ ရွာထောင်၌ မြန်မာ့မီးရထား၌ လိုအပ်လျက်ရှိသော စက်ခေါင်းများအား အကြီးတန်းပြုပြင်ခြင်း၊ အလတ်တန်းပြုပြင်ခြင်း စသည့် မွမ်းမံမှုများ ပြုလုပ်သည့်အပြင် အသုံးပြု သက်တမ်း ကြာမြင့်သော စက်ခေါင်းများအား အင်ဂျင်အသစ်တင်ကာ စွမ်းအားမြှင့်တင်ခြင်းလုပ်ငန်း များလည်း ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အသုံးမပြုတော့သည့် စက်ခေါင်းများမှ အရန်ပစ္စည်းများအား ပြုပြင်မွမ်းမံ၍ ဆယ်တင်ပစ္စည်းအဖြစ် ပြန်လည်အသုံးပြုခြင်း၊ အရန်ပစ္စည်းအမယ်သစ်များ တီထွင်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ကာ မြန်မာ့မီးရထားအတွက် လိုအပ်လျက်ရှိသော စက်ခေါင်းငယ်များ၊ ဌာနသုံးသံလမ်းပြေးယာဉ်များ တည်ဆောက်ခဲ့သည်။ ၎င်းတို့မှာ

  • Repower စွမ်းအားဖြည့်တင်းခြင်း
    • DD 901 စက်ခေါင်းအား CAT 3508 အင်ဂျင်ဖြင့် စွမ်းအားဖြည်းတင်းခြင်း
  • ဆယ်တင်ပစ္စည်းများဖြင့် စက်ခေါင်းသစ်များ ဖွဲ့စည်းတည်ဆောက်ခြင်း
    • D1B စက်ခေါင်း(၄)ခေါင်း တည်ဆောက်ခြင်း
    • Diesel Car Loco (DCL) သံလမ်းပြေးယာဉ်(၂)စီး တည်ဆောက်ခြင်း
    • DB 300 HP တွဲရွှေ့စက်ခေါင်း(၄)ခေါင်း တည်ဆောက်ခြင်း
    • Diesel Rail Car (DRC) သံလမ်းပြေးယာဉ်(၂)စီး တည်ဆောက်ခြင်း
  • မြင်းကောင်ရေ ၁၁၀၀ အား ဒီဇယ်အင်ဂျင် (၂)လုံး ပါရှိသော မြင်းကောင်ရေ ၂၂၀၀ အား စက်ခေါင်းများကို မြင်းကောင်ရေ ၁၁၀၀ အားရှိ စက်ခေါင်း (၂)လုံး ရရှိစေရန် ခွဲ၍ တည်ဆောက်ခြင်း
    • ပထမ ၁၁၀၀ မြင်းကောင်ရေအား DD 1102 စက်ခေါင်း အဖြစ် ပြောင်းလဲ တည်ဆောက်ခြင်း
    • ဒုတိယ ၁၁၀၀ မြင်းကောင်ရေအား DD 912 စက်ခေါင်းအဖြစ် ပြောင်းလဲ တည်ဆောက်ခြင်း
    • တတိယ ၁၁၀၀ မြင်းကောင်ရေအား DD 908 စက်ခေါင်းအဖြစ် ပြောင်းလဲ တည်ဆောက်ခြင်း
  • အသေးစား အပေါ့စား စက်ခေါင်းများနှင့် သံလမ်းပြေးယာဉ်များ တည်ဆောက်ခြင်း
    • LRBE (Loco Rail Bus Engine)ခရီးတို စက်ခေါင်း(၈)ခေါင်း တည်ဆောက် ခြင်း
    • DAL သံလမ်းပြေးယာဉ်(၈)စီး တည်ဆောက်ခြင်း
    • MCA သံလမ်းပြေးယာဉ်(၂)စီး တည်ဆောက်ခြင်း
    • RGC သံလမ်းပြေးယာဉ်(၆)စီး တည်ဆောက်ခြင်း
    • EMC သံလမ်းပြေးယာဉ်(၃)စီး တည်ဆောက်ခြင်း
    • DMU ဒီဇယ်ရထားတွဲဆိုင်း (၅)ဆိုင်း တည်ဆောက်ခြင်း
    • လုပ်ငန်းသုံးဂျစ်ကား(၃)စီး တည်ဆောက်ခြင်း တို့ဖြစ်သည်။[၁]

