ဒီးဒုတ် ခင်မြိုင် (၁၉၁၉-၁၉၈၉) သည် မြန်မာနိုင်ငံသား သဘင်အနုပညာရှင် ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

ပဲခူးတိုင်း ကဝမြို့နယ် ပေါက်ကုန်းရွာနေ ဦးပု ဒေါ်အေးဆိုင်တို့မှ ၁၉၁၉ ခု၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် မွေးသည်။ ငယ်မည်မှာ မထွေးဖြစ်သည်။ [၁]

အနုပညာခရီး ပြင်ဆင်ရန်

မိခင်ဘက်၌ ဒေါ်စိန်ချယ် ဒေါ်သောင်း စသော နာမည်ကြီး မင်းသမီးများရှိသည်။ အသက် ၁၂ နှစ်ကျော်အရွယ်ကပင် ခေါင်းဆောင်မင်းသမီး ဖြစ်လာသည်။

အောင်ဗညိုကဲ့သို့ မီးစလွယ်အကကိုလည်းကောင်း၊ ဗန္ဓုလကျော်စိန်ကဲ့သို့ ဓားသုံးချောင်းအကကိုလည်းကောင်း မင်းသားများနည်းတူ ကနိုင်သည့်အတွက် လူသိများသည်။ အငှားများသော အရပ်များမှာ ဧရာဝတီတိုင်းတခွင်နှင့် ထားဝယ်မြို့တို့ ဖြစ်သည်။

ဘုရင်ခံဧည့်ခံပွဲတွင် အခြားအငြိမ့်များနှင့်အတူ အပြိုင်ကရရာ ရွှေတံဆိပ်ရသည်။ ထိုပွဲတွင် ဒီးဒုတ် ဦးဘချိုက ဒီးဒုတ်ခင်မြိုင်ဟု ဘွဲ့ပေးသည့်အတွက် နောင်လည်း ထိုအမည်ကိုယူလေသည်။

တက်လူတင်ရွှေဇာတ်တွင် ကနေစဉ် အိမ်ထောင်ကျသွားသော မင်းသမီး အောင်သန်းကြည်က ကိုယ်စားကပေးရန် တောင်းပန်သဖြင့် ထိုဇာတ်တွင် ရှစ်လကြာ ကသည်။

ဦးအလီထံ၌ သီချင်းကြီး အဆိုသင်ကာ ဗြိတိသျှဘားမားတိုက်တွင် သီချင်းများ ဓာတ်ပြားသွင်းဖူးသည်။

အိမ်ထောင်ကျသည့်နောက် အနုပညာအလုပ်ကို လုံးဝရပ်နားလိုက်သည်။

မိသားစုဘဝ ပြင်ဆင်ရန်

ဗိုလ်ကြီး မောင်မြနှင့် လက်ထပ်ကာ ကျိုက်လတ်မြို့တွင် အခြေချသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၁၉၈၉ မတ်လ ၂၃ ရက်တွင် ရန်ကုန်အနောက်ပိုင်းဆေးရုံ၌ နှလုံးအားနည်း သွေးတိုး ပန်းနာရင်ကျပ်ရောဂါစုဖြင့် လွန်သည်။

ကိုးကား ပြင်ဆင်ရန်

  1. စောမုံညင်း။ "အငြိမ့်မင်းသမီး ဒီးဒုတ်ခင်မြိုင်"၊ လုပ်သား ပြည်သူ့နေ့စဉ်။ ၁၉၈၉ စက်တင်ဘာ ၁၇။