အမှု—အခြားရဟန်း၏ ဒုဋ္ဌုလ္လအာပတ်ကို ဖုံးထားမှု။

အမှုသည်—ရဟန်းတပါး။


ဒုဋ္ဌုလ္လအာပတ်ကို ဖုံးထားမှု။ ။

ရှင်ဥပနန္ဒသည် သုက္ကဝိဿဋ္ဌိအမှုကြောင့် သံဃာဒိသေသ် အာပတ်သင့်၍ ထိုအာပတ်ကို နောင်တော်၏တပည့်ထံ ဒေသနာပြောပြီးလျှင် “မာ ကဿစိ အာရောစေဟိ ဘသူ့မှ မပြောလိုက်ပါနှင့်”ဟု နှုတ်ပိတ်ထား၏၊ ထိုရဟန်းကလည်းအာပတ်၏ အကြောင်းကို ကောင်းကောင်း မသိရှာသဖြင့် ဘသူ့မှ မပြောမိချေ၊ ထို့နောက် အခါတပါး၌ အခြားရဟန်းတပါးသည် ထိုသုက္ကဝိဿဋ္ဌိ သံဃာဒိသေသ် အာပတ်ကြောင့် ပရိဝတ်ဆောက်တည်နေ၏။ (ထိုကျင့်ဝတ်၏ ထုံးစံမှာ တွေ့ရာမြင်ရာ ရဟန်းများကို မိမိပရိဝတ်နေကြောင်း ပြောပြရ၏၊ ထို့ကြောင့်) ထိုနှုတ်ပိတ်ခံရသော ရဟန်းကိုမြင်၍ ပရိဝတ်နေကြောင်း ပြောပြသောအခါ...[၁]

နှုတ်ပိတ်ခံရသောရဟန်း။ ။ ဘယ်နှယ်လဲ, ဒီအာပတ်မျိုး သင့်သူမှန်လျှင် ဒီလိုချည်း ဝတ်ဆောက်တည်ရသလား။

ဝတ်ဆောက်တည်သောရဟန်း။ ။ ဟုတ်ပါတယ်။

နှုတ်ပိတ်ခံရသောရဟန်း။ ။ ရှင်ဥပနန္ဒ ကတော့ ဒီလို အာပတ်သင့်ပြီး “ဘသူ့မှ မပြောလိုက်ပါနှင့်” ဟု နှုတ်ပိတ်ထားတယ်။

ဝတ်ရဟန်း။ ။ ကိုယ်တော်က ဘသူ့မှမပြောဘဲ ဖုံးထားသလား။

နှုတ်ပိတ်ရဟန်း။ ။ ဟုတ်ပါတယ်။

ဤအကြောင်းကို ဗုဒ္ဓရှင်တော်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရသည်၊ ဤသိက္ခာပုဒ်၌ ဒုဋ္ဌုလ္လအာပတ်ဟူသည် သံဃာဒိသေသ်အာပတ် သာတည်း၊ “ဖုံးထားခြင်း” ဟူရာ၌လည်း အာပတ်သင့်သူကို အပြစ်တင်ကြမှာ စိုး၍ ကဲ့ရဲ့ရှုံ့ချခံရမှာစိုး၍ မျက်နှာပျက်မှာ စိုး၍ ဂုဏ်ငယ်သွားမှာ စိုး၍ ငဲ့ညှာသော အားဖြင့်ဖုံးထားခြင်းတည်း၊ ထိုသို့ဖုံးထားသူမှသာ ဤသိက္ခာပုဒ်အရ အာပတ်သင့်၏” ထိုသို့ ငဲ့ညှာ၍မဟုတ်ဘဲ “သူ့ကံနှင့်သူဖြစ်လိမ့်မည်” စသော သဘောရိုးဖြင့် သူတပါးအား တဆင့်မပြောသူမှာ အာပတ်မသင့်ပါ။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု ဘိက္ခုဿ ဇာနံ ဒုဋ္ဌုလ္လံ အာပတ္တိံ ပဋိစ္ဆာဒေယျ၊ ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင်ရဟန်းသည် ဒုဋ္ဌုလ္လအာပတ်ဟု သိလျက် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ဖုံးထားအံ့၊ ထိုရဟန်း ပါစိတ်အာပတ် သင့်၏။ [၁]

အနာပတ္တိဝါရ ပြင်ဆင်ရန်

ညှာတာလို၍ မဟုတ်ဘဲ “သူ့အပြစ်နှင့် သူ ထင်ရှားလိမ့် မည်”ဟူသော သဘောဖြင့် ဖုံးထားလျှင် အာပတ်မသင့်။ သံဃာ၏ ကွဲပြားခြင်း သော်လည်းကောင်း၊ သံဃာ၏ အရေး ‘အက်ကြောင်း’သော်လည်းကောင်း ဖြစ်လတ္တံ့ဟု နှလုံးပိုက်၍ မပြောကြားအံ့၊ “ဤရဟန်းသည် ခက်ထန်၏၊ ကြမ်းတမ်း၏၊ အသက်၏ အန္တရာယ်ကိုသော်လည်းကောင်း၊ သာသနာတော်၏ အန္တရာယ်ကိုသော်လည်းကောင်း ပြုလတ္တံ့”ဟု နှလုံးသွင်း၍ မပြောကြားအံ့၊ လျောက်ပတ်သော အခြားရဟန်းတို့ကို မမြင်သောကြောင့် မပြောကြားအံ့၊ ဖုံးလွှမ်းရန် အလိုမရှိဘဲ မပြောကြားအံ့၊ အာပတ်မသင့်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
  2. ဦးဩဘာသ။ ဝိနည်းဥပဒေတော်ကြီး