ရထားစက်မှုသင်တန်းကျောင်း ပြင်ဆင်ရန်

ဒီဇယ်စက်ခေါင်းစက်ရုံ စတင်လည်ပတ်ချိန်တွင် အနောက်ဂျာမဏီ၌ ပညာသင်ကြားခဲ့သော အရာထမ်း၊ အမှုထမ်းများကို အမာခံထား၍ မြန်မာပြည်အရပ်ရပ်မှ လုပ်သားများနှင့် ဆောင်ရွက်ခဲ့ရာ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်နိုင်ရန် အနောက်ဂျာမဏီနိုင်ငံ (ဂျီတီဇက်) (GTZ) အထောက်အပံ့ဖြင့် ရထားစက်မှုသင်တန်းကျောင်းကို တည်ဆောက်ခဲ့ရာ ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ရွာထောင် ဒီဇယ်စက်ရုံအတွက်သာမက မြန်မာ့မီးရထားဌာနအတွက်ပါ ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်နိုင်ခဲ့သည်။[၁]

နှစ်နိုင်ငံစတင်ဆွေးနွေးသည့်နေ့ ၇.၆-၁၉၇၇
စာချုပ်လက်မှတ်ရေးထိုးသည့်နေ့ ၁၃.၇.၁၉၇၉
အဆောက်အဦပြီးစီးသည့်နေ့ ၃၁.၁၀.၁၉၈၀
စက်ကိရိယာများတပ်ဆင်သည့်နေ့ ၃၁.၃.၁၉၈၁
စတင်ဖွင့်သောနေ့ ၂၄.၁၀.၁၉၈၁
မြန်မာ့မီးရထားသို့လွှဲပြောင်းသည့်နေ့ ၁၀.၄.၁၉၈၇

ရထားစက်မှုသင်တန်းကျောင်းတွင် အောက်ပါအတိုင်း သင်တန်းဌာန(၄)ခုထားရှိကာ အခြေခံနှင့် အဆင့်မြင့်သင်တန်းများ ပို့ချပေးလျက်ရှိသည်။

  • အခြေခံ/အဆင့်မြင့်စက်ဆင်သင်တန်း
  • အခြေခံ/အဆင့်မြင့်စက်ကိုင်သင်တန်း
  • အခြေခံ/အဆင့်မြင့်ဂဟေသင်တန်း
  • အခြေခံ/အဆင့်မြင့်လျှပ်စစ်သင်တန်း

စက်မှုနှင့်လျှပ်စစ်ဌာနခွဲ လက်အောက်ရှိ ဝန်ထမ်းများအား အခြေခံနှင့် အဆင့်မြင့် သင်တန်းများ သင်ကြားပို့ချခဲ့ရာ ယနေ့အထိ သင်တန်းသား စုစုပေါင်း (၄၉၄၂)ဦး ပို့ချပေးခဲ့ပြီးဖြစ်သည်။[၁]

ရွာထောင်စက်ရုံမှ ထူးခြားသည့်ဆောင်ရွက်ချက်များ ပြင်ဆင်ရန်

ဒီဇယ်စက်ခေါင်းစက်ရုံ၊ ရွာထောင်မှ သာသနာရေးဆိုင်ရာ လုပ်ငန်းများတွင် ထူးခြားစွာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]

  • အဘယလာဘမုနိ ရုပ်ပွားတော်ကြီး ပင့်ဆောင်နိုင်ရေး အသုံးပြုရန် ယာဉ်တော်ကြီး တည်ဆောက်ခြင်းနှင့် ပါဝင်ပင့်ဆောင်ပေးခဲ့ခြင်း၊

ရွာထောင် ဒီဇယ်စက်ခေါင်းစက်ရုံ အနေဖြင့် နိုင်ငံတော်အကြီးအကဲ နှင်‌့ ရထားပို့ဆောင်ရေးဝန်ကြီး၏ တာဝန်ပေးချက်အရ မတ္တရာမြို့နယ်၊ စကျင်တောင်မှ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်နိုင်ရန် တန်(၆၀၀) အလေးချိန်ခံနိုင်သည့် ယာဉ်တော်ကြီး တည်ဆောက်ခြင်းနှင့် ရုပ်ပွားတော်မြတ်ကြီးအား မတ္တရာမြို့နယ်၊ စကျင်တောင် မှ ရန်ကုန်မြို့နယ် အင်းစိန်ကြို့ကုန်းရှိ မင်းဓမ္မကုန်းတော် အရောက် ပင့်ဆောင်ရာတွင် လိုက်ပါ၍ ၂၀၀၀ ပြည့်နှစ်တွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။

  • ကံတလူဓမ္မစကြာ ရုပ်ပွားတော်ကြီး ပင့်ဆောင်နိုင်ရေး ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊

ဒီဇယ်စက်ခေါင်းစက်ရုံ၊ ရွာထောင် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ တာဝန်ပေးချက်အရ မတ္တရာမြို့နယ်၊ စကျင်တောင်မှ စစ်ကိုင်းမြို့နယ်၊ ကံတလူဘုရား ပရဝုဏ်သို့ ဓမ္မစကြာ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ဆောင်နိုင်ရေးအတွက် ပါဝင်၍ ၂၀၀၃ ခုနှစ်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

အကိုးအကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)။ မြန်မာ့မီးရထား။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။